ပဟေဠိဆန်လွန်းတဲ့ တစ္ဆေသင်္ဘောများ

သဘာဝလွန်ဖြစ်ရပ်တွေဟာ ကျွန်တော်တို့နဲ့ ရင်းနှီးနေတတ်ပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း တစ်ခါတလေ ကြုံရတတ်တယ်မဟုတ်လား?

ဆိုကြပါစို့... ပုဏ္ဏကတိုက်တဲ့ အိမ်ကြီးတွေ၊ လူမနေရဲအောင် ခြောက်လှန့်တဲ့ ဘိုတဲတွေ၊ သရဲခဏခဏတွေ့တယ်ဆိုတဲ့ ဟော်တယ်တွေ.. ဒါတွေက ကျွန်တော်တို့ ကြားဖူးနေကျပါ။ အမယ် ဒါဖြင့် သရဲက လူကဖြစ်တာပေါ့.. ကုန်းပေါ်မှာပဲ ရှိတာပေါ့လို့ ယူဆထားရင်တော့ ကျွန်တော်ခု ဖော်ပြမယ့် တစ္ဆေသင်္ဘောတွေက ရယ်ကုန်ကြပါလိမ့်မယ်…

ဘယ်သင်္ဘောတွေကို တစ္ဆေသင်္ဘောလို့ သတ်မှတ်ထားတာလဲ? သင်္ဘောပေါ်မှာ သရဲတွေရှိလို့လား? ဒါမှမဟုတ် သင်္ဘောကိုယ်၌က သရဲပူးနေတာလား? အယ်လယ်.. မဟုတ်ပါဘူးလေ.. တစ္ဆေသင်္ဘောတွေဆိုတာက များသောအားဖြင့် ပျက်စီးပြီးသားသင်္ဘောတွေကို မူလပုံရိပ်အတိုင်း ၊ ဒါမှမဟုတ် ပျက်စီးနေပြီးသား ပုံရိပ်တွေအတိုင်း ပင်လယ်ထဲ ရံဖန်ရံခါ တွေ့ရတတ်တဲ့ သင်္ဘောတွေ၊ အဖြေရှာမရဘဲ ပျက်စီးသွားတဲ့ သင်္ဘောတွေ၊ ဘယ်လိုဘယ်ပုံနဲ့ ပျက်စီးမှန်းမသိ ပါသမျှ သင်္ဘောသားတွေအကုန်လုံးလည်း သေဆုံး/ ပျောက်ဆုံးသွားတဲ့ သင်္ဘောတွေကို ခေါ်တာလို့ မှတ်သားဖူးပါတယ်။ ဒါဖြင့် ဘယ်သင်္ဘောတွေက ဘယ်လိုကျော်ကြားတာလဲ ဆိုတာ ကျွန်တော်နဲ့ အတူတူ ကြည့်ကြရအောင်..

၁။ The Flying Dutchman

အမယ်.. ဂျင်းလာမထည့်နဲ့.. ဒါ ဒေဗီဂျုန်းစ် ရဲ့ သင်္ဘောကြီး... ဂျက်စပဲရိုးကားထဲမှာ ပါတယ်.. သိပြီးသားဆိုရင်တော့ ဟုတ်ကဲ့.. ဒီသင်္ဘောကတော့ ဒေဗီဂျုန်းစ်အပိုင် မဟုတ်ပါဘူး.. သို့သော်… သင်္ဘောသားလောကမှာ နာမည်ကြီးကြတာချင်းတော့ အတူတူပဲလို့ ဆိုရမှာပါ.. ၁၇ ရာစုလောက်ကတည်းက သင်္ဘောသားလောကမှာ Flying Dutchman ဟာ နာမည်ကြီးတစ္ဆေသင်္ဘော ပုံပြင်တစ်ပုဒ်ပေါ့.. စရာကနေ ကားသွားတတ်တဲ့ စကားတို့ရဲ့ သဘာဝအတိုင်း နဂို ဖြစ်ရပ်မှန်ကနေ တဖြည်းဖြည်း ပြောပါများလာတဲ့အခါ ပုံပြင်တစ်ပုဒ်၊ ဒဏ္ဍာရီတစ်ပုဒ် ဖြစ်သွားတဲ့သဘောပေါ့..

