အပတ်စဉ် စာအုပ်အညွှန်းကဏ္ဍ – သူရဲကောင်းတို့ ရာဇဝင်

29513018_1740383166005627_2870609365249675592_n.jpg

အပတ်စဉ် တင်ဆက်ပေးနေကျ စာအုပ်အညွှန်းကဏ္ဍလေး ရောက်ရှိလို့ လာပြန်ပါပြီ။ ဒီတစ်ပတ်မှာတော့ ရိုးရာလေး ပရိသတ်ကြီးအတွက် သမိုင်းနောက်ခံ ဝတ္ထုလေးတွေကို ညွှန်းပေးချင်ပါတယ်။

ပထမဆုံးမိတ်ဆက်ပေးချင်တဲ့ စာအုပ်ကတော့ “ နှင်းကေသရာချစ်တဲ့ သူရဲကောင်း” အမည်ရှိတဲ့ စာအုပ်ပါ။ ဆရာချစ်ဦးညို ရေးသားခဲ့ပြီး ရေးဖူးသမျှထဲတော့ ဆရာစိတ်တိုင်းအကျဆုံးဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီစာအုပ်ထဲမှာ စာဖတ်သူတို့နဲ့ ရင်းနှီးပြီးသားဇာတ်ကောင်တွေ အများကြီး ပါဝင်ပါတယ်။ အဓိက ဇာတ်ကောင်ကတော့ နာမည်ကျော် မွန်သူရဲကောင်းဖြစ်သူ မတ်သံလုံ တစ်ဖြစ်လဲ လဂွန်းအိမ် ပါ။ 

သူရဲကောင်းတွေမြတ်နိုးတဲ့ ရာဇာဓိရာဇ်ဘုရင်ကို အချစ်စမ်းရဲတဲ့ သူရဲကောင်းကြီး မတ်သံလုံ – သူအချစ်စမ်းပုံကတော့ အားလုံးလည်း သိကြမယ်နဲ့တူပါတယ်။ ဘုရင့်မိဖုရားကို ရမှ စစ်တိုက်မယ်လို့ ကြွေးကြော်ပြီး ငုတ်တုတ်ထိုင်နေတဲ့ မတ်သံလုံ.. အသည်းကောင်းလို့များ ပွဲတောင်းလေသလားပေါ့.. တကယ်တမ်း ရာဇာဓိရာဇ်ဘုရင်က “ရော့ နင်ရချင် ယူဟယ်လို့” ပေးကာမှ ကုန်းကန်တော့ပြီး “မင်းတရားရဲ့ အချစ်ကို စမ်းခြင်းမျှသာ အရှင့်မိဖုရားကို စိတ်နဲ့တောင် မပြစ်မှားရက်” လို့ဆိုတဲ့ သူရဲကောင်း.. 

သတ္တိဗျတ္တိနဲ့ ပြည့်စုံလွန်းတဲ့ ဒီသူရဲကောင်းကို ဆင်ခြင်ဥာဏ်နဲ့ ထိန်းကွပ်ပေးတဲ့သူက ဘုရင့်လက်စွဲတော် ပညာရှိ မင်းကန်စီ နဲ့ အမတ်စစ်သူကြီး အမတ်ဒိန်၊ လက်စွဲတော်လို့သာဆိုရပါတယ်။ ဘုရင့်သူငယ်ချင်းတွေဆိုရင် ပိုတောင်မှန်ဦးမယ်။ သူရဲကောင်းချင်းကြားက သံယောဇဉ်က သေအတူရှင်မကွာညီရင်းအစ်ကိုတွေလို မဟုတ်လား… ဒါတွေပြီးတော့ လာပါပြီ။ လဂွန်းအိမ်ကို ဆုချတဲ့အနေနဲ့ ရာဇာဓိရာဇ်ကိုယ်တိုင် လက်ဆက်ပေးလိုက်တဲ့ မိန်းကလေး နှင်းကေသရာ.. ဒီသူရဲကောင်းလက်ကိုမှ အပ်နှင်းခဲ့တယ်ဆိုတော့ ဒီမိန်းကလေးဟာ ဘာတွေများထူးခြားနေလို့လဲ? ဟုတ်ကဲ့ သူမလေးကိုယ်တိုင်ကိုက သူရဲကောင်းစစ်သည်လေးမို့ပါ။ သူမချစ်ရသူကို သေစေခဲ့တဲ့ အရီးတော် မဟာဒေဝီဆီမှာ အမုန်းတွေ မျိုသိပ်လို့ အပျိုတော်လုပ်၊ မဟာဒေဝီရဲ့ ချစ်ခြင်းကို ခံယူ၊ မင်းသားဗညားနွဲ့နဲ့ပေါင်းလို့ မဟာဒေဝီကို ပုန်ကန်တဲ့အခါမှ အမုန်းတွေကို ဖြေချခဲ့တဲ့ သူလေးရဲ့ သတ္တိကို လဂွန်းအိမ် ကိုယ်တိုင် လက်ဖျားခါခဲ့ရပြီးတဲ့နောက်မှာတော့…. 

