သွေးလည်ပတ်မှု မကောင်းဘူးဆိုတာ သတိပေးနေတဲ့ လက္ခဏာ (၈)ရပ်

သွေးလည်ပတ်မှုစနစ်က ပုံမှန်အတိုင်း ကောင်းမွန်နေတယ်ဆိုရင် သင့်ရဲ့ကိုယ်တွင်း အင်္ဂါနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ လိုအပ်တဲ့ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ ရရှိပါတယ်။ ဒါပေမဲ့ သွေးလည်ပတ်မှုစနစ်မှာ ပြဿနာရှိနေပြီဆိုရင်တော့

သွေးစီးဆင်းမှု လျော့နည်းသွားပြီး ခန္ဓာကိုယ်မှာ လက္ခဏာတွေ ပြသလာမှာပါ။ ဆိုးရွားတဲ့ ရောဂါတွေဖြစ်တဲ့ နှလုံးရပ်ခြင်း ၊ လေဖြတ်ခြင်း ကိုရှောင်ရှားဖို့ အတွက် ဆိုရင် ဒီလက္ခဏာတွေကို သိထားရပါမယ်။

သွေးလည်ပတ်မှု မကောင်းစေတဲ့ အကြောင်းရင်းတွေက

ဆီးချို ကို သေချာ မထိန်းခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အဝလွန်ခြင်း၊ နှလုံးပျက်စီးခြင်း စတာတွေကြောင့်ပဲဖြစ်ပါတယ်။

သွေးလည်ပတ်မှုမကောင်းကြောင်းပြသတဲ့ လက္ခဏာ (၈)ရပ် ကတော့

(၁) စဉ်းစားတွေးခေါ်နိုင်စွမ်းနဲ့ မှတ်ဥာဏ်အားနည်းခြင်း

ဦးနှောက်ဆီကို လုံလောက်တဲ့ သွေးစီးဆင်းမှု မရှိဘူးဆိုရင် အာရုံစူးစိုက်မှု မကောင်းခြင်း ၊ မှတ်ဥာဏ်အားနည်းခြင်း နဲ့ အတွေးစုစည်းလို့ မရခြင်း စတဲ့ ရောဂါလက္ခဏာတွေပြသပါတယ်။ ဦးနှောက်ထဲမှာ သွေးလည်ပတ်မှု မကောင်းတာက အချိန်ကြာလာတာနဲ့ အမျှ ဦးနှောက်ပျက်စီးလာစေပါတယ်။

(၂) ခြေထောက်မှာ ခံစားမှုမကောင်းခြင်း

ခြေထောက်ထဲမှာ သွေးလည်ပတ်မှု အားနည်းသွားမယ်ဆိုရင် တစစ်စစ်ဖြစ်ခြင်း ၊ ခြေထောက်ထုံကျဉ်ခြင်း ၊ နာကျင်ခြင်း နဲ့ ကြွက်တက်ခြင်း စတဲ့ လက္ခဏာတွေပြမှာပါ။ ခန္ဓာကိုယ်က တခြားနေရာတွေထက် ခြေဖျားတွေ ပိုအေးနေမှာပါ။

(၃) ခြေထောက်ပြည်တည်နာဖြစ်ခြင်း နဲ့ အနာကျက်နှေးခြင်း

ခြေထောက်မှာ သွေးလည်ပတ်မှု မကောင်းဘူးဆိုရင် ဒဏ်ရာ အနာသေးသေးလေးတွေနဲ့ ထိခိုက်ရှနာကိုတောင် အကျက်နှေးစေပါတယ်။ ခြေထောက်မှာ သွေးစီးဆင်းမှု ဆိုးဆိုးရွားရွား လျော့နည်းသွားတဲ့အခါ ဒဏ်ရာသေးသေးလေးတွေကနေ ပြည်တည်နာအထိဖြစ်သွားနိုင်ပါတယ်။

(၄) အားနည်းခြင်းနဲ့ နုံးချိခြင်း

ခန္ဓာကိုယ် သွေးလည်ပတ်စီးဆင်းမှုလျော့နည်းသွားပြီဆိုရင် ဘာမှ မလုပ်ဘဲနဲ့ကို တဖြည်းဖြည်း အားနည်းပြီး နုံးချိလာတတ်ပါတယ်။

(၅) မျက်ကွင်းညိုခြင်း

မျက်ကွင်းညိုတယ်ဆိုတာ အိပ်ရေးမဝတာတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ သွေးလည်ပတ်မှု လျော့နည်းတာကြောင့် မျက်ကွင်းညိုတာ ဟုတ်မဟုတ် သိချင်ရင် ညိုနေတဲ့ မျက်ကွင်းနေရာပေါ်ကို လက်ချောင်းလေးနဲ့ဖိထားပါ။ လက်ချောင်းဖိထားတဲ့နေရာက ညိုတာဖျော့သွားပြီး လက်လွှတ်လိုက်တာနဲ့ ပြန်ညိုသွားတယ်ဆိုရင် ဒါကသွေးလည်ပတ်မှု မကောင်းလို့ မျက်ကွင်းညိုတာကို ပြသတာပါ။

(၆) အစာချေပြဿနာ

သွေးစီးဆင်းမှုမကောင်းတာက အစာချေစနစ်ကိုသက်ရောက်လာရင် အစာချေစနစ်နဲ့ ဆက်စပ်နေတဲ့ လက္ခဏာ အမျိုးမျိုးကို ပြသပါတယ်။ အစာစားချင်စိတ်နည်းလာခြင်း ၊ မအီမသာဖြစ်ခြင်း ၊ ဝမ်းလျောခြင်း စတဲ့ လက္ခဏာတွေပြသပါတယ်။

(၇) ဆံပင်ကျွတ်ခြင်း

သွေးလည်ပတ်စီးဆင်းမှု မကောင်းရင် ဦးရေပြားက ဆံပင်တွေပါးလာပြီး ခြေသလုံးမွှေးတွေလည်း ကျွတ်ပါတယ်။

(၈) အသက်ရှူရကျပ်ပြီး ရင်ခေါင်းတင်းကျပ်ကျပ်ဖြစ်ခြင်း

သွေးလည်ပတ်စီးဆင်းမှုလျော့နည်း သွားပြီဆိုရင် နှလုံးက သွေးကို ပုံမှန် မညှစ်ထုတ်နိုင်တော့ပါဘူး။ ဒါဆိုရင်တော့ အသက်ရှူရခက်ပြီး ရင်ခေါင်းထဲမှာ တစ်ခုခုဖိထားသလို မွန်းကြပ်ကြပ်ဖြစ်တာ ခံစားရမှာပါ။

ရိုးရာလေးပရိသတ်တွေထဲမှာ ဒီလိုရောဂါလက္ခဏာခံစားနေရသူတွေ ရှိတယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံးကုသမှုခံယူပါလို့ တိုက်တွန်း ပါရစေ။ ကိုယ်လက်လှုပ်ရှားအားကစားနဲ့ ညီညွတ်မျှတတဲ့ အစားအသောက်ကလည်း သွေးလည်ပတ်မှု စနစ်ကို အထောက်အကူပေးနိုင်ကြောင်း တင်ပြရင်း …

 

Ref: fabiosa "8 Warning Signs And Symptoms You May Have Poor Blood Circulation"

May Moe (ရိုးရာလေး)