တော်ဝင်သဇင်တို့နဲ့ သူတို့ရဲ့ ပြစ်ဒဏ်  

ကျွန်တော်တို့ငယ်ငယ်က အကယ်ဒမီပေးပွဲတွေ ကြည့်ကြတဲ့အခါမှာ သဇင်ပန်းများများ ပန်လာတဲ့ မင်းသမီးက အကယ်ဒမီကျိန်းသေပေါက်ရမယ်လို့
မှန်းဆခဲ့ကြဖူးပါတယ်။ ဘာကြောင့်များ နှင်းဆီပန်းတွေ၊ စံပယ်ပန်းတွေ မကြည့်ဘဲ သဇင်ပန်း အရေအတွက်နဲ့ ခွဲခြားခဲ့ကြတာပါလဲ? 
ကျွန်တော်တို့ မြန်မာ့စာပေမှာ သဇင်ပန်းကို တော်ဝင်ပန်းလို့ စာတင်ခဲ့ကြပါတယ်။  ပေါက်ရောက်ရာနေရာကလည်း ကျွန်တော်တို့ တက္ကသိုလ်ဝင်တန်းမြန်မာကဗျာမှာ သင်ယူခဲ့ရတဲ့ အတိုင်း ခက်ခက်ခဲခဲ အပင်ပေါ် အပင်ဆင့်ပေါက်တတ်သလို နေရောင်များများ ရလွန်းရင်လည်း မပွင့်တတ်တော့တာကြောင့် ရခဲတဲ့ပန်းလို့ ဆိုရမှာပါ။ ဒါကြောင့်လည်း ထီးသုံးနန်းသုံး တော်ဝင်ပန်းဖြစ်နေတာပေါ့။ 
သဇင်ပန်းကို သန့်စင်ပန်းလို့လည်း ခေါ်ပါတယ်။ အကြောင်းရင်းကတော့ မြေပေါ်မှာမပေါက်ဘဲ ပင်မြင့်ထက်မှာပေါက်လို့ အညစ်အကြေးကင်းစင်လို့ပါတဲ့။ ပန်းပင်တစ်ဝိုက်မှာ မကောင်းတဲ့ အနံ့နံရင်လည်း အပင်သေတတ်သလို သာသနာ့ ပရဝုဏ်အတွင်းမှာလည်း ရှင်သန်လေ့ ပေါက်ရောက်လေ့ မရှိပါဘူး။ လေကောင်းလေသန့်ရပြီး လူနဲ့ဝေးရာနေရာမှာသာ ပေါက်တတ်တာကြောင့် တော်ဝင်ပန်းလို့ သတ်မှတ်ပါတယ်။ 
တော်ဝင်ပန်းလို့ခေါ်ထိုက်အောင် နန်းဆန်သလို သဇင်နဲ့ နီးစပ်သူတွေကလည်း မင်းဘေးနီးလှပါတယ်။ ဘယ်လိုကြောင့်ပါလိမ့်? ကုန်းဘောင်ခေတ်က နမူနာလေး ထုတ်ပြပါရစေ။ ကုန်းဘောင်ခေတ်က ရတနာပုံနေပြည်တော်မှာ သဇင်ပန်းကို ပန်းတော်လို့ ခေါ်ဝေါ်သမုတ်ကြပြီး ကျွန်တော်တို့သိတဲ့ သဇင်ဖြူဖြူ တစ်ခုတည်း မဟုတ်ပါဘူး။ ဂမုန်းမျိုးနွယ်ဝင်တွေပါ ဒီထဲမှာပါပါတယ်။ သဇင်ပန်း တစ်ဖြစ်လဲ ပန်းတော်ပန်းကို တွေ့ကရာနေရာကလည်း ယူဆက်လို့ မရဘဲ ဆင်အိုင်၊ ပိန်ညှင်း ၂ရွာကသာ ပန်းပေါ်ချိန်တိုင်းမှာ ဆက်ရပါတယ်။ ဒါကြောင့်လည်း ဒီနယ်မြေကသူတွေဟာ အသေးအဖွဲအခွန်တွေက ကင်းလွတ်ခွင့် ရပါတယ်။ 
ဒီလို နန်းထိုက်တော်ဝင် သဇင်ပန်းကို မလေးမစားလုပ်ရင်လည်း မင်းပြစ်မင်းဒဏ် သင့်တတ်ပါသေးတယ်။ အဲဒီခေတ်တုန်းက မြို့တော်က ဈေးတွေမှာ သဇင်ပန်းရောင်းတော့မယ် ဆိုရင်တော့ မြို့ဝန်ရဲ့ ခွင့်ပြုချက်ပါမှသာ ရောင်းရပါတယ်။ အမရပူရမြို့တော်မှာ နန်းတော်ကြီးဆီ မရောက်ခင် မင်းသားတွေဆီအရင်ရောက်လို့ သေချာ စုံစမ်းစစ်ဆေးပြီး အပြစ်ပေးဖို့ ကျီဝန်ကို မှာကြားဖူးတယ်လို့လည်း သိရပါတယ်။ ဒါကြောင့်ပဲ လွှတ်တော်က အမိန့်ရပြီးတဲ့နောက်မှာ အမိန့်မရှိဘဲ သဇင်ပန်းကို ဈေးမှာရောင်းတာတွေ့ရင် နာကျင်အောင် ရိုက်နှက်ဆုံးမတယ်လို့ ဆိုပါတယ်။ 
ဆိုတော့ သဇင်ပန်းဟာ နန်းထိုက်တော်ဝင်ပန်းဖြစ်သလို အဲဒီခေတ်၊ အဲဒီအခါတုန်းကလည်း အတော်ကို အန္တရာယ်များတဲ့ ပန်းဖြစ်တယ်လို့ ဆိုရမှာပါပဲ.. ဒီဘက်ခေတ်မှာတောင် သဇင်ပန်းကို အမြတ်တနိုးတန်ဖိုးထားလို့ ကိုယ့်အတွက်ထူးခြားတဲ့ နေ့ထူးနေ့မြတ်ပွဲတွေမှာသာ သဇင်ပန်းကို ပန်ဆင်ကြပါတယ်။ ပုံမှန် ထသွားထလာ နှင်းဆီပန်းတို့ စံပယ်ကုံးတို့သာ ပန်ရင်ပန်မယ်။ သဇင်ပန်းကို ပုံမှန် ပန်ဆင်တဲ့သူဆိုတာ ရှားပါတယ်။ ထူးထူးခြားခြားရှိတဲ့ ပွဲတွေ ဥပမာ ဘွဲ့ယူမယ့်နေ့တွေ၊ မင်္ဂလာပွဲတွေမှာသာ ပန်ဆင်ကြတာမျိုးပါ။ ဆိုလိုတာက နှင်းဆီတို့ စံပယ်တို့ဟာလည်း သူ့အဆင်းနဲ့သူ လှကြပေမဲ့ သဇင်ပန်းကိုတော့ ယှဉ်မရနိုင်ပါဘူး။ ယှဉ်မရဆို.. သဇင်ပန်းဆိုတာ နန်းထိုက်တော်ဝင်မဟုတ်လား...
Angelic Demon ( ရိုးရာလေး )