ဈေးဝယ်ထွက်တဲ့အချိန် မလိုအပ်တာတွေ မဝယ်မိအောင် ဘယ်လိုလုပ်မလဲ?

စတိုးဆိုင် စူပါမားကတ်တစ်ခါသွားတိုင်း မလိုအပ်တဲ့ပစ္စည်းတွေ ခဏခဏဝယ်လာဖြစ်တတ်ကြတယ်ဟုတ်?
ပြီးရင် အသုံးမတည့်ဘဲနဲ့ အိမ်မှာ ဟိုနားထား ဒီနားထားနဲ့ ချောင်ထိုးထားကြပြန်ရော။ ဈေးဝယ်ထွက်တဲ့အချိန်တိုင်း ဒီလိုအဖြစ်မျိုးဖြစ်နေတာတော့ မဟုတ်သေးဘူးရယ်။
တကယ်လိုအပ်တဲ့ ပစ္စည်းဝယ်ဖို့ကျတော့ ပိုက်ဆံကမလောက်နိုင်တော့ဘူး။
အဲ့ဒီတော့မလိုအပ်တဲ့ပစ္စည်းတွေမဝယ်မိစေဖို့ ဈေးဝယ်လမ်းညွှန်လေး ရေးပေးလိုက်ပါတယ်။

(၁) ကိုယ်ဝယ်ရမယ့် ပစ္စည်းတွေကို စာရင်းလုပ်ပါ။
ဈေးဝယ်မထွက်ခင်မှာ ကိုယ်တကယ်ဝယ်ဖို့လိုအပ်တဲ့ ပစ္စည်းတွေကို ချရေးပြီးစာရင်းမှတ်ပါ။
ဒါမှ ရှော့ပင်စင်တာတွေရောက်တဲ့အခါမှာ ကိုယ်ဝယ်ရမယ့် ပစ္စည်းစာရင်းကြည့်ပြီး တစ်ခါတည်း ဝယ်နိုင်မှာပါ။ မဟုတ်ရင် ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်နဲ့ ဟိုပစ္စည်းလိုသလို ဒီပစ္စည်းလိုသလိုနဲ့ မလိုအပ်တာတွေ ထပ်ဝယ်လာမိနိုင်ပါတယ်။

(၂) တစ်ယောက်တည်း ဈေးဝယ်ထွက်ပါ။
ဈေးဝယ်ထွက်တဲ့အချိန်မှာ ဘေးမှာ သူငယ်ချင်းမိတ်ဆွေ မိသားစု တစ်ယောက်ယောက်ပါရင် အဖော်တော့ရတာပေါ့ ဒါပေမယ့် ကိုယ်မလိုအပ်တာတွေ ဝယ်ဖြစ်ဖို့ အခွင့်အလမ်းက ပိုများသွားမှာပါ။ ဥပမာ ကိုယ်က အလှကုန်ဝယ်ဖို့မလိုအပ်သေးပေမယ့် သူငယ်ချင်းက ဟိုဟာလေးကောင်းတယ် ဒါလေးဈေးတန်တယ်ပြောရင် သူ့အပြောနောက်ကို ကိုယ်က မြောပါသွားပြီး ဝယ်မိဖို့ရခိုင်နှုန်းတော်တော်များနေပါပြီ။
ဒီတော့ တစ်ယောက်တည်း ဈေးဝယ်ထွက်ပါ ကိုယ့်စာရင်းထဲက ဝယ်စရာတွေ ဝယ်ပြီးသွားတာနဲ့ အိမ်တန်းပြန်ခဲ့တာ အကောင်းဆုံးပါပဲ။

(၃) အွန်လိုင်းကနေ ဈေးသိပ်မဝယ်ပါနဲ့။
ကိုယ်က အိတ်လေးတစ်လုံးလောက် ဝယ်ဖို့စဉ်းစားထားတယ် အွန်လိုင်းကတွေ့ထားတဲ့အိတ်လေးကလဲ ကိုယ်ကြိုက်တဲ့ပုံစံလေးဖြစ်နေတယ် ဆိုကြပါစို့။ အဲ့တာနဲ့ပဲ မှာလိုက်တယ် တကယ်တမ်း အိမ်လဲ ပစ္စည်းရောက်ရော ကိုယ်မျှော်လင့်ထားတဲ့ ကွာလတီလဲမဟုတ် ပုံစံကလဲ ဓါတ်ပုံထဲ မြင်ထားတာနဲ့အပြင်မှာတွေ့ရတာနဲ့မတူပဲ ဖြစ်နေရင် ကိုယ့်အတွက် အပိုပစ္စည်းတစ်ခု တိုးလာစေမှာပါ။ အွန်လိုင်းက မှာတဲ့ပစ္စည်းတိုင်းက ကွာလတီမကောင်းဘူးလို့ပြောတာ မဟုတ်ပေမယ့် တချို့တဝက်လောက်ကတော့ ကိုယ်မျှော်လင့်ထားတဲ့ပစ္စည်းမျိုးဖြစ်မလာပါဘူး။ ဒါ့ကြောင့် ဝယ်ချင်ရင် အပြင်မှာ အရင်ကြည့်ပါ ပြီးတော့မှ ဝယ်ပါ။

       အခုပြောပြထားတာလေးတွေကတော့ ဈေးဝယ်တဲ့အခါမှာ မလိုတာတွေမဝယ်မိစေဖို့ လုပ်ဆောင်ရမယ့် အခြေခံအချက်လေးတွေပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံလေးတွေလဲ မျှဝေပေးခဲ့ပါဦးလို့။

Chan Chan (ရိုးရာလေး)