မေတ္တာတရားကို ဖော်ကျူးထားတဲ့ ဂျပန်ကာတွန်းစီးရီးစ်များ

အပတ်စဉ် တင်ဆက်ပေးနေကျ ရုပ်ရှင်အညွှန်းကဏ္ဍမှ ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ် ရိုးရာလေး ပရိသတ်ကြီးကို ညွှန်းပေးချင်တာကတော့ ဂျပန် ကာတွန်းစီးရီးစ် (၂)ခုပါ။ အရင်တစ်ပတ်ကလည်း ကာတွန်း၊ ဒီတစ်ပတ်လည်း ကာတွန်းဆိုပြီးတော့တော့ မငြိုငြင်လိုက်ပါနဲ့။ ဂျပန်စီးရီးစ်တွေဟာ လူရုပ်ရှင်တွေနဲ့ မခြားကောင်းလွန်းတာအပြင် တချို့ဇာတ်ကားတွေဆို လူတွေနဲ့ ရိုက်လို့ မနိုင်လို့ Anime အဖြစ်ထုတ်ရတာတွေတောင် ရှိပါတယ်။ တချို့Anime series တွေကို လူတွေနဲ့ ပြန်ရိုက်တဲ့အခါမှာလည်း မူရင်းအနှစ်သာရ ပျက်သွားတာမျိုးတောင် ကြုံဖူးပါတယ်။ ဒါကြောင့် Anime Series တွေကိုလည်း အထင်မသေးစေချင်ပါဘူး။ ကဲ ဒါဆို ကျွန်တော် ဒီနေ့ ဘယ်Anime Series တွေ ညွှန်းပေးမလဲဆိုတာ ကြည့်လိုက်ရအောင်…

၁။ Assassination classroom

ဒီကားကတော့ အဆုံးထိ ထွက်ရှိပြီးသား Anime series တစ်ခုပါ။ ဒီကားကို စစကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့ ဘာသာရေးအဆုံးအမတွေကို ဘေးခဏဖယ်ထားဖို့ လိုပါမယ်။ ရုပ်ရှင်ကို ရုပ်ရှင်အတိုင်းကြည့်ရင်တော့ အကောင်းဆုံးပေါ့လေ.. ဒါပေမဲ့ ရုပ်ရှင်ကပေးတဲ့ message တွေကို ယူတတ်ဖို့လည်း လိုသေးတာပေါ့ မဟုတ်ဘူးလား.. ဘာကြောင့် ဘာသာရေးအဆုံးအမတွေကို ဘေးဖယ်ထားဖို့ လိုတာလဲလို့ မေးခဲ့ရင် ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ ဆရာ၊ ဆရာမများဟာ အနန္တော အနန္တဂိုဏ်းဝင်တွေဖြစ်ပြီး ဘုရားနဲ့ တစ်ဂိုဏ်းတည်းထားလို့ လေးစားရမယ်လို့ ပါသလို အသက်သတ်ခြင်းဟာလည်း အကုသိုလ်ဖြစ်တယ်လို့ ညွှန်ပြထားပါတယ်။ ဒါကြောင့်ပဲ ဘာသာရေး အဆုံးအမတွေကို ခဏမေ့ထားလို့ဆိုတာပါ။ ဘာကြောင့်လဲဆိုတော့ ဒီကားဟာ ဆရာကို သတ်ရမယ့် ကျောင်းသားတွေပေါ် အခြေခံရိုက်ထားတဲ့ ဇာတ်ကားမို့ပါပဲ။ မြို့တစ်မြို့က ကျောင်းတစ်ကျောင်းဟာ သိပ်ကို နာမည်ကြီးပါတယ်။ ဒီကျောင်းကထွက်သမျှကျောင်းသားတိုင်းဟာလည်း အကုန် ထူးချွန်ကြပါတယ်။ ဒါပေမဲ့ လူတွေမသိကြသေးတာကတော့ ဒီကျောင်းနဲ့ ဟိုး ဟိုးအဝေးကြီးက တောင်ပေါ်မှာ စာညံ့တယ်ဆိုတဲ့ ကျောင်းသားတွေကို သီးသန့်ခွဲထားတဲ့ Class-E ဆိုတဲ့ အတန်းရှိနေတာပါပဲ။ ပျင်းရိပျင်းတွဲနဲ့ စိတ်ပျက်စရာနေ့တွေကို ဖြတ်သန်းနေရတဲ့ Class – E က ကျောင်းသားတွေရဲ့ ဘဝ ဇောက်ထိုးမိုးမျှော်ဖြစ်သွားစေမယ့် တစ်နေ့ဟာ ရုတ်ချည်းရောက်ရှိလာပါတယ်။ ဘာလဲဆိုတော့ ဆရာအသစ်ရောက်လာတာပါ။ လူ့လောကမှာ နေဖူးသမျှထဲ ဒီလောက်ထူးဆန်းတဲ့ အရာမျိုး သူတို့ တစ်ခါမှ ကြုံတွေ့ဖူးပုံ မရပါဘူး။ ဘာကြောင့်ပါလဲ? ဆရာဟာ လက်တွေအများကြီးပါပြီး လူမဟုတ်တဲ့ လူတစ်ယောက်ဖြစ်နေလို့ပါ။ မြင်အောင် ပြောရရင်တော့ ရေဘဝဲလိုပုံမျိုးပေါ့။ ဒီဆရာက သူတို့ကို စာသင်ပေးမယ်ဆိုတဲ့ အကြောင်းအရာအပြင် ကမ္ဘာ့ခေါင်းဆောင်ကြီးတွေနဲ့ တစ်ကမ္ဘာလုံးရဲ့ မျှော်လင့်ချက်တွေဟာ Class – E အပေါ် ပုံကျလာပါတယ်။ ဘာကြောင့်လဲ? ဒီအရာကြီးကို သေအောင်သတ်ရင်သတ်၊ မသတ်ရင် တစ်ကမ္ဘာလုံးကို သူက ဖျက်ဆီးပစ်မှာမို့လို့ပါတဲ့.. ဘာမှမသိ၊ မတတ်သေးတဲ့ စာတောင် ကောင်းကောင်းမလုပ်ချင်ကြတဲ့ ကျောင်းသားတွေ ဒီမှာ အကြပ်ရိုက်ကုန်ပါပြီ။ ဒီအကြောင်းပြချက်အပြင် ဆရာကို သတ်ဖို့ ကောင်းကောင်းကြီးလုံလောက်တဲ့ အကြောင်းပြချက်ကတော့ ဒီအရာကြီးကို သတ်ပစ်နိုင်ရင် ရမယ့် ဆုကြေးက မက်လောက်စရာဖြစ်နေတာပါပဲ.. ဒီ Series မှာတော့ Season ၂ခု ရှိပြီး အချို့သော Anime တွေလို season 1 က ကောင်းပြီး 2 ကျ ဗလချာဖြစ်သွားတာမျိုး၊ ပျင်းစရာကောင်းသွားတာမျိုး လုံးဝမရှိပါဘူး။ ဇာတ်လမ်းအစမှာကတည်းက စိတ်ဝင်စားဖို့ကောင်းပြီး အဆုံးထိ ဇာတ်ရှိန် တစ်ချက်မှ ကျမသွားတဲ့ ဇာတ်လမ်းမျိုးပါ။ ကျောင်းသားတွေအပေါ်ထားတဲ့ ဆရာတစ်ယောက်ရဲ့ သံယောဇဉ်၊ စာမလုပ်ချင်တဲ့ကလေးတွေတစ်ယောက်ချင်းစီအတွက် သင်ကြားမှုပုံစံတစ်မျိုးစီနဲ့ ရအောင်သင်ပေးတဲ့ ဆရာတစ်ယောက်ရဲ့ စေတနာ၊ ကျောင်းသားတွေက ဆရာ့အပေါ်ထားတဲ့ မေတ္တာ၊ ခပ်ဆိုးဆိုးကျောင်းသားတွေရဲ့ ဂျစ်ကန်ကန် အပေါက်တွေ၊ ဆိုးတဲ့ကျောင်းသားတွေ၊ စာညံ့တဲ့ကျောင်းသားတွေကို ဂြိုဟ်သားတွေလို အပေါင်းအသင်းမလုပ်ကြရာက ဖြစ်လာတဲ့ ဆိုးကျိုး၊ ဖိအားတွေ ပေးလွန်းခြင်းအတွက် ဖြစ်လာတဲ့ စာတော်တဲ့ ကလေးတွေရဲ့ စိတ်ဒဏ်ရာ.. ဒါတွေအပြင် အခြားသော message တွေကို ဇာတ်ကားနဲ့ မမျှ ရရှိနိုင်မှာပါ။ အလွဲပေါင်းစုံနဲ့ ကျောင်းသားတွေ ၊ ခပ်တည်တည်ဆရာနဲ့ sexy ကျကျ ဆရာမ.. ဘယ်လိုတောင်လွဲကြမလဲဆိုတဲ့ ဟာသပေါင်းစုံကြားကနေ တစ်ချက်တစ်ချက်များ ဒရာမာ ထချိုးလိုက်ရင် မျက်ရည် အလုံးလိုက်ကျရတဲ့ ဇာတ်ကားမို့ ကြည့်ရှုသူတိုင်းကို ရသပေါင်းစုံပေးနိုင်တဲ့ စီးရီးစ်လို့ ဆိုလည်း မမှားပါဘူး။ ပိုကောင်းတာက တစ်ပိုင်းတစ်ပိုင်းထွက်ဖို့ စောင့်ရမှာစိတ်မရှည်တဲ့ သူတို့အတွက်လည်း အဆင်ပြေနေတာပါ။ ဘာလို့ဆို အပြီးထိ ထွက်ပြီးသွားပြီလေ.. ထပ်ထွက်ဖို့ မရှိတော့ဘူးကိုး.. ဆိုတော့ ဖြစ်နိုင်မယ်ဆို ဒီကားလေးကို ကြည့်စေချင်ပါတယ်လို့..

