ပင်လယ်ကြီးကို ကာကွယ်နိုင်ဖို့ ဘာတွေလုပ်ဆောင်သင့်သလဲ

ကမ္ဘာ့မြေမျက်နှာပြင်အတော်များများကို ရေထုကဖုံးလွှမ်းထားပါတယ်။ ကမ္ဘာကြီးပူနွေးလာမှု ဖြစ်စဉ်တွေအရ ပင်လယ်ရေမျက်နှာပြင်ဟာလည်း တစ်ဖြည်းဖြည်းမြင့်တက်လာပါတယ်။

ဒါပေမယ့် ရေထု တဖြည်းဖြည်းညစ်ညမ်းလာပြီး ရေနေသတ္တဝါအချို့ မျိုးတုန်းဖို့ ဘေးတွေနဲ့ ကြုံတွေ့နေရပါတယ်။ ဒါကိုကာကွယ်တားဆီးနိုင်ဖို့ တစ်ဦးတစ်ယောက်ခြင်းဆီ လုပ်ဆောင်သင့်တာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။



၁။ စွမ်းအင်သုံးစွဲမှု ချွေတာပါ။ ကားသုံးစွဲမယ့်အစား ခရီးနီးရင် ဘတ်စ်ကားစီးတာ စက်ဘီးစီးတာ လမ်းလျှောက်တာတို့ လုပ်ဆောင်ပေးခြင်းဖြင့် ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲမှုကို တစ်ဖက်တစ်လမ်းက ကာကွယ်ပေးနိုင်ပါတယ်။

၂။ ငါးမျိုးစိတ်တွေရှားပါးလာမှုမှာ အလွန်အကျွံငါးဖမ်းခြင်းနဲ့ ရောင်းဝယ်ခြင်းဟာလည်း တစ်ခုအပါအဝင်ပါ။ ဒါ့ကြောင့် ငါးစားသုံးတဲ့အခါ ဒါမှမဟုတ် ဝယ်တဲ့အခါ ကိုယ့်အတွက် တကယ်အာဟာရဖြစ်ပြီး အသုံးဝင်သလောက်ကိုသာ စားသုံးပါ။ ဒါက ကူညီထိန်းသိမ်းပေးရာ ရောက်ပါတယ်။

၃။ အားလုံးသိတဲ့အတိုင်း ပလတ်စတစ်ပစ္စည်းတွေဟာ တော်တော်ဒုက္ခပေးနိုင်တဲ့ပစ္စည်းတွေပါ။ ဆွေးမြေ့ပျက်စီးဖို့ ခဲယဉ်းပြီး အချိန်တော်တော်ကြာတဲ့အထိ မပျက်မစီးပဲရှိနေတတ်ပါတယ်။ ပင်လယ်ထဲမှာလည်း စွန့်ပစ်ထားတဲ့ပလတ်စတစ်ပစ္စည်းတွေကြောင့် တစ်နှစ်တစ်နှစ် ရေနေသတ္တဝါပေါင်းများစွာ သေကြပျက်စီးသလို ရေထုညစ်ညမ်းမှုလည်း ပိုတိုးစေပါတယ်။ ဒါ့ကြောင့် ပလတ်စတစ်ပစ္စည်းတွေကို recycleလုပ်ပြီး အသုံးပြုစေချင်ပါတယ်။



၎။ ကမ်းခြေမှာ ရေကူးတာပဲဖြစ်ဖြစ်၊ လှိုင်းစီးတာပဲဖြစ်ဖြစ်၊ ဒီတိုင်းသွားဆော့တာပဲဖြစ်ဖြစ် ပြန်တဲ့အခါ အမှိုက်တွေ ရှုပ်ပွမထားခဲ့ပဲ ကိုယ့်အမှိုက်ကိုယ် ရှင်းလင်းခဲ့ပါ။ တစ်ခြားသူတွေကိုလည်း တိုက်တွန်းပါ။

၅။ ရှားပါးပင်လယ်ထွက်ပစ္စည်းတွေ ( ဥပမာ- သန္တာကျောက်တန်းက ကျောက်တွေနဲ့ လုပ်ထားတာတွေ၊ ရှားပါးပင်လယ်လိပ်ခွံတွေ၊ ငါးမန်း၊ ဝေလငါးထွက်ပစ္စည်းတွေနဲ့ လုပ်ထားတဲ့ လူသုံးကုန်တွေ ) ဝယ်ယူခြင်းမှ အတတ်နိုင်ဆုံး ရှောင်ကြဉ်ပေးပါ။

၆။ ပင်လယ်ငါးပုစွန်စတာတွေနဲ့ လုပ်ထားတဲ့ တိရိစ္ဆာန်အစာတွေကို အတတ်နိုင်ဆုံး ရှောင်ပြီးဝယ်ပေးပါ။ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးချင်တယ်ဆိုရင်တောင် ပင်လယ်ငါးတွေကို မမွေးစေချင်ပါဘူး။

၇။ ပင်လယ်ကြီးကို သန့်ရှင်းစေဖို့ ရေထုသန့်ရှင်းစေဖို့ လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းတွေ အများကြီးရှိပါတယ်။ သူတို့နဲ့ ပူးပေါင်းကူညီပေးနိုင်ပါတယ်။



၈။ ကိုယ့်ရဲ့ လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းကိုလည်း ထိန်းသိမ်းဖို့အတွက် အသိပညာပေးပါ။

၉။ သူများတွေ ဘယ်လိုထိန်းသိမ်းနေသလဲ၊ မိမိကကော ဘယ်လိုကူညီဖြေရှင်းပေးနိုင်မလဲ စူးစမ်းလေ့လာပါ။ ကိုယ်တိုင် ခရီးထွက်ပါ။

၁၀။ ပင်လယ်သမုဒ္ဒရာတွေနဲ့ ရေနေသတ္တဝါတွေအကြောင်း များများလေ့လာပါ။ သူတို့လေးတွေရဲ့ သဘောသဘာဝတွေနဲ့ အသက်ရှင်နေထိုင်မှုပုံစံကို နားလည်အောင်လေ့လာခြင်းဖြင့် တခြားသူကို ပြန်လည်အသိပညာပေးနိုင်ပါတယ်။

Ref: National Geographic : Ten Things You Can Do to Save The Ocean

Sophia (ရိုးရာလေး)