Death (သေခြင်းတရား)

သေခြင်းဆိုတာ အရမ်းကြီး ဆန်းကြယ်နေတဲ့ အရာ မဟုတ်ပါဘူး။ လူတိုင်း သတ္တဝါ တိုင်း ကိုယ်တွေ့ကြုံရမယ်။ သူများကြုံတာကိုလည်း တွေ့ရမယ်။ အချိန်တန်ရင် ကြုံမယ်။ အချိန်မတန်ပဲလည်းကြုံမယ်။

အသက်ကို ထပ်ပြီး ဆွဲမဆန့်နိုင်တော့လို့သေတယ်။ မသေချင်သေးပဲလည်း သေတယ်။ သေချင်နေတဲ့သူလည်း သေတယ်။ နာမည်ဆိုးနဲ့ သေတယ်။ နာမည်ကောင်းနဲ့သေတယ်။

သေခြင်းတရားဟာ ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ဘူး။ ကျွန်တော်တို့ဟာ သူ့ကို မျှော်လင့်မထားဘူး။ ကြိုလင့်မနေဘူး။ ဘယ်လိုတော့ သေပြစ်မယ်လို့ စိတ်ကူးမထားဘူး။ သူတကယ်ရောက်လာတဲ့ အခါ မှာ လည်း ကျွန်တော်တို့ မသိလိုက်ဘူး။ ကိုယ်က သေပြီးနေပြီကိုး။ သေခြင်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ မှာ Experience (အတွေ့အကြုံ) မရှိဘူး။ ဘဝ မှာလည်း တစ်ခါပဲ သေခွင့်ရှိတော့ နောက်တစ်ခါ သေရင်တော့ ဘယ်လိုလေး သေလိုက်မယ်လို့လည်း Plan (အစီအစဉ်) ချလို့ မရဘူး။

လူတစ်ယောက် သေရင် ပြီးသွားရောလား? သူအတွက်တော့ ပြီးပါတယ်။ ကျန်ခဲ့တဲ့ လူတွေ အတွက်က မပြီးသေးပါဘူး။ ဘယ်လူမျိုး ဘယ်ဘာသာမှာ မဆို လူတစ်ယောက်သေသွားရင် ကျန်ရစ်သူတွမှာ အနည်းနဲ့ အများတော့ အလုပ်ရှုပ်ရတယ်။ ဓလေ့ထုံးတမ်း အစဉ်အလာတွေ၊ နောက် ဘဝကို ယုံကြည်မှုတွေ ကြောင့် အလုပ်တွေ ရှုပ်ကြရတယ်။ ဝမ်းနည်းဆွေးမြေ့ လွမ်းဆွတ်တမ်းတ ကြရတယ်။ သေခါမှ ဂုဏ်ဖော်ချီးမြှောက်ကြတယ်၊ သေခါမှ သူ့မကောင်းကြောင်း အပြစ်ဖော် နှိမ့်ချကြတယ်။ အချိန်တန်တော့ မေ့သွားကြတယ်။ သေတဲ့လူကတော့ ဘာမှ မသိနိုင်တော့ဘူး။ သူ့အတွက် အကုန်ငြိမ်းချမ်းသွားတယ်။ ငြိမ်းချမ်းသွားတယ်လို့ ထင်ရတယ်ပေါ့လေ။

သေခြင်းတရား ရောက်မလာခင် ဘာတွေလုပ်ကြသလဲ? အရှင်းဆုံးအဖြေကတော့ အသက်ရှင်နေကြတယ် ဆိုတာပါပဲ။ အသက်ရှင်နေတုန်းမှာရော ဘာတွေလုပ်ကြသလဲ။ အဓိကက ရှင်သန်နေဖို့ကိုပဲ ရုန်းကန်နေကြရတယ်။ လူသားတွေဟာ အသိဥာဏ် အမြင့်ဆုံး မျိုးစိတ်ဖြစ်လို့ ပိုပြီး အဆင့်မြင့်မားတဲ့ ရှင်သန်နေထိုင်မှုပုံစံတွေကို ချဲ့ထွင် ဖန်တီးကြတယ်။ ဆုတ်ယုတ် နိမ့်ကျ ပျက်စီးခြင်းတွေ ဒွန်တွဲပြီး ပါလာတာကို မသိကျိုးကျွံ ပြုရင်းနဲ့ပေါ့။

လူဖြစ်ရတဲ့ အရသာဟာ အသက်ရှင်နေစဉ် အခိုက် ခဏလေးပေါင်းများစွာ(every single moment) မှာ ကြုံလာတဲ့ ဖြစ်ရပ်တိုင်း ဖြစ်ရပ်တိုင်း ကို တွေ့ကြုံခံစားရင်း ကျော်ဖြတ်သွားရခြင်းလို့ ဆိုပါတယ်။ ဒါကြောင့် ဘဝရဲ့ ခဏလေးတိုင်းကို တန်ဖိုးထားပါ။အားလုံးရဲ့ ပန်းတိုင် (Destination) ဟာ သေခြင်းတရား (Death) ပဲ ဆိုတာ မမေ့ပါနဲ့။ သူနဲ့မတွေ့ရခင်လေး ဘဝကို အကျိုးရှိရှိ ဖြတ်သန်း ရှင်သန်နိုင်ကြပါစေ...

Zuluu (ရိုးရာလေး)