ဒီ အပြင်လောက က Flying Dutchman ကတော့ ပြင်းထန်တဲ့ မုန်တိုင်းကြားမှာ နီးစပ်ရာ ကမ်းကို ပြန်လှည့်ဖို့အရေး ခေါင်းမာခဲ့တဲ့ ကပ္ပတိန်တစ်ယောက်ကြောင့် ပင်လယ်ထဲ နှစ်မြုပ်ခဲ့ရတဲ့ သင်္ဘောပါ။ သင်္ဘောပေါ်မှာ ပါလာတဲ့ သင်္ဘောသားတွေနဲ့ ခရီးသည်တွေက ကပ္ပတိန်ကို အန္တရာယ်ကင်းတဲ့နေရာဆီ ပြန်လှည့်ဖို့ တောင်းပန်ခဲ့ကြပေမဲ့ ခေါင်းမာလွန်းတဲ့ ကပ္ပတိန်ကတော့ ငြင်းဆန်ခဲ့ပါတယ်။ ဒီမုန်တိုင်းကြားမှာ သင်္ဘောကို အန္တရာယ်ကင်းကင်း ဖြတ်နိုင်ပါတယ်၊ သူ့အရည်အချင်းကို သူယုံတယ်လို့ တွက်ဆခေါင်းမာခဲ့တဲ့ ကပ္ပတိန်တစ်ယောက်ကြောင့် မုန်တိုင်းကြားမှာ သင်္ဘောတစ်စီးနဲ့ လူ့အသက်တွေ ဆုံးရှုံးခဲ့ရတော့တာပေါ့။ ဇာတ်လမ်းက ဒီမှာတင် မပြီးသေးပါဘူး။ ဒီလို ကြမ္မာဆိုးနဲ့ ကြုံခဲ့ရတဲ့ The Flying Dutchman ကို အဲ့တုန်းက အဖြစ်အတိုင်း ထပ်တူနီးပါးကျတဲ့ ပုံရိပ်မျိုးနဲ့ ပင်လယ်ထဲမှာ မကြာမကြာတွေ့ရလေ့ရှိတယ်လို့ဆိုပါတယ်။

၂။ The Ourang Medan

ဒီအကြောင်းကတော့ ငြင်းခုန်စရာတွေ ဗလပွနဲ့ပါပဲ။ ဘာလို့ဆို ဒီသင်္ဘောက အပြင်မှာ တကယ်ရှိသလား၊ မရှိသလားတောင် မသေချာဘူးလေ.. ဒါပေမဲ့ ပြောတဲ့သူတွေကတော့ ပြောနေကြဆဲပါပဲ။ ဇာတ်လမ်းကတော့ ဒီလိုပါ။

၁၉၄၇ ခုနှစ်တုန်းက အင်ဒိုနီးရှားနားမှာ ပျက်စီးနေတဲ့ သင်္ဘောတစ်စင်းကို တွေ့ရှိခဲ့ပါတယ်။ ဒီသတင်းကြားကြားချင်းပဲ အနီးတစ်ဝိုက်မှာရှိတဲ့ သင်္ဘောတွေရဲ့ သင်္ဘောသားတွေက အဲဒီသင်္ဘောပေါ်က လူတွေကို ကယ်ဖို့ မျောနေတဲ့ သင်္ဘောပေါ် တက်ကြတာပေါ့.. ဇာတ်လမ်းက ဒီမှာစတာပါပဲ။ သင်္ဘောပေါ်က ရှိသမျှ လူတွေအားလုံး သေဆုံးနေပြီးကြပါပြီ။ ကြမ္မာဆိုးတစ်ခုခုနဲ့ ကြုံလို့၊ ဒါမှမဟုတ် ရာသီဥတုဆိုးကြောင့် သေဆုံးခဲ့ကြတယ်လို့ ယူဆခဲ့ပေမဲ့ ထူးဆန်းတာ တစ်ခုက သေဆုံးနေတဲ့လူတွေအားလုံးရဲ့ မျက်နှာဟာ တစ်စုံတစ်ရာကို အလွန်အမင်းကြောက်ရွံ့ခဲ့တဲ့ မျက်နှာအနေအထားတွေ ဖြစ်နေတာပါပဲ။ လက်တွေကလည်း တစ်ခုခုကို မီလိုမီငြား ဆန့်တန်းလို့… ခဲနေတယ်လို့လည်း ဆိုတယ်ဗျ အဲ.. သွားကယ်တဲ့သူတွေ သင်္ဘောပေါ်ရောက်ပြီး မကြာပါဘူး မီးတွေစလောင်တော့တာပဲလို့လည်း ဆိုကြပါတယ်။ ဒီတော့ ကယ်တဲ့သူတွေလည်း (ကယ်စရာမရှိတဲ့အတူတူတော့) ဒီသင်္ဘောကြီးပေါ်ကနေ အမြန်ဆင်းကြရတော့တာပေါ့..

