အမေရိကန်အစိုးရက တရုတ်နိုင်ငံထံ နည်းပညာရောင်းချမှု ကန့်သတ်ပိတ်ပင်လိုက်ပြီးနောက် အာရှချစ်ပ်ထုတ်လုပ်ရေးကုမ္ပဏီကြီးတွေရဲ့ ရှယ်ယာတန်ဖိုး ကျဆင်း

12-10-2022-yyl-06.jpg

တရုတ်နိုင်ငံထံ နည်းပညာရောင်းချမှု ပိတ်ပင်တဲ့ စည်းမျဉ်းသစ်တွေကို အမေရိကန်အစိုးရက ထုတ်ပြန်ခဲ့ပြီးနောက် ကွန်ပျူတာချစ်ပ် ထုတ်လုပ်တဲ့ အာရှကုမ္ပဏီကြီးတွေရဲ့ ရှယ်ယာတန်ဖိုး ထိုးကျသွားခဲ့ပါတယ်။ စူပါကွန်ပျူတာတွေနဲ့ မှတ်ဉာဏ်တုနည်းပညာအတွက် အသုံးပြုတဲ့ ချစ်ပ်ပြားတချို့ကို တရုတ်လုပ်ငန်းစုတွေထံ မရောင်းချဖို့ အမေရိကန်ကုမ္ပဏီတွေကို ပိတ်ပင်သွားမယ်လို့ အမေရိကန်အစိုးရက ကြေညာခဲ့တာပါ။ ပြီးခဲ့တဲ့သောကြာနေ့က ကြေညာခဲ့တဲ့ စည်းမျဉ်းသစ်တွေဟာ အမေရိကန်ထုတ်ကုန်ပစ္စည်းတွေကို အသုံးပြုတဲ့ ပြည်ပကုမ္ပဏီတွေရဲ့ ရောင်းချမှုတွေနဲ့ပါ သက်ဆိုင်နေပါတယ်။

ကမ္ဘာ့စီးပွားရေးနှေးကွေးလာလို့ နည်းပညာကုမ္ပဏီတွေရဲ့ ဝယ်လိုအားကျဆင်းနေချိန်မှာ ဒီကြေညာချက် ထွက်ပေါ်လာတာပါ။ အောက်တိုဘာလ ၁၁ ရက်က ထိုင်ဝမ် ချစ်ပ်ထုတ်လုပ်ရေးကုမ္ပဏီ TSMC ရဲ့ ရှယ်ယာတန်ဖိုး ၈ ရာခိုင်နှုန်းကျော် ကျဆင်းသွားပြီး ဂျပန်ကုမ္ပဏီ Tokyo Electron ရဲ့ ရှယ်ယာတန်ဖိုး ၅.၅ ရာခိုင်နှုန်း၊ တောင်ကိုရီးယားကုမ္ပဏီ Samsung Electronics ရဲ့ ရှယ်ယာတန်ဖိုး ၁.၄ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး ချစ်ပ်ထုတ်လုပ်ရေးကုမ္ပဏီ SMIC ရဲ့ရှယ်ယာတန်ဖိုးက ဟောင်ကောင်ဈေးကွက်မှာ ၄ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။ အမေရိကန်အစိုးရရဲ့ စည်းမျဉ်းသစ်အရ နည်းပညာမြင့် ချစ်ပ်တွေ ထုတ်လုပ်နိုင်တဲ့ ပစ္စည်းတွေကို တရုတ် ချစ်ပ်ထုတ်လုပ်ရေးကုမ္ပဏီတွေထံ ပံ့ပိုးပေးချင်တဲ့ အမေရိကန်ကုမ္ပဏီတွေအနေနဲ့ လိုင်စင်လျှောက်ထားရမှာ ဖြစ်ပါတယ်။ ဒီစည်းမျဉ်းဟာ တရုတ်စစ်တပ်နဲ့ နည်းပညာပိုင်းဆိုင်ရာ အဆင်မြှင့်တင်မှုတွေကို တားဆီးဖို့ ရည်ရွယ်တယ်လို့ အမေရိကန်အစိုးရက ဆိုပါတယ်။

ဒါဟာ ဆယ်စုနှစ်များစွာအတွင်း တရုတ်နိုင်ငံထံ နည်းပညာတင်ပို့မှုနဲ့စပ်လျဉ်းပြီး အမေရိကန်အစိုးရရဲ့ မူဝါဒပိုင်းဆိုင်ရာ ကြီးမားတဲ့ အလှည့်အပြောင်းတစ်ရပ် ဖြစ်ပါတယ်။

Ref: Asia chipmaker shares slide after US curbs on China

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top