ဆယ်ကျော်သက်လေးရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့ Apple လက်ပတ်နာရီ

ဒီးန်နာ ရက်တန်ဝဲလ်ဒ် (Deanna Recktenwald) ဆိုတဲ့မိန်းကလေးဟာ အားကစားတော်တော်လေးလိုက်စားတဲ့ မိန်းကလေးပါ။ ဘော်လီဘော၊ ပန်းပွားနဲ့ ဂျွမ်းဘားအားကစားတွေကိုလည်း သူ(မ)အသက် (၅) နှစ်အရွယ်ကတည်းက ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Apple လက်ပတ်နာရီက သူ(မ)ရဲ့နှလုံးခုန်နှုန်းဟာ (၁၉၀) ထိရောက်နေပြီလို့ သတိပေးတဲ့အခါမှာတော့ ခရစ်ယာန်ဘုရားကျောင်းရဲ့ ခုံတန်းရှည်ပေါ်မှာပဲ ထိုင်ပြီး အနားယူနေလိုက်ပါတယ်။ ရက်တန်ဝေါ့ဒ် ရော၊ သူ(မ)ရဲ့မိသားစုရောကပါ ဒီကိစ္စနဲ့ပတ်သက်ပြီး သံသယရှိနေခဲ့တာပါ။

လတ်ပတ်နာရီကလည်း ဒီးန်နာရဲ့ နှလုံးခုန်နှုန်းဟာ (၁၄၀) ထိတက်သွားလိုက်၊ (၆၀) ကိုပြန်ကျသွားလိုက်၊ တဖန် (၁၄၀) ထိပြန်တက်သွားလိုက်ဆိုတာကို ထပ်ခါခပ်ခါ သတိပေးနေခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ (၁၉၀) အထိတက်သွားခဲ့ပြီး ဆေးစစ်ချက်ပြုလုပ်ဖို့ လိုနေပြီဖြစ်ကြောင်းကို လက်ပတ်နာရီက တုန်ခါ အသိပေးခဲ့တာဖြစ်ကြောင်း ဒီးန်နာရဲ့ ဖခင် တွန် ရက်တန်ဝဲလ်ဒ် (Tom Recktenwald) က CBS သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး သူ့ရဲ့ဇနီးက သူနာပြုတစ်ယောက်ဖြစ်တဲ့အတွက် ဒီးန်နာ ရဲ့နှလုံးခုန်နှုန်းကို စမ်းသပ်ကြည့်တဲ့အခါမှာတော့ ဒီနည်းအတိုင်းဖြစ်ပျက်နေပြီး နာရီရဲ့သတိပေးချက် မှန်ကန်နေတာကိုလည်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီးန်နာ ရဲ့မိခင်က သူ(မ)ကို အလျင်အမြန် ဆေးဝါးစစ်ဆေးမှုတွေပြုလုပ်ဖို့အတွက် စောင့်ရှောက်ရေးစင်တာကိုပို့ပြီး သွေးပေါင်ချိန်ကို တိုင်းတဲ့အခါမှာတော့ (၁၅၀/၉၉) ထိဖြစ်နေတာကို သိရှိခဲ့ကြပါတယ်။ ဒါကြောင့်မို့ နောက်ထပ် ဆေးစစ်ချက်တွေပြုလုပ်ဖို့အတွက် တမ်ပါ (Tampa) အထွေထွေဆေးရုံရဲ့ အရေးပေါ်ခန်းကို ခေါ်သွားခဲ့ပါတယ်။

ဓာတ်ခွဲမှုပေါင်းစုံနဲ့ KFG တွေကို ပြုလုပ်ပြီးတဲ့အခါမှာတော့ ဒီးန်နာ ဟာ နှလုံးပြဿနာတစ်ခုထဲ ဖြစ်နေတာမဟုတ်ဘူးဆိုတာကို သိရှိခဲ့ရပါတယ်။ အဖြေရှာလို့မရတဲ့ နောက်ထပ်ပြသနာတစ်ခု ထပ်ရှိနေသေးတယ်လို့လည်း ကောက်ချက်ချခဲ့ကြပါတယ်။ ရက်တန်ဝေါ့ဒ် က CBS သတင်းဌာနကို "သူမက ကျောက်ကပ်ပျက်စီးနေတာပါ။ ကျောက်ကပ်တစ်ခုလုံးက (၂၀) ရာခိုင်နှုန်းလောက်ပဲ အလုပ်လုပ်ပြီး ဘာကြောင့်ပျက်စီးနေရတယ်ဆိုတာကိုလည်း ကျွန်တော်တို့ အဖြေရှာမရပါဘူး" လို့ပြောကြားခဲ့ပါတယ်။

