လေ့ကျင့်ခန်းလုပ်ခြင်းက စိုးရိမ်ပူပန်မှုလက္ခဏာတွေကို သက်သာစေနိုင်

30.1.2021yyl45.jpg

လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တာဟာ ဆေးဝါး (သို့) ကုထုံးမလိုဘဲ ကာလရှည်ခံစားနေရတဲ့ စိုးရိမ်ပူပန်မှုလက္ခဏာတွေကို သက်သာလျော့နည်းစေနိုင်တယ်လို့ သုတေသနသစ်တစ်ရပ်မှာ ဖော်ပြပါတယ်။ ကြံ့ခိုင်မှုနဲ့ နှလုံးလေ့ကျင့်ခန်း ၂ မျိုး ပေါင်းစပ်ထားတဲ့ Circuit training လုပ်ခြင်းအားဖြင့် ကြွက်သားတင်းမာမှုတွေ ပြေလျော့စေပြီး အန်ဒေါ်ဖင် (endorphin)ဟော်မုန်း အားကောင်းစေတဲ့အတွက် စိုးရိမ်ပူပန်မှုခံစားချက်တွေ လျော့နည်းစေတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

ဆွီဒင်နိုင်ငံက သုတေသီတွေဟာ စိုးရိမ်ပူပန်မှုလက္ခဏာတွေ နာတာရှည် ခံစားနေရတဲ့ ပျမ်းမျှအသက် ၃၉ နှစ်အရွယ်ရှိသူ ၂၈၆ ယောက်ကို လေ့လာခဲ့ကြပြီး သူတို့ရဲ့ရလဒ်တွေကို ပြည်သူ့ကျန်းမာရေး အကြံပေးချက်တွေအတိုင်း ကိုယ်လက်လှုပ်ရှားမှုလုပ်တဲ့အဖွဲ့ရဲ့ ရလဒ်တွေနဲ့ နှိုင်းယှဉ်ကြည့်ခဲ့တာပါ။ အဲဒီလေ့လာမှုအရ လေ့ကျင့်ခန်းလုပ်သူတိုင်း စိုးရိမ်ပူပန်မှုလက္ခဏာတွေ သက်သာလာပြီး လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်သူတွေက တိုးတက်မှုပိုရှိတာ တွေ့ရပါတယ်။

သုတေသနမှာ ပါဝင်ခဲ့သူအများစုဟာ Circuit training (၁၂)ပတ်ကြာ လုပ်ပြီးတဲ့နောက် စိုးရိမ်ပူပန်မှုလက္ခဏာ အပြင်းစားအဆင့်၊ အလယ်အလတ်အဆင့်တွေကနေ မဆိုသလောက်ပဲ ခံစားရတဲ့အဆင့်အထိ တိုးတက်လာခဲ့တာ တွေ့ရပါတယ်။ လေ့ကျင့်ခန်း အပေါ့စားလောက်ပဲ လုပ်သူတွေက တိုးတက်မှုနှုန်း ၃.၆၂ ရှိပြီး ပြင်းပြင်းထန်ထန် လုပ်သူတွေကတော့ ၄.၈၈ နှုန်းအထိ ရှိခဲ့ပါတယ်။

မတူညီတဲ့ ကြွက်သားတွေ သန်မာလာစေဖို့ လေ့ကျင့်ခန်း အမျိုးမျိုးဆက်တိုက် လုပ်တာကို Circuit training (ပတ်ပတ်လည် လေ့ကျင့်မှု)လို့ ခေါ်ဆိုပါတယ်။ အခုသုတေသနမှာ ပါဝင်တဲ့ အဖွဲ့ ၂ ဖွဲ့လုံးကို လေ့ကျင့်ရေးနည်းပြရဲ့ သင်ပြမှုအောက်မှာ တစ်ပတ်၊ ၃ ကြိမ်၊ ၁ ကြိမ်၊ မိနစ် ၆၀ နှုန်းနဲ့ လေ့ကျင့်ခန်း လုပ်ခိုင်းခဲ့တာပါ။ သွေးပူလေ့ကျင့်ခန်းလုပ်ပြီးရင် Circuit training ကို ၄၅ မိနစ်ကြာ လုပ်ခိုင်းပြီး သုတေသနကာလတစ်လျှောက်မှာ လေ့ကျင့်မှု ၁၂ ကြိမ် လုပ်စေခဲ့တာပါ။

Ref: Goodnews “Intensive Exercise the ‘Best Way to Alleviate Symptoms of Chronic Anxiety Without Drugs or Therapy’”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top