မကောင်းမှုနဲ့ ဆင်းရဲဒုက္ခဆိုတာ အကြောင်းအကျိုး တစ်စုံပါပဲ

buddha-statue.jpg

(၁)
‘လူဟာ ကောင်းတဲ့အရာတွေ လုပ်ဖို့ဆိုရင် မကောင်းတာတွေ အရင်ရှောင်ရတယ်’ဆိုတဲ့ ဆရာသမားရဲ့ ဆုံးမစကားကို ငယ်ရွယ်စဉ်ကတည်းက ကြားဖူးခဲ့တယ်။ ဒီနေ့ ဥပုသ်စောင့်မယ်လို့မှ ရည်မှန်းထားရင် ငါးသွားမျှားလို့ မဖြစ်တော့သလိုမျိုး ကုသိုလ်ကောင်းမှုလုပ်ဖို့အတွက် အကုသိုလ် မကောင်းမှုကို အရင်ရှောင်ရတယ်လို့ နားလည်ပါတယ်။

ဗုဒ္ဓဘာသာဝင်များအနေနဲ့ ရှောင်ကြဉ်ရန်၊ လိုက်နာကျင့်သုံးရန်၊ သုတ်သင်ရန်ဆိုတဲ့ အချက်သုံးချက်ရှိတဲ့အထဲမှာ အရင်ဆုံး ပြုလုပ်ရမှာကတော့ ‘မကောင်းမှုကို မပြုမိအောင် ရှောင်ကြဉ်နိုင် ရေး’ပါ။ ကျွန်တော်တို့တွေ ငယ်ရွယ်စဉ်ကလေးဘဝကတည်းက စိတ်ထဲမှာ စွဲနေအောင်မှတ်သားဖူးတဲ့ အဆုံးအမစကားတစ်ခု ရှိပါတယ်။ ‘မကောင်းမှု ရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား’ ဆိုတဲ့ ဓမ္မပဒဒေသနာလာ ဆုံးမစကားပါ။

ဒီအဆုံးအမဟာ ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူပြီးကြကုန်တဲ့ ဘုရားရှင်အဆူဆူတို့ရဲ့ ဆုံးမသြဝါဒ အနှစ်ချုပ်ဖြစ်သလို ပိဋကသုံးပုံရဲ့ အနှစ်ချုပ်ဖြစ်ကြောင်းလည်း မှတ်သားရပါတယ်။
‘မကောင်းမှုဟူသမျှကို မပြုရာ၊ ကုသိုလ်ကောင်းမှုနှင့် ပြည့်စုံစေရာ၏၊ မိမိစိတ်ကို ဖြူစင်စေရာ၏။ ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း’လို့ဆိုထားတဲ့ သြဝါဒအနှစ်ချုပ်ထဲက ပထမဆုံးအချက်ဖြစ်တဲ့ ‘မကောင်းမှု ရှောင်ကြဉ်ရေး’ အကြောင်းကို ဉာဏ်မီသမျှ ပြန်ဝေမျှသွားပါရစေ။

(၂)

‘ဓမ္မဟူသည် တရား၊ ပဒဟူသည် ပုဒ်’ဖြစ်ပြီး ဗုဒ္ဓဘုရား ရှင်ဟောကြားတော်မူခဲ့ရာ တရားအနှစ်ချုပ် စာပုဒ်ကလေးတွေကို ‘ဓမ္မပဒတရား’လို့ ခေါ်ဆိုတာပါ။
ဓမ္မပဒပါဠိတော် ၁၈၃ အစမှာ ‘သဗ္ဗပါပဿ အကရဏံ- မကောင်းတာမှန်သမျှ မပြုလုပ်ဖြစ်အောင်၊ မပြောဖြစ်အောင်၊ မတွေးဖြစ်အောင် ရှောင်ကြဉ်ရမယ်’လို့ ရှင်တော်ဗုဒ္ဓက ဟောဖော် ညွှန်ပြ ဆိုဆုံးမခဲ့ပါတယ်။

မကောင်းမှုဆိုတာ ဘယ်လိုအရာလဲမေးလာခဲ့ရင် ကုသိုလ် ကောင်းမှုနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အကုသိုလ် ဒုစရိုက်တွေကို ခေါ်ဆိုတာပါ။ ‘ဒု-မကောင်းသော၊ စရိုက်-အကျင့်’ တွေဟာ ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမကို လက်ခံကျင့်သုံးတဲ့ ဗုဒ္ဓဘာသာဝင် တွေအတွက် မကောင်းမှုတွေပဲ ဖြစ်ပါတယ်။

