သတိထားသင့်သော မြန်မာစာ အဖြတ်အတောက်များ

မြန်မာစာ၊ မြန်မာစကားဟာ ပြောရမယ်ဆို အတော်ကို ရှုပ်ထွေးနက်နဲတဲ့ ဘာသာစကားတစ်ခုပါ။ စကားအရာမှာရော၊ စာရေးသားရာမှာပါ စည်း၊ စနစ်၊ ဘောင်တွေ မြောက်များစွာ ရှိပါတယ်။

မြန်မာစာကို ရေးသားရာမှာ စာလုံးပေါင်းသတ်ပုံက အရေးအကြီးဆုံးလို့ ထင်ရတာပေမယ့် အဖြတ်အတောက်မှားခဲ့ရင်လည်း စာရဲ့ ဆိုလိုရင်းအဓိပ္ပာယ်မရောက်တော့ဘဲ ရယ်စရာ ဖြစ်သွားတတ်ပါတယ်။ စာရေးသူတို့ ငယ်ငယ်က မြန်မာစာမှာ သင်ကြားခဲ့ရတာလေး ရှိပါတယ်။ “လေးညှင်း၊ ထန်းမြစ်၊ ယမ်း၊ ကတိုး၊ ရှိန်းခို၊ တောင်ကြာဥ၊ ဂျူး၊ ဆင်ချေးမှို” လို့ ရေးထားတဲ့စာကို “လေညင်းထန်၊ မြစ်ယံကတိုး၊ ရှိန်ခိုးတောင်ကြာဥ၊ ကျူးဆင်ချီမိုး” လို့ အဖြတ်အတောက် လွဲလွဲနဲ့ ဖတ်လိုက်ရာက ရယ်ပွဲဖွဲ့ကြရတဲ့ အဖြစ်ကို သင်ခန်းစာအဖြစ်သင်ကြားခဲ့ကြရတာကို မှတ်မိကြဦးမယ်ထင်ပါတယ်။

မြန်မာစာ ရေးသားရာမှာ အဖြတ်အတောက်က အရေးကြီးပုံကို ဒီအဖြစ်က အထင်းသား ပြနေပါတယ်။ ဒီဥပမာနဲ့ မလောက်သေးရင် ထပ်ပြီး ဥပမာ ပြပါဦးမယ်။ ပထမဆုံး ဒီစာကြောင်းကို အရင်ကြည့်ကြရအောင်။
“ ဆရာမလာတို့တော့ပျော်သည်” ဒီစာကြောင်းကို စာဖတ်သူတို့ ဘယ်လိုအဓိပ္ပာယ်ရအောင် ဖတ်လိုက်ပါသလဲ။ ဒီစာကြောင်းကို ဖြတ်တောက်တဲ့ ပုံစံပေါ်မူတည်လို့ အဓိပ္ပာယ် သုံးမျိုးထွက်လာပါလိမ့်မယ်။
၁။ ဆရာ မလာ တို့တော့ပျော်သည်။ -- ဆရာ ရောက်မလာသောကြောင့် ကျွန်တော်တို့ ပျော်သည်။
၂။ ဆရာမ လာ တို့တော့ပျော်သည်။ -- ဆရာမ လာသောကြောင့် ကျွန်တော်တို့ ပျော်သည်။
၃။ ဆရာမ လာတို့တော့ ပျော်သည်။ -- ဆရာမက ကျွန်တော့်ကို လာတို့သောကြောင့် ပျော်ရသည်။
စသဖြင့် အဓိပ္ပာယ် ၃မျိုးထွက်လာပါလိမ့်မယ်။

ဒုတိယ ဥပမာ အနေအားဖြင့် “ဗိုလ်ကြီးကတော်လှန်ပြသည်” ဆိုတဲ့ စာကြောင်းကို ဖတ်ကြည့်ကြရအောင်။ ဒါလည်း အဓိပ္ပာယ် ၂ခုထွက်လာပါလိမ့်မယ်။ ရိုးရိုး အဓိပ္ပာယ်ဟာ “ ဗိုလ်ကြီးက တော်လှန်ပြသည်” လို့ထွက်လာမှာဖြစ်ပြီး နောက်ထပ် အဖြတ်အတောက်မှားလိုက်ရင်တော့ အတော်ကို ဟာသမြောက်သွားပါပြီ။ စာဖတ်သူတို့ တွေးမိပြီးဖြစ်ပါလိမ့်မယ်။ “ဗိုလ်ကြီး ကတော် လှန်ပြသည်” လို့ ဖြစ်သွားပါလိမ့်မယ်။