၂။ Anohana (The Flower we saw that day)

ဒီကားလေးကလည်း အပြီးထိထွက်ပြီးသားပါ။ Season 1 တစ်ခုတည်း အပြီးပါ။ ဒီဇာတ်ကားကတော့ သူငယ်ချင်းတွေကြားက သံယောဇဉ်ကို ကွက်ကွက်ကွင်းကွင်းမြင်သာအောင် ရိုက်ပြထားတဲ့ ဇာတ်ကားလေးပါ။ နောက်ပြီး ရှုပ်ရှုပ်ထွေးထွေးမရှိဘဲ ရိုးရိုးရှင်းရှင်း ဇာတ်ကွက်နဲ့ ကလေးတွေ၊ လူငယ်တွေရဲ့သဘာဝကို အေးအေးဆေးဆေးရိုက်ပြထားတာကို တွေ့ရမှာပါ။Yadomi Jinta (ရာဒိုမိ ဂျင်တာ) ဆိုတဲ့ ကောင်လေးတစ်ယောက်အနားမှာ သူ့ရဲ့ ငယ်သူငယ်ချင်းကောင်မလေး menma က အမြဲကပ်နေလေ့ရှိပါတယ်။ သူငယ်ချင်းတွေခင်တာများ အထူးအဆန်းလုပ်လို့လို့တော့ မပြောလိုက်ပါနဲ့၊ထူးဆန်းပါတယ်။ ဘာကြောင့်လဲဆိုတော့ Menma ဟာ သေဆုံးပြီးသား မိန်းကလေးပါ။ ဒီကောင်မလေးကိုတော့ Jinta တစ်ယောက်ပဲ မြင်ရပါတယ်။ Jinta ဘယ်သွားသွား ကလေးလေးလို လိုက်လေ့ရှိတဲ့ Menma ရဲ့ ဝိဥာဉ်၊ ဒီကိစ္စကြောင့်ပဲ ကျောင်းလုံးဝ မတက်ချင်တော့တဲ့ Jinta သူတို့ရဲ့ အခြားသော သူငယ်ချင်းတွေနဲ့ ကွဲကွာသွားကြပြီးတဲ့နောက်မှာ…. သူငယ်ချင်းဆိုလို့ ရေတွက်ရရင် သူတို့ငယ်သူငယ်ချင်း ၆ယောက်ရှိပါတယ်။ စောစောက ပြောခဲ့သလို Menma, Jintan (Jintaကို ရင်းရင်းနှီးနှီးခေါ်သည့်အမည်) တို့အပြင် (နာမည်ရင်းမဟုတ်ဘဲ သူတို့ သူငယ်ချင်းအချင်းချင်းခေါ်သော နာမည်များကိုသာ ဖော်ပြပါမည်) Anaru, Poppo , Tsuruko, Yukiatsu ဆိုတဲ့ သူငယ်ချင်း ၄ယောက်ရှိပါသေးတယ်။ ကလေးသဘာဝ ဆော့ရင်း၊ ကစားရင်း၊ ရန်ဖြစ်ကြရင်း ပျော်ပျော်ကြီးဖြတ်သန်းလာတဲ့ သူတို့ရဲ့ ဘဝလေးတွေကို တစ်ရက်မှာတော့ မုန်တိုင်းကြီးဝင်ပါတော့တယ်။ ဒီမုန်တိုင်းကတော့ Menma သေဆုံးသွားခြင်းပါပဲ။ ဒါကပဲ သူတို့ကို တစ်ကွဲတစ်ပြားစီ ဖြစ်စေခဲ့တာပါ။ တစ်နေ့… သူငယ်ချင်းတွေ ပြန်ဆုံတွေ့ကြတဲ့တစ်နေ့မှာတော့ Jintan က Menma ကို မြင်နေရတယ်ဆိုတဲ့ အဖြစ်ဟာ သူငယ်ချင်းတွေကြားထဲ ကိစ္စအကြီးကြီးဖြစ်သွားပါတော့တယ်။ ထုံးစံအတိုင်း ဘယ်ယုံကြပါ့မလဲ.. ဒါပေမဲ့ Menma လေးကတော့ သူတို့ပြောသမျှကိုကြားပြီး လုပ်သမျှကို မြင်နေရပါတယ်။ သူမကို Jintan ကလွဲပြီး ဘယ်သူမှ မမြင်ပေမဲ့ပေါ့..