‘အပြစ်’ဆိုတာ မကောင်းတဲ့အကျိုးကို သယ်ဆောင်လာ တတ်တဲ့သဘောရှိပါတယ်။ အဲဒီလို အပြစ်ရှိပြီး ဆင်းရဲဒုက္ခ ဖြစ်စေတတ်တဲ့ အကြောင်းတရားတွေကိုလည်း မကောင်းမှုလို့ ခေါ်ဆိုပါတယ်။ ဓမ္မပဒမှာပဲ မကောင်းမှုနဲ့ပတ်သက်ပြီး မြတ်စွာဘုရား ဖွင့်ဆို ရှင်းပြထားတာ ရှိပါသေးတယ်။

အဲဒါကတော့ ‘မကောင်းမှုဆိုတာ လုပ်ပြီးတဲ့နောက်မှာ စိတ် နှလုံးပူလောင်စေတတ်တဲ့အရာ(န တံ ကမ္မံ ကတံ သာဓု၊ ယံကတွာ အနုတပ္ပတိ)’ကို ခေါ်ဆိုခြင်းဖြစ်ကြောင်း နာကြား မှတ်သားရတာပါ။ ‘မင်းတို့တွေ မဟုတ်တာတွေ မလုပ်ရဘူး၊ မကောင်းတာတွေ မလုပ်ကြနဲ့နော်’ဆိုတဲ့ လူကြီးမိဘတွေရဲ့ သတိပေး၊ ဆုံးမမှုကို ငယ်ရွယ်စဉ်ကတည်းက ခဏခဏ ကြားဖူးပြီးသားဖြစ်ပေမယ့် မကောင်းမှု အကုသိုလ်နဲ့ပတ်သက်ပြီး တွေးစရာ၊ သိစရာ၊ ရှောင်ကြဉ်စရာတွေကတော့ ချဲ့ရင်ချဲ့သလောက် ကျယ်ပြန့်နေဦးမယ့် သဘောရှိပါတယ်။
ဒီနေရာမှာ ကျွန်တော်တို့အနေနဲ့ ထပ်ပြီးမေးခွန်းထုတ်စရာရှိတာက ‘ဘာကြောင့် မကောင်းမှုကို မပြုလုပ်ပါနဲ့လို့ မြတ်စွာဘုရားက ဆုံးမခဲ့တာလဲ’ဆိုတာပါ။

(၃)

ဒီမေးခွန်းနဲ့ပတ်သက်လို့ ‘မကောင်းမှု ရှောင်’တရားတော်မှာ သစ္စာရွှေစည်ဆရာတော်က အလွယ်ဆုံး၊ အရှင်းဆုံး ဖြေကြား ပေးထားတာရှိပါတယ်။ ဘာကြောင့် မကောင်းမှုကို ရှောင်ကြဉ်ဖို့ တားမြစ်ခဲ့တာလဲ ဆိုတဲ့မေးခွန်းကို လိုရင်းကျကျဖြေဆိုရရင် ဆင်းရဲမှာစိုးလို့၊ ဒုက္ခ ရောက်မှာစိုးလို့ဆိုတဲ့ အဖြေထွက်ပါတယ်။

လောကဥပဒေနဲ့ပဲ ကြည့်ကြပါစို့။ ကိုယ့်ပစ္စည်းမဟုတ်၊ တစ်ပါးသူကလည်း ကြည်ဖြူစွာ မပေး တဲ့ပစ္စည်းတစ်ခုခုကို မသိအောင် ခိုးယူမိရင် အဲဒါ ခိုးမှုမြောက်ပါတယ်။ ခိုးမှုမြောက်ပြီး လူမိသွားလို့ အရေးယူခံရပြီဆိုတာနဲ့ အဲဒီလူဟာ အချုပ်ထဲ၊ ထောင်ထဲမှာ ဒုက္ခရောက်ရတော့မှာပါပဲ။ သူ့အသက်သတ်၊ သူ့ဥစ္စာယူ …စတဲ့အလုပ်တွေဟာ မကောင်းမှု အကုသိုလ်တွေဖြစ်ပြီး ဒီလိုမကောင်းမှုတွေ ကျူးလွန်ရင် ဘယ်သူမဆို နာမည်ပျက်ပြီး ဆင်းရဲဒုက္ခရောက်ရမှာပါ။ ဒီအတွက် ဒုစရိုက်အမှုတွေ မလုပ်ဖို့၊ မကောင်းမှုကို ရှောင်ဖို့ ဗုဒ္ဓမြတ်စွာက ဆုံးမခဲ့တာပါ။

