Infinity War ကြည့်ပြီးကြသူတွေ ဒုတိယမ္ပိ အသည်းကွဲရမယ့် သတင်း

*Spoiler ပါတာမို့ Infinity War မကြည့်ရသေးသူတွေ မဖတ်ကြဖို့ အရင်ဆုံး ပြောချင်ပါတယ်*

ရုံတင်ထားတာလည်း ကြာပြီမို့ Infinity War ကို အားလုံး ကြည့်ပြီးကြပြီ၊ မကြည့်ရသေးတောင် တီးမိခေါက်မိရှိပြီလို့ ယူဆပါတယ်။ အဲတော့ .. မေးချင်တာက အသည်းများ မကွဲခဲ့ဘူးလားလို့ပါ

ကျွန်တော်တော့ ကွဲတယ်ဗျ… ရုပ်ရှင်ပြီးလို့ Post credit scene ကိုကြည့်ပြီးတာတောင် တော်တော်နဲ့ မထနိုင်ဘူး။ ငုတ်တုတ်မေ့။ ကျွန်တော့်လိုပဲ Super Hero ကြိုက်ကြသူတွေထဲကမှ Infinity War ကို ကြည့်ပြီးတဲ့သူဆိုရင် ဟာတာတာကြီးဖြစ်ကျန်ခဲ့မယ်လို့ ကျွန်တော် ယူဆပါတယ်။ ဖြစ်ကျန်ရလောက်အောင်လည်း အသည်းတွေ ကွဲကုန်အောင် လုပ်ထားသကိုး … ဘယ့်နှယ် ဇာတ်လမ်းက “Avengers” လို့တောင် စာတမ်းမထိုးရသေးဘူး။ လူက အသည်းတွေ ကွဲနှင့်နေပြီ။ ဘယ်လိုတောင် ရက်စက်ကြတာလား :’(

ပြောရရင် ကျွန်တော်တို့မှာ မျှော်လင့်စရာတစ်ခုပဲရှိပါတယ်။ နောက်ထပ်ထွက်လာမယ့် Avengers 4 မှာ ကျွန်တော်တို့ချစ်တဲ့သူတွေ ပြန်ပါလာဖို့ပေါ့။ ဒဲ့ပြောရရင် ပြန်ရှင်လာဖို့ပေါ့… အဲ့မှာ ဒုတိယမ္ပိ အသည်းကွဲဖို့ ဖြစ်လာတော့ပြန်တာပါပဲ။ အကြောင်းက ဒီလိုဗျ.. Avengers : Infinity War ရဲ့ ဇာတ်ညွှန်းရေးသူတွေက ပြောပါသတဲ့.. Infinity War 2 ဖြစ်လာနိုင်တဲ့ Avengers 4 ဟာ ကျွန်တော်တို့ မျှော်လင့်ထားသလို ဖြစ်လာမှာ မဟုတ်ပါဘူးတဲ့.. ကျွန်တော်တို့ ချစ်တဲ့ ဟီးရိုးတချို့ဟာလည်း ပြန်ပါလာနိုင်မှာ မဟုတ်ပါဘူးတဲ့လေ.. :’( ကွဲလေ.. ကွဲစမ်း အသည်းတွေ :’( သူတို့ပြောတာကို အသေးစိတ်ပြောကြရမယ်ဆိုတော့ဖြင့်…

Avengers : Infinity War ကို ဇာတ်ညွှန်းရေးတဲ့ ခရစ္စတိုဖာ မားကပ်စ် (Christopher Markus) နဲ့ စတက်ဖန်မက်ဖီလီ (Stephen McFeely) တို့ကို BuzzFeed က အင်တာဗျူးတဲ့အခါမှာ “ ခင်ဗျားတို့ မျှော်လင့်ထားသလို ဖြစ်လာမယ်တော့ မထင်နဲ့ ခင်ဗျ… ခု Infinity War မှာ သေဆုံးသွားတယ်ဆိုတဲ့ ဟီးရိုးတွေဟာ တကယ်ကို သေဆုံးသွားတာပါ။ သူတို့ သေဆုံးသွားတာကို ခင်ဗျားတို့ လက်ခံနိုင်တာနဲ့ နောက်ဇာတ်ကားအတွက် အဆင်သင့်ဖြစ်တော့တာပါပဲ” လို့ မားကပ်စ် က ဆိုပါသတဲ့..