နောက်ထပ်၊ နောက်ထပ်သော အဖြတ်အတောက်အမှားအယွင်းတွေလည်း မရေနိုင်၊ မတွက်နိုင် ရှိနေပါသေးတယ်။ စကားပုံတွေထဲမှာဆိုရင် “ခွေးဖြူတောမတိုးဝံ့”ဆိုတဲ့ စကားပုံကလည်း အဓိပ္ပာယ် ၂ခွ၊ ၃ခွလောက်ထွက်တဲ့ စကားပုံပါ။ အဓိပ္ပာယ် ဖွင့်ရမယ်ဆိုရင်
၁။ ခွေးဖြူလေးက သတ္တိကြောင်သောကြောင့် တောမတိုးဝံ့ပါ။ -- “ခွေးဖြူ တော မတိုးဝံ့”
၂။ ခွေးသည် ဖြူကောင်အုပ်ထဲ မဝင်ဝံ့ပါ။ “ခွေး ဖြူတော မတိုးဝံ့”
၃။ သာမန်ခွေးတို့သည် ခွေးဖြူအုပ်ထဲ မဝင်ဝံ့ပါ။ “ခွေးဖြူတော မတိုးဝံ့” စသဖြင့် ထွက်လာပါလိမ့်မယ်။

အဖြတ်အတောက်မှားတဲ့အခါ ရယ်ကြရသလို အဖြတ်အတောက်မပါဘဲ ရေးထားတဲ့ စာတွေကလည်း မဖတ်တတ်ရင် လည်ချင်စရာပါ။ တစ်ချို့သူတွေက စာရေးရာမှာ အဖြတ်အတောက်မပါဘဲ တစ်ဆက်တည်းရေးတတ်ကြပြီး အဖြတ်အတောက်ကိုလည်း အရေးမကြီးဘူးလို့ ထင်တတ်ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး အားလုံးလည်း သိပြီးသားဖြစ်နိုင်မယ့် အဖြတ်အတောက်မပါတဲ့ စာတစ်ကြောင်းရေးပြပါမယ်။
“မကရင်မကရင်ကမကရင်ကရင်ကြီးရိုက်လိမ့်မယ်” ကဲ.. ဖတ်ကြည့်ကြပါ။ အနည်းဆုံးတော့ ၂ခါ၊ ၃ခါလောက်ဖတ်လိုက်ရမယ်ထင်ပါတယ်။ “မကရင် မကရင်က မကရင် ကရင်ကြီးရိုက်လိမ့်မယ်” လို့များ ဖတ်နေလေမလား? တကယ်တမ်း သူ့စာကြောင်းကိုတော့ “မကရင်မ ၊ က ရင် က၊ မက ရင် ကရင်ကြီးက ရိုက်လိမ့်မယ်” ဒီလိုဖတ်ပါတယ်။

စာကြောင်းဖြတ်တောက်ပုံနဲ့ ပတ်သက်တဲ့ ရယ်စရာတွေထဲမှာတော့ တစ်ချို့သော စကားတွေဟာ တွေးလေ၊ တွေးလေ ရယ်ချင်စရာကောင်းလေပါပဲ။ စကားလုံးတစ်လုံးတည်းကိုတောင် ခွဲရေးရင် အဓိပ္ပာယ်က ပေါက်ကရထွက်နိုင်တာမို့ ခွဲရေး၊ တွဲရေးဟာ နိုင်ငံရေးမှာတင်မဟုတ်၊ မြန်မာစာမှာလည်း အရေးကြီးလှတယ်လို့ ဆိုလိုက်ပါရစေ။ ဥပမာ - မောင်မောင်က တင်ပြသည်။ မောင်မောင် ကတင် ( ခုတင်) ပြသည်။ မောင်မောင်က တင် ပြ သည်။
ဒီလိုမျိုး “တင်ပြ”ဆိုတဲ့ စာလုံးတစ်ခုတည်းမှာ အဖြတ်အတောက်မှားတာနဲ့ အဓိပ္ပာယ်ပြောင်းလဲသွားတတ်သလို အချို့သော စကားစုတွေဟာလည်း အဖြတ်အတောက်ကြောင့် ရယ်စရာ ၊ နားလည်ရခက်စရာတွေ ဖြစ်တတ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဥပမာ နှစ်ကြောင်း ရေးပြပါရစေ။