တခြားဆေးစစ်ချက်တွေကို ဆက်လက်ပြုလုပ်ပြီးတဲ့အခါမှာတော့ ဒီးန်နာ ဟာ Alport syndrome ဆိုတဲ့ရောဂါကို ခံစားနေရကြောင်း သိရှိခဲ့ရပါတယ်။ အဲဒီရောဂါဟာ မျိုးရိုးဗီဇနဲ့ဆိုင်ပြီး ကျောက်ကပ်တွေကို ဆင့်ကဲပျက်စီးစေတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အရေးပေါ်ခွဲစိတ်မှုမလိုအပ်ခင် Apple လက်ပတ်နာရီက ရောဂါလက္ခဏာ အချက်ပေးမှုပြသခဲ့တဲ့အတွက်လည်း ဒီးန်နာ အနေနဲ့ အတော်ကံကောင်းသွားတာဖြစ်ပြီး ဆရာဝန်ကတော့ ဒီ (၅) နှစ်အတွင်းမှာ ကျောက်ကပ်အစားထိုးကုသရမယ့် အလားအလာရှိနေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။ တွန် ရက်တန်ဝဲလ်ဒ် ကတော့ ယခုအခါမှာ သူတို့မိသားစုဟာ ဒီးန်နာ ရဲ့ကျောက်ကပ်နဲ့ ကိုက်ညီမယ့်သူက ဘယ်သူဖြစ်မယ်ဆိုတာကို စတင် စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်နေကြပြီလို့ ဆိုပါတယ်။

ဆက်လက်ပြီး တွန် က "ဒီလက်ပတ်နာရီလေး သူ့မှာရှိနေတဲ့အတွက် တော်တော်ကျေးဇူးတင်မိပါတယ်။ လာမယ့် ဩဂုတ်လဆို သူ(မ) ကောလိပ်ကျောင်း သွားတက်ရတော့မှာပါ။ နောက်ဆုံးအနေနဲ့ သူ့မှာ ဒီရောဂါရှိနေတယ်ဆိုတာကို ကျွန်တော်အသိမပေးဘဲ ကောလိပ်ကို အေးအေးဆေးဆေးလေး တက်စေချင်တယ်" လို့ဆိုပါတယ်။

ဒီးန်နာ ရဲ့မိခင် စတေစီ (Stacy) ကလည်း သူ(မ)သမီးရဲ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ Apple လက်ပတ်နာရီလေးကို ကျေးဇူးတင်နေပြီး အင်တာနက်ကနေ Apple ကုမ္မဏီကိုကျေးဇူးတင်ကြောင်း e-mail ရေးပို့ချင်ပေမယ့် သူ(မ)ရှာတဲ့အခါ ဘာမှမတွေ့တဲ့အတွက် ပြည်တွင်းက Apple အရောင်းဆိုင်ကိုပဲ ကျေးဇူးတင်ကြောင်း စာတိုပေးပို့ခဲ့ရတယ်လို့ ဆိုပါတယ်။

နောက်တစ်နေ့မှာတော့ တင်မ် ကွတ်ခ် (Tim Cook) ဆီက သီးသန့်စာတိုပြန်လည် ရရှိခဲ့တယ်လို့ ဆိုပါတယ်။ တွန် ရက်တန်ဝေါ့ဒ် က ဒါဟာ မယုံသကာင်္ဖြစ်စရာတောင် ကောင်းနေတယ်လို့ CBS သတင်းဌာနကို ပြောကြားခဲ့ပြီး "ကျွန်တော်တို့ ဘယ်လို e-mail မှပြန်လည်ရရှိဖို့ မမျှော်လင့်ခဲပေမယ့် ကုမ္ပဏီရဲ့ CEO ကိုယ်တိုင်ပေးပို့တဲ့ e-mail မို့ တကယ်အံ့အားသင့်ရပါတယ်" လိုလည်းဆိုပါတယ်။ ဆိုရှယ်မီဒီယာစာမျက်နှာပေါ်မှာလည်း တင်မ် ကွတ်ခ် က "ဒီးန်နာ လိုအဖြစ်အပျက်ဟာ ကျွန်တော်တို့ကို အိမ်မက်ကြီးကြီးမက်စေပြီး နေ့ရက်တွေတိုင်းမှာ ပိုလို့ကြိုးစားဖို့ အားအင်ဖြစ်လာစေပါတယ်" ဆိုပြီး ရေးသားဖော်ပြထားပါတယ်။

တွန် ရက်တန်ဝေါ့ဒ် ကနေပြီး သူရဲ့သမီးဟာ ဒီ Apple လက်ပတ်နာရီလေးကိုပတ်ပြီး ကောလိပ်သွားတက်မှာဖြစ်လို့ စိတ်အေးရကြောင်းနဲ့ ပထမတစ်ခေါက်ကလို သူ(မ)ရဲ့နှလုံးခုန်နှုန်း ပုံမှန်မဟုတ်တော့တဲ့အခါမှာတောင် အနည်းဆုံး သူ(မ)ကိုသတိပေးမယ့် လက်ပတ်နာရီလေး ရှိနေသေးတဲ့အတွက် စိတ်သက်သာရာရကြောင်း ပြောကြားခဲ့ပါတယ်။

အခုအချိန်မှာတော့ ရက်တန်ဝဲလ်ဒ် တစ်မိသားစုလုံးဟာ Apple လက်ပတ်နာရီရဲ့ အမာခံအားပေးသူကြီးတွေ ဖြစ်နေကြပါပြီ။

 

Ref: CBS News "Teen's Apple Watch may have saved her life"

Po Mo Htoo Aung (ရိုးရာလေး)