ဒီစာအုပ်ကို ညွှန်းပေးရခြင်းဟာ သူရဲကောင်းတို့ စိတ်ထားကို နားလည်စေချင်လို့ပါ။ “ရန်သူကျွေးသော ထမင်းကိုမစား၊ သို့သော်ရန်သူအားနည်းနေချိန်မှာ မတိုက်လို” ဆိုတဲ့ သူရဲကောင်းတို့ နှလုံးသား၊ ကိုယ့်ဘက်က အနိုင်ရမယ့် စစ်ပွဲမှာတောင် “စစ်အတွင်း ဆိုခဲ့တဲ့ သစ္စာ တည်ရိုးရှိသလော” ဆိုတဲ့ တစ်ခွန်းနဲ့ ဖော်ကျူးသွားခဲ့တဲ့ စစ်သူရဲကောင်းတို့ရဲ့ မြင့်မြတ်တဲ့ စိတ်ထား ၊ နုနွဲ့လှပတဲ့ မိန်းမပျိုလေးရဲ့ ခိုင်ကျည်တဲ့သဘောထားတဲ့ စစ်မက်ကိုမကြောက်၊ တိုက်ရဲခိုက်ရဲတဲ့ သတ္တိနဲ့အစွမ်း ဒါတွေကို “နှင်းကေသရာချစ်တဲ့ သူရဲကောင်း” စာအုပ်ထဲမှာ ကွက်ကွက်ကွင်းကွင်း မြင်ရမှာပါ။

 

ဒုတိယမြောက်ညွှန်းပေးချင်တဲ့ စာအုပ်ကတော့ “ဗိုလ်ရွှေဗြင်” ပါ။ ဆရာမကြီး ယုဝတီ ခင်စိန်လှိုင် ရေးသားခဲ့တဲ့ စာအုပ်ဖြစ်ပြီး ကုန်းဘောင်ခေတ်ရဲ့ အထင်ကရ သူရဲကောင်း ဗိုလ်ရွှေဗြင်ရဲ့ကောက်ကြောင်းကို ထင်းထင်းလင်းလင်း ရေးဖွဲ့ထားတဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။ 

ငယ်ငယ်ကတည်းက လက်ရုံးရည် နှလုံးရည်နဲ့ ပြည့်စုံတဲ့ တောသားလေး မောင်ရွှေဗြင်၊ ရွှေနန်းတော်ကြီးဆီမှာ အမှုထမ်းချင်လွန်းလို့ ဓားပြဗိုလ်နောက်ပါသွားတာတောင် တိုက်ရေးကောင်းလှတဲ့ ဓားပြဗိုလ်ကြီးဆီက ပညာစုံရအောင်ယူခဲ့တဲ့ မောင်ရွှေဗြင်ကလေး၊ ငယ်ချစ်မို့ မိန်းမလေးယူမိပြန်ပါတယ်.. အစကတော့ တော်ပါရဲ့ နောက်ပိုင်း တော်ရုံလူလုပ်တဲ့ လယ်အလုပ်၊ ကိုင်းအလုပ်မလုပ်လို ၊ ဘုရင်မင်းမြတ်ရှေ့မှာမှ အမှုထမ်းလိုတဲ့ ယောက်ျားဖြစ်သူကို ငြိုငြင်လာတဲ့ ချစ်ဇနီး.. မောင်ရွှေဗြင် ရွေးရခက်ချေပြီ။ကဲ.. ငါ့ကိုသာယူထားတယ်။ ငါ့စိတ်ကိုလည်းနားမလည်၊ ငါ့အကြောင်းလည်းမသိ၊ ဒါလောက်ငွေမက်တဲ့မိန်းမ တွေ့ပြီပေါ့ရယ်လို့ ငယ်သွေးကြွနေတဲ့အရွယ် မိုက်စိတ်ကလေးနဲ့ ဓားပြထွက်တိုက်မိပြန်တော့ မိန်းမဆီက မျက်နှာကောင်းတော့ ရလိုက်ပါရဲ့.. တစ်ချိန်ရွှေနန်းတော်ကြီးဆီ ရောက်ကာမှ မနာလိုသူနဲ့တွေ့ ပြန်အဖော်ခံရတော့ ဒုက္ခတစ်ကြိမ်ထပ်ရောက်ရပြန်တဲ့ ဗိုလ်မှူးကလေး ရွှေဗြင်…

 