အဲဒါအပြင်ကိုမှ မက်ဖီလီကလည်း “ ပြောရမယ်ဆိုရင်တော့ ဒီဇာတ်ကားက တော်တော်ကို ရင့်ကျက်တယ်လို့ ဆိုရမယ်ဗျ.. ရယ်စရာဟာသလေးတွေ ထည့်ပေးထားတယ် ဆိုပေမဲ့လို့ တကယ်ကို ရင့်ကျက်ပါတယ်။ ဒုတိယကားလည်း ဒီလိုပဲ ဖြစ်လာမှာပါပဲ။ ကျွန်တော်တို့ သေချာတော့ စဉ်းစားရွေးချယ်ထားတာမို့ ဒီရုပ်ရှင်က ခင်ဗျားတို့ကို လုံးဝ အံ့အားသင့်သွားစေရမယ်၊ ခင်ဗျားတို့ လုံးဝ ကျေနပ်သွားရမယ်လို့ မျှော်လင့်ထားပါတယ်။ စတူဒီယိုတစ်ခုတည်း၊ ရုပ်ရှင်အဖွဲ့သားတွေ တစ်ဖွဲ့တည်း ရိုက်ကူးထားတာပဲလေ။ ဇာတ်ညွှန်းကလည်း တစ်ချိန်တည်းမှာ ရေးထားတာဖြစ်သလို တစ်ချိန်တည်းမှာ ရိုက်ထားတာကလား.. ဆိုတော့ ဒီဇာတ်လမ်းနှစ်ခု ဆက်နေတာက ဘာဆန်းလို့တုန်း? ဒါပေမဲ့ မတူဘူးပေါ့လေ.. ဆိုလိုတာက ဇာတ်လမ်းတစ်ခုက ရှေ့မှာ ဘာဖြစ်သွားလဲဆိုတာကို မူတည်ပြီး ရိုက်ထားတာပေါ့” လို့ ထပ်လောင်း ပြောလိုက်ပြန်တော့.. သြော်.. ကိုယ့်မှာ ဘာပြောရမှန်းမသိ….။

သေချာတာတော့ သူတို့နှစ်ယောက်စလုံးက နောက်အပိုင်းမှာ (ရုပ်ရှင်မှာ)ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ပြောပြချင်ပုံတော့ မရ :D ပြောလည်း ဘယ်ကြည့်ကြတော့မလဲနော် :D ဆိုတော့ ကျွန်တော်တို့မှာ လုပ်စရာက တစ်ခုတည်း ရှိပါတယ်.. ခု Infinity War ဇာတ်လမ်းအဆုံးမှာ ပျောက်သွားတဲ့ ဟီးရိုးတွေ ပြန်ပါမလာတော့ဘူးဆိုရင် ဆိုတာလေးကို တွေးထားကြရုံပါပဲ :’( အနည်းဆုံးတော့ ဘယ်တော့မှ ပြန်လာနိုင်ချေ မရှိတော့တဲ့လူတွေ.. ဆိုလိုတာက ဇာတ်သိမ်းမတိုင်ခင်မှာ ဖုန်မှုန့်မဖြစ်ခင်မှာ သေသွားတဲ့ ကျွန်တော်တို့ ချစ်ခဲ့ကြတဲ့လူတွေ.. လိုကီ၊ ဟိမ်းမ်ဒေါလ်၊ ဂါမိုရာ နဲ့ ဗီးရှင်း တို့လို လူတွေ (အင်္ဂလိပ်နာမည်တွေကို မြန်မာလို အသံထွက်အတိုင်း စာလုံးပေါင်းထားတာမို့ သည်းခံကြဘာ :3 ) ကတော့ ဘယ်သောအခါမှ ပြန်မြင်ရတော့မယ် မထင်ပါဘူး.. (ပြန်ပါလာပါစေလို့တော့ ဆုတောင်းတုန်း :’( )

အဲ.. ဒါပေမဲ့ ဖုန်မှုန့်ဖြစ်သွားတဲ့ ဘလက်ပန်သာ (Black Panther - မဟူရာကျားသစ်လို့ရေးရမလား ဘယ်လိုရေးရမလဲ မသဲကွဲလို့ ဘလက်ပန်သာအတိုင်းပဲ ရေးပေးလိုက်ပါတယ်.. အယ်ဒီတာ ခွင့်လွှတ်တော်မူ :3 ) ၊ ဂရု (Groot)၊ စပိုင်ဒီ၊ စတားလော့ဒ်၊ ဘတ်ကီ နဲ့ ကျန်တဲ့သူတွေကတော့ မောင်သာနိုး (Thanos.. ဒါလည်း အယ်ဒီတာရေ ခွင့်လွှတ်.. အဲဒီ Thanos ကြီးကို ချေ့လို့ အဲ့တိုင်းပဲ ခေါ်ပါရစေ) ကို ပြန်တွယ်ဖို့တော့ ပြန်ပါလာနိုင်ချေ များပါတယ်။ ဒါလည်း ကျွန်တော်တို့ တွက်ဆပြီးသား မဟုတ်လား?