လူဟာ ကိစ္စတစ်ခု၊ အားထုတ်မှုတစ်ခုနဲ့ပတ်သက်ပြီး အကျိုး ကိုလိုချင်တဲ့အခါ အကြောင်းကို ဆည်းပူးရပါတယ်။ အဲဒီလိုပဲ အကြောင်းတရားကို ပြုပြီးရင်လည်း အကျိုးတရားဆိုတာကို ရှောင်ရှားလို့ မရနိုင်ပါဘူး။ ဒီနေရာမှာ သေသေချာချာသိထားရမှာက မကောင်းမှုဟာ အကြောင်းတရားဖြစ်တယ်ဆိုရင် အဲဒီ မကောင်းမှုကြောင့် ဖြစ် ပေါ်လာတဲ့ ဆင်းရဲဒုက္ခက အကျိုးတရားဖြစ်တယ်ဆိုတာပါ။ ဒီအချက်ကိုထောက်ပြပြီး ‘မကောင်းမှုနဲ့ ဆင်းရဲဒုက္ခဆိုတာ အကြောင်းအကျိုး တစ်စုံဖြစ်တယ်’လို့ သစ္စာရွှေစည်ဆရာတော်က ‘မကောင်းမှု ရှောင်’တရားတော်မှာ ဟောကြားဆုံးမထားတာ ဖြစ်ပါတယ်။

(၄)

‘သဗ္ဗပါပဿ အကရဏံ-မကောင်းမှုဟူသမျှ မပြုကြနဲ့’ ဆိုတဲ့ ဆုံးမစကားဟာ တိုတိုနဲ့လိုရင်း ထိမိသလောက် မကောင်းမှု အကုသိုလ်တွေနဲ့ပတ်သက်ပြီး ရှောင်ကြဉ်စရာကိစ္စတွေဆိုတာတော့ ချဲ့ရင်ချဲ့သလို ကျယ်ပြန့်နေနိုင်တယ်ဆိုတဲ့အကြောင်း ပြောခဲ့ပြီးပါပြီ။ လူဟာ မကောင်းမှု ဒုစရိုက်အလုပ်တွေ ကျူးလွန်တဲ့နေရာမှာ ‘သက်သတ်၊ ခိုးမှု၊ ကာမေသု’လို့ဆိုတဲ့ ကာယဒုစရိုက်တွေ ရှိသလို ‘လိမ်လည်ပြောဆိုမှု၊ ချောပစ်ကုန်းတိုက်မှု’စတဲ့ ဝစီဒုစရိုက်တွေလည်း ကျူးလွန်နိုင်ပါတယ်။

နှုတ်နဲ့ ပြောဆိုစော်ကားတဲ့ မကောင်းမှု၊ ကိုယ်ထိလက်ရောက် ပြစ်မှားကျူးလွန်တဲ့ ကာယကံမြောက် မကောင်းမှုတွေ ရှိသလို စိတ်ထဲကနေ စော်ကားပြစ်မှားတတ်တဲ့ မနောဒုစရိုက်တွေလည်း ကျန်ပါသေးတယ်။ ဒီအတွက် မကောင်းမှုကို မပြုနဲ့ဆိုတဲ့ ဘုရားရှင်အဆူဆူတို့ရဲ့အဆုံးအမဟာ မြင်သာထင်သာတဲ့ အကုသိုလ်အပြစ်ကြီးတွေကိုပဲ ရည်ညွှန်းတာ မဟုတ်ပါဘူး။ ကိုယ့်စိတ် ကိုယ့်သန္တာန်မှာ မသိမသာ ဝင်ရောက်လာတဲ့ ခက်ထန် မာကျောမှုကစလို့ မနောဒုစရိုက်၊ ဝစီဒုစရိုက်၊ ကာယဒုစရိုက် အားလုံးကို မတွေးကြံမိ၊ မပြောဆိုမိ၊ မပြုမူမိအောင် သတိထား ရှောင်ကြားကြဖို့ပဲဖြစ်ပါတယ်။

