စားသူတိုင်း အကြိုက်တွေ့စေမယ့် "မင်္ဂလာပါ" မြန်မာ့ရိုးရာ ထမင်းဟင်း၊ အဆာပြေစာနဲ့ မုန့်မျိုးစုံဆိုင်

မန္တလေးကို အလည်သွားတဲ့အခါ အိမ်ထမင်းအိမ်ဟင်း၊ အသုပ်၊ အကြော်စုံ၊ အချိုပွဲတွေကို အားပါးတရစားချင်သူများအတွက် စာရေးသူ မန္တလေးရောက်တိုင်း အပြေးအလွှား သွားစားနေကျ ဆိုင်လေးကို ပြောပြပါရစေ။

ဟင်းအမျိုးပေါင်း (၄၀) ကျော်၊ ချက်ချင်းသုပ်ချက်ချင်းစား အရွက်သုပ်မျိုးစုံ၊ ၀က်သားတုတ်ထိုး၊ အကြော်စုံနဲ့ မြန်မာမုန့်မျိုးစုံကို တစ်နေရာတည်းမှာ သပ်ရပ်သန့်ရှင်းလတ်ဆတ်စွာ စနစ်တကျ စုစည်းထားလို့ စားသုံးသူများအတွက် အရမ်းကိုအဆင်ပြေစေတဲ့ မင်္ဂလာပါ မြန်မာ့ရိုးရာ ထမင်းဟင်း၊ အဆာပြေစာနဲ့ မုန့်မျိုးစုံဆိုင် လေးပဲဖြစ်ပါတယ်။

ပထမဆုံးရောက်ဖူးစဉ်ကတည်းက ဆိုင်ကို မြင်လိုက်တာနဲ့ မြန်မာဆန်ဆန် အပြင်အဆင်နဲ့ လှပသပ်ရပ်နေတာကို သတိထားမိပါတယ်။ အပေါ်ထပ်က အဲကွန်းခန်းဖြစ်ပြီး အောက်ထပ်မှာတော့ အပင်လေးတွေ စိမ်းစိမ်းစိုစိုနဲ့ သဘာဝလေကိုပဲ နှစ်သက်သူတွေအတွက် အကြိုက်တွေ့စေပါတယ်။ သီးသန့်စားလိုသူတွေအတွက် VIP ခန်းတွေလည်း ရှိတာကိုတွေ့ရပါတယ်။ ဆိုင်ထဲ ၀င်ဝင်ချင်းမှာပဲ “မင်္ဂလာပါ” လို့နှုတ်ဆက်သံနဲ့အတူ ဧည့်ကြိုကလေးမလေးက ဟင်းကောင်တာဆီခေါ်သွားပေးပြီး ဟင်းပွဲပေါင်းများစွာကို ရှင်းပြပေးပါတယ်။ ဟင်းဗန်းတစ်ခုချင်းစီမှာလည်း ဟင်းအမည်ကို မြန်မာလိုရော အင်္ဂလိပ်လိုပါရေးထားတာကို သတိပြုမိတော့ ဆိုင်ထဲ ဝေ့ကြည့်လိုက်တာ နိုင်ငံခြားသား တွေလည်း အတော်လေး လာစားတာကိုတွေ့ရပါတယ်။ ဟင်းအမျိုးပေါင်း (၄၀) ကျော်ရှိပြီး Menu ကြည့်ပြီးမှာနိုင်တဲ့အပြင် အခုလိုလည်း ကိုယ်တိုင်လာရောက် ရွေးချယ်နိုင်တာကို တွေ့ရပါတယ်။ အပေါ်ထပ်အောက်ထပ်တစ်ခုလုံး ဧည့်သည်တွေ ပြည့်နေပြီး ၀န်ထမ်းတွေအားလုံးအလုပ်ရှုပ်နေကြပေမဲ့ ဆက်ဆံရေး အတော်လေးပျူငှာ တာကို တွေ့ခဲ့ရပါတယ်။

စာရေးသူအကြိုက်ဆုံးဟင်းကတော့ ပုဇွန်ထုပ်ဆီပြန်၊ တောဝက်သားဟင်း၊ ဆိတ်သားနှပ်၊ ငါးသလောက်ပေါင်း ဖြစ်ပြီး အဲဒီဟင်းတွေဟာ လူကြိုက်အများဆုံး ဟင်းတွေဖြစ်တယ်လို့ စားပွဲထိုးလေးက ပြောပြပါတယ်။အဓိကဟင်းပွဲ (main dish) တစ်မျိုးမှာရင် ထမင်းအဝစားနဲ့ အရံဟင်း ၅မျိုး၊ ဟင်းရည်၊ ငပိထောင်း၊ ငပိရည်တို့ စရာတို့ကို တစ်ခါတည်းတွဲချပေးတဲ့အတွက် ငွေ - ၄၀၀၀ ကျပ်သာကုန်ကျတာမို့ ဈေးသက်သာစွာနဲ့ ဖွယ်ဖွယ်ရာရာစားရပါတယ်။ ဆီပြန်ဟင်းတွေဟာ ဆီတွေနီနီရဲရဲရွှဲနေတာမျိုးမဟုတ်ပဲ အနှစ်များများနဲ့မို့ အရမ်းစားလို့ကောင်းပါတယ်။ ဆိုင်ရဲ့ထူးခြားချက်က ဟင်းတွေကိုချက်ရာမှာ နေကြာဆီသန့်၊ ရေသန့်တို့ကိုပဲ အသုံးပြုပြီး အချိုမှုန့်လည်းမသုံးဘဲ သဘာဝပင်ကို အချိုအရသာကို အဓိကထားပြီး ချက်ပြုတ်ထားတာဖြစ်လို့ စာရေးသူတို့လို အချိုမှုန့်မစားတဲ့လူတွေအတွက် အရမ်းကို စိတ်ချမ်းသာစေတဲ့ဆိုင်လေးပဲဖြစ်ပါတယ်။

ထမင်းစားပြီးရင်တော့ မြန်မာမုန့်ကို မှာယူပြီး လက်ဖက်ရည်လေးနဲ့ အချိုတည်းရတာကလည်း အရမ်းကိုနှစ်သက်မိတဲ့အချက်ဖြစ်ပါတယ်။ လတ်ဆတ်တဲ့သစ်သီးဖျော်ရည်မျိုးစုံ၊ တောင်ငူနှပ်ကော်ဖီ၊ ရေခဲမုန့်(၁၀)မျိုး တို့ကိုရွေးချယ်စားသုံးနိုင်တဲ့အပြင် လဘ္ဘက်အုပ်နဲ့ မုန့်သြဇာတို့ကို မေတ္တာလက်ဆောင်အချိုပွဲအဖြစ်ချပေးထားပါတယ်။ မင်္ဂလာပါဆိုင်အနေနဲ့ အပြင်ပွဲတွေလည်း လိုက်စီစဉ်ပေးသလို မြန်မာမုန့်များကိုလည်း အော်ဒါမှာယူနိုင်တယ်လို့ သိရပါတယ်။ လိပ်စာက ၇၁ လမ်း၊ ၂၈လမ်းနဲ့ ၂၉ လမ်းကြား၊ မန္တလေး၊ ဖုန်းနံပါတ် - 0260480 ဖြစ်ပါတယ်။ Facebook Page https://www.facebook.com/mingalabarmyanmarrestaurant/ မှာလည်း ၀င်ရောက်လေ့လာနိုင်ပါတယ်။