နန်းတော်ကြီးဆီ ရောက်ပြီး ဘုရင့်ရှေ့ မျက်နှာကောင်းရဖို့လည်း မလွယ်လှပါဘူး။ ကံကောင်းထောက်မစွာနဲ့ အကူအညီပေးမိတဲ့ အမျိုးသမီးကြီးက ဘုရင့်မယ်တော်ဖြစ်နေလို့ နန်းတော်ကို ခေါ်သွင်း၊ ကံဆိုးချင်ပြန်တော့ သူပြချင်လွန်းလှတဲ့ ဓားစွမ်း၊ လှံစွမ်းကမပြရ၊ ပုဂံမင်းအကြိုက်ကိုလိုက်လို့ ပုတ်သင်တိုက်ပွဲ၊ ပုရစ်တိုက်ပွဲ၊ ကြက်တိုက်ပွဲနဲ့သာ မျက်နှာကောင်းရရှာတဲ့ မောင်ရွှေဗြင်။ ဘုရင့်မယ်တော်ကလည်းချစ်၊ ဘုရင့်ဆီကလည်း မျက်နှာကောင်းရတော့ လူမုန်းများရှာပြီ။ ဒီတော့ အမှုဟောင်းဖော်လို့ ချောက်တွန်းကြသပေါ့… အမယ် ပတ္တမြားမှန်ရင် နွံမနှစ်သလိုပေါ့.. ထောင်ကျတာတောင် လူစွမ်းကောင်းလွန်းလို့ ထောင်မှူးရဲ့သမီးလေး မျက်စိကျ ခံရပြန်သကိုး.. ဒါပေမဲ့ ကလေးနှစ်ယောက်အဖေ မောင်ရွှေဗြင်နဲ့ ထောင်မှူးရဲ့သမီး ပင်တိုင်စံကလေး ဘယ်လိုဖြစ်နိုင်မှာပါလိမ့်.. ဆိုတော့ မတတ်သာတဲ့အဆုံး ပြစ်မှုကလည်း မကြီး၊ ချောက်တွန်းမှုကြောင့် ထောင်ကျလာတဲ့ ရွှေဗြင်ကို ထောင်ထဲက လျှော့ရက်နဲ့ လွှတ်ပေးလိုက်ရပါရော… ထောင်ထဲက ထွက်ထွက်ချင်း ဪ.. ငါ့မယားနဲ့ သားတွေကို လွမ်းသဟဲ့လို့ အိမ်အပြန် မယားဖြစ်သူက အလိုက်မသိ ရန်ထောင်၊ စိတ်ညစ်ညစ်နဲ့ ထွက်လာရင်း သူငယ်ချင်းနဲ့တွေ့လို့ ချော်တောငေါ့သွားရာက သူငယ်ချင်းအိမ်မှာ သောင်တင်ရင်း အပျိုချောကလေး အုံ နဲ့ သံယောဇဉ် အမျှင်တန်းမိပါရောလား.. 

ဒါပေမဲ့ ရွှေဗြင့်ရည်မှန်းချက်က တောရွာလေးမှ မဟုတ်ဘဲလေ.. ရွှေနန်းတော်ကြီးမှာ အမှုထမ်းဖို့မဟုတ်လား.. တစ်ကြိမ်နဲ့ မအောင်မြင်တော့လည်း ဒုတိယအကြိမ်၊ တတိယအကြိမ်တွေ ရှိသေးတယ်မဟုတ်လား.. ရွှေနန်းတော်ကို သတင်းပေါက်ဖို့ ကဲ.. ဓားပြထပ်လုပ်သေးတာပေါ့လေ…. ဒီစာအုပ်ကို ညွှန်းပေးရခြင်းကလည်း အပေါ်ကလိုပဲ သူရဲကောင်းတွေရဲ့ သဘောကို ပေါ်လွင်စေချင်လို့ပါ။ လက်ရုံးရည်၊ နှလုံးရည်နဲ့ ပြည့်စုံတဲ့ တောသားကြီး ရွှေဗြင်၊ ပုဂံမင်းသာမက မင်းတုန်းနဲ့ ကနောင်မင်းတို့ကပါ အားထားရတဲ့ ဗိုလ်ရွှေဗြင်၊ သီပေါဘုရင် ပါတော်မူပြီးတာတောင်မှ မျိုးချစ်စိတ်အပြည့်နဲ့ အင်္ဂလိပ်တွေပေးတဲ့ လခကို မယူ၊ ငါ့ဘုရင်ကိုသာ ငါသစ္စာစောင့်သိမယ်။ နင်တို့အမှုငါမထမ်းဆိုတဲ့ သက်တော်ရှည် စစ်သည်ကြီး ဗိုလ်ရွှေဗြင်။ သူ့ရဲ့စိတ်နေစိတ်ထား၊ မျိုးချစ်စိတ်နဲ့ သတ္တိဗျတ္တိကို ဒီစာအုပ်ထဲမှာ အထင်းသား မြင်တွေ့ရမှာပါ။ လူတစ်ယောက်အကြောင်းရေးထားတယ်ဆိုပေမယ့် အတ္ထုပ္ပတ္တိစာအုပ်တွေလို လေးလေးကြီးဖတ်ရမှာမဟုတ်ဘဲ သွက်လက်တဲ့ အရေးအသား၊ အပြောအဆိုတွေကို ပေါ့ပေါ့ပါးပါး ဖတ်ရှုရမှာပါ။

 ကဲ.. မတူညီတဲ့ သမိုင်းနောက်ခံဝတ္ထုနှစ်အုပ်ရဲ့ မတူညီတဲ့ အရသာလေးတွေကို ခံစားရင်း စာအုပ်တွေကြား မွေ့လျော်နိုင်ကြပါစေ။ 

Angelic Demon (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top