အထက်မှာ ဆိုခဲ့သလိုမျိုး မကောင်းမှု အကုသိုလ်တွေကို ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးစလုံးနဲ့ မကျူးလွန်မိအောင် ရှောင်ကြဉ်တာဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ကျင့်ထုံးတစ်ခုလို့ ကျေးဇူးတော်ရှင်ပါမောက္ခချုပ် ဆရာတော်ကြီးက ‘မကောင်းမှုမှ စိတ်ကို တားမြစ်ရမည့်အကြောင်း’တရားတော်မှာ ဟောကြားထားပါတယ်။
ဗုဒ္ဓဘာသာဝင် သူတော်စင်တိုင်း မကောင်းမှု အကုသိုလ်တွေ မလုပ်မိဖို့အတွက် ပါမောက္ခချုပ်ဆရာတော်ကြီးက- ‘မကောင်းမှုမှ စိတ်ကို တားမြစ်ရမည်။ ဒီစကားက မြတ်စွာ ဘုရားကိုယ်တိုင် မိန့်ကြားခဲ့တဲ့စကား။ ပါပါ စိတ္တံ နိဝါရယေ၊ ပါပါ-မကောင်းမှုမှ၊ စိတ္တံ-စိတ်ကို၊ နိဝါရယေ-တားမြစ်ရမယ်။ ဆိုလိုတာက မကောင်းတဲ့စိတ်တွေ ကိုယ့်သန္တာန်မှာမဖြစ်အောင်၊ သို့မဟုတ် ကိုယ့်စိတ်ကို မကောင်းတဲ့သဘာဝတရားတွေနဲ့ မပေါင်းမိအောင် တားမြစ်ရမယ်။ အဲဒီလို တားမြစ်နိုင်တဲ့ပုဂ္ဂိုလ်မှ ချမ်းသာသုခ အပြည့်အဝရှိတဲ့ နိဗ္ဗာန်ကို ရရှိမှာဖြစ်တယ်။
ဒါ ပြောမယ်ဆိုရင် ဗုဒ္ဓဘာသာတို့ရဲ့ကျင့်ထုံးတစ်ခု။ ဗုဒ္ဓဘာသာဝင် သူတော်စင်တိုင်းဟာ ဘာအလုပ်ကို လုပ်ရသလဲဆိုရင် မကောင်းမှုမှ စိတ်ကိုတားမြစ်တဲ့အလုပ်ကို လုပ်ရမယ်’လို့ မိန့်ကြား ဆုံးမထားတာပါ။ နောက်ပြီး အာသဝသုတ်အစရှိတဲ့ ထိုထိုသုတ္တန်တွေမှာလည်း မကောင်းမှု ရှောင်ကြဉ်ရေးအတွက် ဟောကြား ဆုံးမထားတာတွေ လေ့လာ၊ မှတ်သားနိုင်ပါတယ်။

(၅)

‘စိတ်သည် မကောင်းမှု၌ မွေ့လျော်၏’တဲ့။ ဒီစကားဟာလည်း ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအတွက် မကြာခဏ ကြားဖူးနေကျစကားပါပဲ။ ဥပမာအနေနဲ့ လူငယ်တစ်ယောက်ဟာ တရားရိပ်သာသွား၊ တစ်နာရီလောက် တရားထိုင်ရတာထက် ဘီယာဆိုင်သွားပြီး သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့စားသောက်ရတာက သူ့အတွက် ပိုပျော် စရာကောင်းနေနိုင်တဲ့ သဘောမျိုးဖြစ်ပါလိမ့်မယ်။ မကောင်းမှု အကုသိုလ်တစ်ခုခု ကျူးလွန်တဲ့ကိစ္စမှာ ကိုယ့်စိတ်ကို ထိန်းနေစ ရာမလိုပါဘူး။ ကိုယ်ကျင့်သီလတစ်ခု စောင့်စည်းနိုင်ဖို့အတွက် ကျတော့ မနောကံကစပြီး ကာယကံ၊ ဝစီကံတွေကိုလည်း ထိန်းသိမ်း သည်းခံရရလို့ လောကလူသားတွေရဲ့စိတ်ဟာ မကောင်းမှု လုပ်ရတာကို ပိုမွေ့လျော်တာဖြစ်မှာပါ။