သူမလေး ဘာကြောင့် မကျွတ်မလွတ်ဘဲ Jintan နားမှာ နေခဲ့ရတာလဲ? သူမ သေဆုံးမှုကရော သွေးရိုးသားရိုးမှ ဟုတ်ရဲ့လား? သူမသေဆုံးပြီးမှ ဘာကြောင့် သူငယ်ချင်းတွေ စိတ်ဒဏ်ရာကိုယ်စီနဲ့ တစ်ကွဲတစ်ပြားဖြစ်သွားရတာလဲ? သူမရဲ့ နောက်ဆုံး ဆန္ဒက ဘာများလဲ? Menma လေး မသိနိုင်ပါဘူး။ သူငယ်ချင်းတွေ ရန်ဖြစ်နေတာ မြင်ရတိုင်းလည်း သူမလေး စိတ်မချမ်းသာရှာပါဘူး။ သူမကို ခုချိန်ထိ သတိရနေဆဲ၊ ပူဆွေးနေဆဲဖြစ်နေတဲ့ သူမမိဘတွေအတွက်လည်း သူမမှာ ပူပန်ရရှာပါတယ်။ ဝိဥာဉ်မလေးဖြစ်နေတဲ့ Menma ဘယ်လိုလုပ်မှများ စိတ်ချမ်းမြေ့မှုကို ရပြီး ကောင်းကင်ဘုံကို သွားနိုင်မှာပါလိမ့်? Jintan တို့ သူငယ်ချင်း တစ်သိုက်ကရော သူမလေးကို ကူညီနိုင်ပါ့မလား? သူတို့ သူငယ်ချင်းတွေရော ပြန်လည် စည်းလုံးနိုင်ပါ့မလား? သူမလေးရှိနေတယ်ဆိုတာကိုရော အားလုံးက လက်ခံကြမှာလား? ပေါ့ပေါ့ပါးပါးဇာတ်ကားလေးပေမဲ့ ဇာတ်သိမ်းကတော့ ရင်နင့်စေမယ့် ဇာတ်သိမ်းလေးပါ။ sad ending တော့မဟုတ်ပါဘူး။ Happy Ending ပေမဲ့လည်း အတော်ခံစားရတဲ့ Happy Ending လို့ ဆိုရမှာပေါ့။ ဒီဇာတ်ကားဟာ သူငယ်ချင်းတွေရဲ့ သံယောဇဉ်၊ ကလေးတွေရဲ့ ဖြူစင်မှု၊ ကလေးတွေရဲ့ အရောင်စွန်းစပြုလာတဲ့ ခံစားချက်၊ အငုံ့စိတ်၊ ရှက်စိတ်၊ မိဘတွေရဲ့ မြတ်နိုးမှု စတာတွေကို ရှင်းရှင်းလင်းလင်းနဲ့ အဖြူထည်အတိုင်း ရိုက်ပြသွားတဲ့ ချစ်စရာ ဇာတ်ကားလေးတစ်ကားပါ။ သရဲမလေး ပါနေပေမဲ့ ကြောက်စရာမကောင်းဘဲ ချစ်ဖို့ အရမ်းကောင်းနေတာကြောင့် တော်ရုံ သရဲတွေ၊ ဝိဥာဉ်တွေ မကြည့်တတ်တဲ့သူတွေတောင် နှစ်ခြိုက်နိုင်မယ့် ဇာတ်ကားမျိုးပါ။ ကဲ.. ဒီလောက်ဆိုရင်တော့ ပိတ်ရက်တွေအတွက် အဆင်သင့်ဖြစ်လောက်ပြီထင်ပါတယ်။ ကြည့်ကောင်းကောင်းနဲ့ ကြည့်ရင်း ညဘက်တွေ မအိပ်ရလို့ အိပ်ရေးပျက်ရင်တော့ ကျွန်တော်မပါ :P ..နောက်တစ်ပတ်မှ ပြန်ဆုံကြရအောင်…

Angelic Demon (ရိုးရာလေး)