နောက်ပိုင်းမှာတော့ ဒီသင်္ဘောပေါ်က ပေးပို့ခဲ့တဲ့ သတင်းလို့ ယူဆစရာတွေကို တွေ့ရှိခဲ့ပါတယ်။ ပထမ သတင်းတစ်ခုကတော့ “ ရေပုံခန်း နဲ့ ပဲ့ထိန်းခန်းမှာ ကပ္ပတိန်အပါအဝင် အရာရှိတွေ အားလုံး သေဆုံးနေကြပါပြီ။ တစ်စီးလုံးမှာ ပါသမျှလူအားလုံး သေဆုံးပြီးသား ဖြစ်နိုင်ပါတယ်” လို့ ဖြစ်ပြီး နောက်ထပ် တစ်ခုကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ။ “ I die” (ငါသေသွားပြီ) ပါတဲ့။ ၁၉၄၈ခုနှစ်မှာတော့ ဒီသင်္ဘောက လွတ်လာတဲ့သူတစ်ယောက်ကို တွေ့ခဲ့ပြီး အဲဒီလူကတော့ ဆာလ်ဖျူရစ်အက်စစ်ကြောင့် သင်္ဘောတစ်စီးလုံးသေဆုံးခဲ့ရတာဖြစ်တယ်လို့ ဆိုတဲ့အကြောင်း သတင်းစာ တစ်စောင်ကတော့ ဖော်ပြထားခဲ့ပါတယ်။

၃။ The Mary Celeste

ဒီသင်္ဘောအကြောင်းကတော့ ပြောမဆုံးပေါင် တောသုံးထောင်ပါပဲ။ တစ္ဆေသင်္ဘောလို့ ဆိုလိုက်တာနဲ့ ဒီသင်္ဘောကို ပြေးမြင်မိကြမှာ ကျိန်းသေပါ။ နာမည်အကြီးတကာ့ အကြီးဆုံး တစ္ဆေသင်္ဘောကြီးပေါ့။ ကျွန်တော်အမှတ်မမှားဘူးဆို Super Natural ဇာတ်လမ်းတွဲထဲတောင် ပါသေးသလားလို့.. (တစ္ဆေသင်္ဘောချင်း ရောနေတာလည်း ဖြစ်နိုင်ပါတယ်လေ :D ) သူ့ဇာတ်လမ်းကတော့ ဒီလိုပါ။ Mary Celeste ဟာ ၁၈၇၂ ခုနှစ်မှာ နယူးယောက်ခ်ကနေ ဂျီနိုရာကို ရွက်လွှင့်ခဲ့တဲ့ သင်္ဘောဖြစ်ပြီး ဝါရင့် သင်္ဘောသား (၆) ယောက်အပါအဝင် ကပ္ပတိန် ဘရစ်ဂ်စ် ရဲ့ မိသားစုလည်း လိုက်ပါလာခဲ့ပါတယ်။ သူ့မိသားစုဆိုတာကတော့ ဇနီးနဲ့ ကလေးတစ်ယောက်နဲ့ပေါ့လေ.. သူ့ရဲ့ချစ်ခြင်းကပဲ ဇနီးနဲ့ကလေးအပေါ် ကြမ္မာဆိုးကျရောက်စေခဲ့တယ်လို့ ဆိုရမလားပါပဲ..