ဒါပေမဲ့ စိတ်ဆိုတာ မကောင်းမှုလုပ်ရတာ ပျော်တယ်ဆိုတဲ့စကား လက်ကိုင်ထားပြီး စောင့်စည်းလိုက်နာအပ်တဲ့ လူ့ကျင့်ဝတ်၊ ကိုယ်ကျင့်တရားတွေကို မလိုက်နာ မစောင့်စည်းဘူးဆိုရင် အဲဒီလူအတွက် အကျိုးဆက်ဟာ ဆင်းရဲဒုက္ခတွေပဲ ဖြစ်လာမှာ သေချာပါတယ်။ တကယ်လို့ ကိုယ့်စိတ်ကို မထိန်းနိုင်ဘဲ လစ်ရင်လစ်သလို မကောင်းမှုအလုပ်တွေ လုပ်ဖြစ်နေမယ်ဆိုရင်တော့ ဆိတ်ကွယ်ရာ အရပ်၌ပင် မကောင်းမှုကို ပြုတော်မမူဘူးဆိုတဲ့ ရှင်တော်ဗုဒ္ဓရဲ့ အရဟံဂုဏ်တော်ကို အောက်မေ့ပြီး ဆင်ခြင်ထိန်းသိမ်းနိုင်ဖို့ဖြစ်ပါ တယ်။ ဘုရားရှင်ဟောကြားခဲ့တဲ့ မင်္ဂလာတရား(၃၈)ပါးထဲမှာ ‘အာရတီ ဝိရတီ ပါပါ’ဆိုတဲ့အချက် ပါဝင်တာ ဗုဒ္ဓဘာသာဝင် အားလုံး သိကြပြီးသားပါ။ ‘မကောင်းမှုတို့ကို စိတ်ဖြင့်ဝေးစွာ ရှောင်ကြဉ်ခြင်း၊ ကိုယ်နှုတ်ဖြင့် အထူးရှောင်ကြဉ်ခြင်းအလုပ်ဟာ ကောင်းမြတ်တဲ့ မင်္ဂလာ’ရယ်လို့ ဟောကြားဆုံးမထားတာ ဖြစ်ပါတယ်။

မင်္ဂလသုတ်အစ ‘အသေဝနာ စ ဗာလာန မင်္ဂလာ’ဆိုရင်လည်း မကောင်းမှုဒုစရိုက်တွေကို မကျူးလွန်မိဖို့အရေး ရှေးရှုပြီး လူဆိုးလူမိုက်တွေနဲ့ အပေါင်းအသင်းမလုပ်ဖို့ တားမြစ်ထားတယ် ဆိုရမှာပါ။
‘မကောင်းမှုတွေ ဟူသမျှကို
မတွေ့ခင်က ရှောင်ကြဉ်လေ။
တွေ့ကြုံလာရင် မလွန်ကျူးနဲ့
အထူးသဖြင့် စောင့်စည်းနေ’အစရှိတဲ့ မင်္ဂလာတရားတော်လာ မင်္ဂလာကဗျာရဲ့ အဆုံးအမအတိုင်း ကိုယ့်စိတ်နှလုံးကို ပူ လောင်စေတတ်၊ ဆင်းရဲဒုက္ခရောက်စေတတ်တဲ့ မကောင်းမှု အကုသိုလ်တွေကို မပြုလုပ်မိ၊ မပြောဆိုမိ၊ မကြံစည်မိအောင် ထိန်းသိမ်းနိုင်ကြဖို့ တိုက်တွန်းလိုရင်းပါပဲ။ မကောင်းမှုနဲ့ ဆင်းရဲဒုက္ခဟာ အကြောင်းအကျိုးတစ်စုံဆိုတာ လက်ခံနိုင်တယ်ဆိုရင် မကောင်းမှုတွေနဲ့ တတ်နိုင်သမျှ ဝေးဝေးနေနိုင်ကြမယ်ဆိုတာ ယုံကြည်ကြောင်းပါ ခင်ဗျာ။

မိုးအောင်လင်းနိုင် ( ရိုးရာ လေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top