ကောမစ် (ကာတွန်း၊ Comic) ထဲကအတိုင်းလိုဆိုရင်တော့ အရာရာကို တစ်က ပြန်စရမှာပေါ့လေ.. ဒါပေမဲ့ ရုပ်ရှင်ထဲမှာတော့ ဒီအတိုင်း ရိုးရိုးလေးဖြစ်သွားမယ် မထင်.. သိတဲ့အတိုင်း MCU က ဒရာမာ ချိုးချက် 9 လောက်ရှိ.. မောင်သာနိုးကြီးကိုတောင် ဒရာမာချိုးပြသွားတာ ကျွန်တော့်မှာ မျက်ရည် တဝဲဝဲနဲ့ :’( ဆိုတော့ မင်းတွေးသလို မထင်ပါနဲ့၊ မင်းတွေ့သလို မမြင်ပါနဲ့ပေါ့ဗျာ.. စောင့်ကြည့်ရုံပဲ ရှိတာပေါ့..

အဲ.. နောက်တစ်ခုက ကျွန်တော်တို့ သိပ်အားမရလိုက်တဲ့ကိစ္စ။ Cap (ကပ္ပတိန်အမေရိကား) နဲ့ နာတာရှာတို့ သိပ်တောင် မပါလိုက်ရသလားလို့လေ.. ခင်ဗျားတို့ရော အားရလား? ကျွန်တော်တော့ အားမရ.. ဆိုတော့ သူတို့လည်း သိပုံရပါတယ်။ ဘာပြောလဲဆိုတော့… “တချို့ဇာတ်ကောင်တွေက ဒုတိယပိုင်းကျမှ ကြမ်းမယ်ဗျ.. ဘာကြောင့်ဆို ပထမပိုင်းမှာက ပထမပိုင်းနဲ့တင် ပျောက်သွားမယ့်သူတွေ ရှိနေတော့ သူတို့ကို ပိုဦးစားပေးပြီး ကြမ်းခိုင်းထားရတယ်လေ.. ဆိုတော့ ဒုတိယပိုင်းမှာ ပိုကြမ်းမယ့်သူတွေက ပထမပိုင်းမှာ နည်းနည်း ငုပ်သလို ဖြစ်နေတာပါ.. အထူးသဖြင့်တော့ Cap နဲ့ နာတာရှာပေါ့.. ဒုတိယပိုင်းသာ စောင့်ကြည့်ပါဗျာ.. ကျွန်တော်တို့ ဘာကို ဆိုလိုလဲ ခင်ဗျားတို့ သိသွားပါလိမ့်မယ်” လို့ မက်ဖီလီက ဖြေသွားရောဗျ.. သိချင်ပါတယ်ဆိုကာမှ သူတို့က ဝေ့လည်ကြောင်ပတ်နဲ့… ဘာပြောပြော ဒုတိယကားမှာ ကြမ်းပြမယ်ဆိုရင် ကျေနပ်ရတာပါပဲ :D ဘယ်တတ်နိုင်မလဲ.. ဘာမှလုပ်လို့မှ မရဘဲ ဟာကို :D

နောက်နှစ်မှပဲ ဘယ်သူတွေက တကယ်သေတာ၊ ဘယ်သူတွေကတော့ဖြင့် လိမ်သေတာ အဲလေ… ပြန်ရှင်လာမှာဆိုတာကို သေချာစောင့်ကြည့်ရတော့မှာပါပဲ… ကျွန်တော်တော့ဖြင့် နောက်နှစ်ကို ရင်တွေခုန်လို့.. စောင့်ရတာ ကြာလွန်းတယ် ထင် ..ခင်ဗျားတို့ရော?

 

Ref: Business Insider: 'Infinity War' screenwriters say the deaths in the movie are 'real' and you should 'move on to the next stage of grief'

Angelic Demon (ရိုးရာလေး)