ဇာတ်လမ်းကို ပြန်ဆက်ရမယ်ဆိုရင် သင်္ဘောစထွက်လာတာ ၁၈၇၂ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့မှာဖြစ်ပြီး သင်္ဘောကို ပြန်တွေ့ခဲ့တာ ၁၈၇၂ ခုနှစ် ဒီဇင်ဘာ ၄ရက်နေ့မှာပါ။ အဲတွေ့မယ့်တွေ့တော့လည်း သင်္ဘောကြီးက ရေစီးနဲ့မျောနေတာကို တွေ့ခဲ့ကြတာပါ။ ဘာများဖြစ်လို့များလဲပေါ့.. တွေ့တဲ့ သင်္ဘောသားတွေက သင်္ဘောပေါ်တက်ကြည့်တဲ့အခါမှာတော့ သူတို့လည်း ဆွံ့အခဲ့ရပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ သင်္ဘောကြီးဟာ လုံးဝ အကောင်းအတိုင်း ရှိနေပြီး ဘာတစ်ခုမှ ခြေရာလက်ရာမပျက်တဲ့အပြင် ဆက်ပြီးသွားမယ်ဆို အေးဆေး သွားလို့ရတဲ့အခြေအနေမျိုးပါ။ အဲ.. မရှိတာတော့ လူတွေခင်ဗျ.. တစ်ယောက်မှကို မကျန်ခဲ့တာပါ။

ယူဆစရာက သင်္ဘောစက်ချို့ယွင်းသွားလို့ သင်္ဘောကို စွန့်ပစ်ခဲ့ကြတယ်ဆိုရအောင်ကလည်း သင်္ဘောစက်ကလည်း အကောင်း၊ ရာသီဥတု ဆိုးရွားလို့မို့ သင်္ဘောကို စွန့်ခွာတယ်ဆိုရအောင်ကလည်း ဘာတစ်ခုမှ မပျက်စီး.. စားပွဲပေါ်တင်ထားတဲ့ စာရွက်လေးတွေတောင် ခြေရာလက်ရာမပျက် ဆိုတော့ကာ… ဘာအကြောင်းကြောင့် လူတစ်ယောက်မှ မကျန်တော့တာလဲပေါ့.. အဲဒီကတည်းက ပဟေဠိဖြစ်လိုက်တာဆိုတာ ဒီဘက်ခေတ်ထိပါပဲ..

Mary Celeste နဲ့ပတ်သက်ပြီး ဘယ်လိုကြောင့်ဖြစ်ရတယ်ဆိုတာ ခုချိန်ထိ ဘယ်သူမှ မသိသေးပါဘူး။ ပျောက်ဆုံးသွားတဲ့သူတွေကိုလည်း ခုချိန်ထိမှ ပြန်မတွေ့ဘဲလေ.. ဒီသင်္ဘောနဲ့ ပတ်သက်ပြီး ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ သီအိုရီတွေလည်း အများကြီး ထွက်ခဲ့ပါတယ်။ ဒါကိုတော့ စာရှည်သွားမှာစိုးလို့ နောက်မှပဲ Mary Celeste အကြောင်း သီးသန့် တင်ဆက်ပေးပါ့မယ်…

ဒီလောက်ဆို ရိုးရာလေး ပရိသတ်ကြီးလည်း တွေးစရာတွေ ရသွားလောက်ပြီထင်ပါတယ်။ ဒီသင်္ဘောတွေရဲ့ ထူးထူးဆန်းဆန်းအဖြစ်တွေကို ဘယ်လိုမြင်တယ်ဆိုတာလည်း ပြောပြပေးသွားဦးနော်...

 

References : Haunted Rooms “ Six Most Famous Ghost Stories Ever” , “Stories of the Real Ghost Ships yet to be Explained”, “The Mary Celeste Mystery – Facts and Theories on Mary Celeste” , Wikipedia “ Mary Celeste”

Angelic Demon (ရိုးရာလေး)