ကလေးတွေ ရိုးသားဖြောင့်မှန်စွာ အရွယ်ရောက်ဖို့ လူကြီးမိဘတွေက စံနမူနာကောင်းဖြစ်နေဖို့ လိုပါတယ်

တခါတုန်းက တရုတ်ပြည်မှာ ကွန်ဖြူးရှပ် ပညာသင်ကြားပေးနေစဉ်ကာလက သူ့ရဲ့တပည့်တွေထဲမှာ ဥာဏ်ရည်ရော စာရိတ္တပါ ထူးချွန်တဲ့ ကျန်းဇီး ဆိုတဲ့ တပည့်တစ်ယောက်ရှိသတဲ့။

တစ်နေ့ကျတော့ ကျန်းဇီးရဲ့ မိန်းမက ဈေးသွားဖို့ ပြင်ဆင်နေတုန်းမှာ သူတို့ရဲ့ ကလေးငယ်က ငိုယိုပြီး ဂျီကျနေခဲ့တယ်။

အဲ့ဒီမှာ ကျန်းဇီးရဲ့မိန်းမက သူ့သားအငိုတိတ်အောင်ဆိုပြီး "သားလေးက လိမ္မာပါတယ်။ အခု တိတ်တိတ်နေရင် အမေ ဈေးကပြန်လာတဲ့အခါ ဝက်တစ်ကောင် သတ်ပြီးကျွေးမယ်" လို့ပြောသတဲ့။ အဲ့ဒါနဲ့ ကလေးက အငိုတိတ်ပြီး ဆော့နေတဲ့အခါ သူ့မိန်းမက ဈေးသွားတာပေါ့။ သူ့မိန်းမလဲ ဈေးကပြန်လာရော ကျန်းဇီးက အိမ်မှာ မွေးထားတဲ့ ဝက်တစ်ကောင်ကို ဖမ်းပြီး ဓါးကို ကိုင်တော့တာပဲ။ သူ့မိန်းမက "ဘာလုပ်တာလဲ။ ကျွန်မက ကလေးကို ချော့ရုံပဲ ချော့တာပါ။ တကယ်ပြောတာမှ မဟုတ်တာပဲ" လို့ ဆိုတယ်။


ကျန်းဇီးက "ရှင်မ မင်းဈေးမသွားခင်က ကလေးကို ပြန်လာတဲ့အခါ ဝက်သတ်ပြီး ကျွေးမယ်လို့ ကတိပေးခဲ့တယ်။ ဒါ့ကြောင့် အခု ကတိတည်ရမယ်။ ကလေးက ငယ်သေးတာ မှန်တယ်။ ဒါပေမယ့် သိစိတ်ရှိနေပြီ။ မင်းကို အတုခိုးလိမ့်မယ်။ ဒီနေ့ ဝက်ကို မသတ်ရင် ငါတို့ဟာ သူကြီးလာတဲ့အခါ လိမ်ညာတတ်အောင် သင်ကြားပေးနေတာပဲ။ နောက်ပြီး သူ့အမေက သူ့ကိုလိမ်နေတာဆိုတာကို သိနားလည်သွားရင် မင်းကိုလည်း တစ်သက်လုံးယုံကြည်တော့မှာမဟုတ်ဘူး။ နောက်ဆက်တွဲ ပြဿနာတွေကို ရှောင်ကြဉ်နိုင်ဖို့ ဒီဝက်ကို ငါတို့ ဒီနေ့ပဲ သတ်ရလိမ့်မယ်" လို့ ပြောလိုက်တယ်။ အဲ့လို ပြောပြီးပြီးချင်းပဲ သူ့ရဲ့ ဓါးနဲ့ ဝက်ကို သတ်လိုက်သတဲ့။

ဒီဇာတ်လမ်းက တဆင့် ပြောပြချင်တာကတော့ မိဘတွေဟာ ကလေးတွေကို ငယ်စဉ်အခါမှာ ဘာမှမသိနားမလည်သေးဘူးဆိုပြီး အလွယ်တကူ လိမ်လည်တတ်ကြတယ်။ ကတိတွေကို ချိုးဖောက်တတ်ကြတယ်။ ဒါပေမယ့် အဲ့ဒီကလေးငယ်တွေက သူ့မိဘတွေရဲ့ အလိမ်အညာတွေနဲ့ ကြီးပြင်းလာတဲ့အခါ တစ်ပါးသူကို ယုံကြည်မှုပြဿနာ (trust issues) တွေနဲ့ကြီးပြင်းလာသလိုပဲ။ လိမ်ညာတာဟာ ဘာမှအပြစ်မရှိတဲ့ သဘာဝအလုပ်တစ်ခုလို ထင်မြင်လာစေတယ်။ ဒါဟာ အနာဂါတ်လူသားတွေအားလုံးအတွက် အန္တရာယ်ကြီးလှပါတယ်။ ငယ်စဉ်ထဲက ကလေးတွေကို ဖြောင့်ဖြောင့်မှန်မှန်ဆက်ဆံပြီး ကတိတည်ရင် ကလေးတွေကလည်း မိဘတွေကို အတုခိုးပြီး လူမှန်လူကောင်းတွေ ဖြစ်လာကြမှာပါ။
Jong Kin (ရိုးရာလေး)