အအေးမိ တုပ်ကွေးကာကွယ်ဖို့ အချက် (၁၀) ချက်

မိုးလေးရွာ....ရာသီဥတုလေးအေးလာပြီဆိုတာနဲ့... အအေးမိ၊တုပ်ကွေးပြဿနာက ကပ်ပါလာပြီ။ ဖျားမယ်၊နှာစေးမယ်၊လည်ပင်းနာ၊ကိုယ်လက်ကိုက်ခဲ....အလုပ်ပျက်အကိုင်ပျက်တွေကိုဖြစ်လို့....။

ဒီလို အအေးမိတုပ်ကွေးမဖြစ်ချင်ဘူး....ဘယ်သူဘယ်လောက်ကွေးကွေး ကိုယ်ကတော့ဒေါင်ဒေါင်မြည်ပဲဖြစ်နေချင်တယ်ဆိုရင်တော့ ဒီအချက်လေး(၁၀)ချက်ကို အလေးပေးလုပ်ဆောင်ဖို့ အကြံပေးလိုက်ပါရစေ

(1) လက်ဆေးပါ

အအေးမိတုပ်ကွေးဗိုင်းရပ်စ်ပိုးတွေက လူတစ်ဦးကနေတစ်ဦးဆီ ကူးစက်နိုင်ပါတယ်။ ဖျားနာနေသူတစ်ဦး အသုံးပြုနေတဲ့ အသုံးအဆောင်တွေ၊ တံခါးလက်ကိုင်တွေ၊ ဖုန်းမျက်နှာပြင်တွေမှာလည်း ဗိုင်းရပ်စ်ပိုးတွေဟာ နာရီပေါင်းများစွာ ရှိနေနိုင်ပါတယ်။ ဒါကြောင့် သင်အပြင်ကပြန်လာတိုင်း၊ အစားစားခါနီးတိုင်းလက်သေချာဆေးဖို့၊ လက်ဆေးဖို့ အဆင်မပြေတဲ့အခြေအနေမှာဆို handgel သုံးဖို့ မမေ့ပါနဲ့။

(2)အိပ်ရေးဝအောင်အိပ်ပါ

တစ်နေ့ကို အနည်းဆုံး (၈) နာရီပြည့်အောင် အိပ်ပါ။ အိပ်ရေးဝဝအိပ်ခြင်းက သင့်ခန္ဓာကိုယ်ကို အနားပေးရာရောက်သလို ကိုယ်ခံအားလည်း ပိုမိုကောင်းမွန်လာနိုင်တာကြောင့် ဗိုင်းရပ်စ်ပိုးတွေ သင့်ကို အလွယ်တကူ တိုက်ခိုက်နိုင်မှာ မဟုတ်ပါဘူး။

(3)အရည်များများသောက်ပါ

တစ်နေ့ကို အနည်းဆုံးရေ ၂လီတာသောက်ပါ။ ရေက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို သန့်စင်ပေးပြီး ကိုယ်ခံအားလည်းတက်စေလို့ပါ။

(4)ကိုယ်ခံအားတက်စေမယ့်အစားအစာများ စားသုံးပါ

ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပေါကြွယ်ဝတဲ့ သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေကို အလေးပေး စားသုံးပါ။ အခုလိုအချိန်မှာ ကိုယ်ခံအားကောင်းဖို့ လိုအပ်တဲ့အတွက် အချိန်တိုအတွင်း မစားမသောက်ဘဲ အလွန်အမင်း ဝိတ်ချခြင်းမျိုးကို မပြုလုပ်သင့်ပါဘူး။

(5)စိတ်ဖိစီးမှုများ လျော့ချပါ

စိတ်ဖိစီးမှုများတဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ခုခံစွမ်းအားစနစ်တွေ ယိုယွင်းလာနိုင်ပြီး ရောဂါပိုးတွေ အလွယ်တကူဝင်ရောက်နိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ စိတ်ဖိစီးမှုတွေကို လျှော့ချပါ။ အနားယူခြင်း၊ သီချင်းနားထောင်ခြင်း၊ တရားထိုင်ခြင်း၊ စာဖတ်ခြင်း စသဖြင့် စိတ်ဖိစီးမှုကို လျော့ချပေးနိုင်မယ့် အလေ့အကျင့်လေးတွေလုပ်ဆောင်ပါ။

(6)ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ

ဆေးလိပ်ကြောင့် အသက်ရှူလမ်းကြောင်းတစ်လျှောက် ထိခိုက်ပျက်စီးမှုတွေဖြစ်ပြီး အအေးမိ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေ အလွယ်တကူဝင်ရောက်နိုင်လို့ပါ။

(7)အရက်သောက်ခြင်းကိုလည်း ရှောင်ကြဉ်ပါ

အရက်ဟာ ကိုယ်ခံအားကျစေတာကြောင့် ဖြစ်ပါတယ်။

(8)လေကောင်းလေသန့်ရပါစေ

အဲယားကွန်းအခန်းထဲ လူတွေပြည့်ကျပ်နေတဲ့အခါ ဗိုင်းရပ်စ်ပိုးတွေ တစ်ဦးကနေ တစ်ဦးဆီ အလွယ်တကူ ပြန့်ပွားနိုင်ပါတယ်။
လေဝင်လေထွက်ကောင်းစေဖို့ ပြတင်းတံခါးများဖွင့်ထားခြင်း၊ လေကောင်းလေသန့်ရတဲ့နေရာမျိုးမှာ အသက်ခပ်ပြင်းပြင်း ရှူသွင်းရှူထုတ်ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။

(9)လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်ပါ

လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်ခြင်းကြောင့် ခန္ဓာကိုယ် သွေးလှည့်ပတ်မှုကောင်းမွန်စေပြီး ခုခံစွမ်းအား မြင့်မားလာစေမှာပါ။

(10)နွေးနွေးထွေးထွေးနေပါ

မိုးမိလာတဲ့အခါမျိုးမှာ ခေါင်းနဲ့ခန္ဓာကိုယ် ရေခြောက်အောင်သုတ်၊နွေးနွေးထွေးထွေးအဝတ်အစားလေးတွေဝတ်...နောက်ပြီး ကော်ဖီပူပူ၊ စွပ်ပြုတ်ပူပူလေးသောက်ပြီး မိမိကိုယ်ကို ဂရုစိုက်နေထိုင်ပါ။

အအေးမိ တုပ်ကွေး ကင်းဝေးတဲ့ မိုးဦးရာသီလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

 

Ref: avogel.co.uk  "10 tips to stay healthy and avoid colds flu"

မေ (ဆေး ၂)