၁။ ထိုနေ့သည်သမိုင်းတွင်နေခဲ့သောနေ့တစ်နေ့ဖြစ်သည်။
(က) ထိုနေ့သည် သမိုင်းတွင်နေခဲ့သော နေ့တစ်နေ့ဖြစ်သည်။ - သမိုင်းတွင်ခဲ့တဲ့ နေ့တစ်နေ့လို့ ဆိုလိုတာပါ။
(ခ) ထိုနေ့သည် သမိုင်းတွင် နေခဲ့သော နေ့တစ်နေ့ဖြစ်သည်။ - သမိုင်းအမည်ရှိ နေရာတွင် နေခဲ့သော နေ့။
၂။ အင်းစိန်ရွာမရှိစက်ရုံသည်နာမည်ကျော်သည်။
ဒီစာကြောင်းမှာတော့ မှားစရာရှိတာ အင်းစိန် ရွာမရှိ နဲ့ အင်းစိန်ရွာမ ရှိဆိုပြီး ကွဲလွဲစရာရှိပါတယ်။ အင်းစိန်ရွာမ မှာ ရှိနေတဲ့ စက်ရုံလို့ အဓိပ္ပာယ်ဖွင့်ရမယ့်အစား အင်းစိန်မှာ ရွာမရှိရယ်လို့လည်း ဖြစ်သွားနိုင်ပါတယ်။

၃။ ရေပုံးကိုလွယ်လွယ်ကူကူမနိုင်သကဲ့သို့။
ဒီစာစုကို ဖတ်ရာမှာ အဖြတ်အတောက်ပေါ်မူတည်လို့ အဓိပ္ပာယ် နှစ်မျိုးက ဆန့်ကျင်ဘက်ထွက်လာပါလိမ့်မယ်။
(က) ရေပုံးကို လွယ်လွယ်ကူကူ “မ” နိုင်သကဲ့သို့ - ရေပုံးကို မ၍လွယ်ကူသည်။ မ နိုင်သည်။
(ခ) ရေပုံးကို လွယ်လွယ်ကူကူ မနိုင်သကဲ့သသို့ - လေးလံလွန်းသဖြင့် ရေပုံးအား မ ရန် မလွယ်။
စသဖြင့် စသဖြင့်သော စာကြောင်းတွေ အများကြီးရှိသလို ဆိုလိုရင်း အဓိပ္ပာယ်နဲ့ လုံးဝဥဿုံကွဲလွဲလိုက်တာကြောင့် နားလည်မှုလွဲတာတွေ၊ ရယ်ပွဲဖွဲ့ရတဲ့ အဖြစ်တွေလည်း များစွာရှိတတ်ကြပါတယ်။
မြန်မာစာမှာ အဖြတ်အတောက် အရေးကြီးလွန်းတာကိုတော့ ဒီစာကြောင်းတွေနဲ့ ရိပ်မိလောက်ပြီလို့ ထင်ပါတယ်။ လွဲမှားတတ်တဲ့ စာလုံးပေါင်းသတ်ပုံမှားယွင်းမှုတွေကိုလည်း နောက်ထပ်ဆောင်းပါးတစ်ပုဒ်ရေးသားပြီး တင်ပြပါဦးမယ်။ စာဖတ်သူတို့ သိထားတဲ့ အဖြတ်အတောက် မှားပုံလေးတွေကိုလည်း ပြောပြခဲ့ကြပါဦး။

Angelic Demon (ရိုးရာလေး)