အိမ်တွင်းပုန်းတို့ သင်္ကြန်တွင်း ဖတ်စရာစာအုပ်တွေ

မင်္ဂလာပါ။ အပတ်စဉ်တင်ဆက်ပေးနေကျ ရိုးရာလေးရဲ့ စာအုပ်အညွှန်းကဏ္ဍလေးကနေ ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ခါမှာတော့ အယ်ဒီတာရဲ့ တောင်းဆိုမှုအရ သင်္ကြန်တွင်းဖတ်စရာ စာအုပ် ၄၊၅ အုပ်လောက်ကို ညွှန်းပေးပါဆိုတော့ ကျွန်တော်စဉ်းစားမိတယ်။ သိုင်းဝတ္ထုတွေညွှန်းရင်များကောင်းမလားပေါ့။ ပြောကြည့်တော့ ပေးမညွှန်းဘူးရယ်။

(ဒါမဲ့ ပြောချင်လွန်းလို့ သူမသိအောင်ပြောပြမယ်) အညွှန်းဖတ်ချင်ရင်တော့ Comment မှာ တောင်းကြပေါ့ဗျာ.. များနေရင်တော့ ရေးပေးမယ် အဟီး.. သိုင်းဝတ္ထုတွေဖတ်မယ်ဆိုရင်လေ.. ၂အုပ်တွဲတွေ မကိုင်နဲ့ဗျ.. အဲ့ဒါတွေက အာချာပင်တွေ.. အနည်းဆုံး ၆အုပ်တွဲ၊ ၇အုပ်တွဲက စကိုင်။ ဒီမှာနာမည်ကြီးပြီးသား သိုင်းကားတွေရဲ့ ဝတ္ထုတွေဆို ဖတ်လို့ ပိုကောင်းပေါ့ဗျာ.. ဥပမာ တိမ်လွှာနဂါးသူရဲကောင်းများ (ရှောင်ဖုန်း၊ သွမ့်ယွိ၊ ရွှယ်ကျူ)၊ သူရဲကောင်းတို့ ဒဏ္ဍာရီ (သိမ်းငှက်သူရဲကောင်း ကောကျင့်၊ ဟွမ်ယုံ)၊ သိုင်းလောက မောင်မယ်များ (သိမ်းငှက်သူရဲကောင်း၊ ရန်ကော်၊ ဂူဂူး)၊ နဂါးနိုင်ဓား (ကျန်းဝူကျိ)၊ သိုင်းလောကရဲ့စိန်ခေါ်သံ (လင့်ဟူချုန်း) အစရှိသဖြင့်ပေါ့ဗျာ.. အမယ်.. ခင်ဗျားတို့ဖတ်မယ်ဆို အစဉ်အတိုင်းသာ ဖတ်ခင်ဗျ.. ကျွန်တော် နာမည်တွေ သေချာစဉ်ထားပေးတာ.. ဒါကို ပြောပြမလို့ပါဗျာ.. အယ်ဒီတာက မညွှန်းရဘူးဆိုတော့ မပြောဘူးလို့ပဲထားလိုက် :3 .. ပြောတယ်နော်..ဖတ်ချင်ရင် အညွှန်းလာတောင်းဗျ.. ဘောင်ထဲက အလုပ်လုပ်မယ် အယ်လယ် :P )

ဆိုတော့.. သင်္ကြန်ပိတ်ရက် ၅ရက် (ခင်ဗျားတို့တော့ မသိ.. ကျွန်တော်တို့ရုံးတော့ ၅ရက်ပဲပိတ်တယ်) အတွက် စာအုပ်လေး ၅အုပ်ကို ညွှန်းပေးလိုက်ပါမယ်။ တစ်ရက် တစ်အုပ်ဖတ်ပေါ့ဗျာ.. အေးဆေးပေါ့ နော့် ဒီအချိန်လေးနားရတာ… အတင်းလည်းပြောရဦးမယ်။ အယ်ဒီတာက ၅အုပ်လောက်သာ ညွှန်းခိုင်းတာ ခါတိုင်းလို အကြောမရှည်နဲ့တဲ့ဗျ.. ဆိုတော့ ခပ်တိုတိုပဲ ရေးကြတာပေါ့.. စာအုပ်ခေါင်းစဉ်တွေလောက်ဆို ဖြစ်မလား :3 စတာဘာ စတာဘာ :P ဘာစာအုပ်တွေလဲ ကြည့်ကြရအောင်ပါ။

 

၁။ သိကြားနဲ့ အသူရာ

သင်္ကြန်ဆိုတော့ သင်္ကြန်နဲ့ဖွင့်လိုက်ရအောင်ဗျာ.. တစ်အုပ်လုံး သင်္ကြန်မဟုတ်ပေမဲ့ သင်္ကြန်ရဲ့အငွေ့အသက်လေးတွေ ရတာပေါ့… ဆရာနီကိုရဲရဲ့ နာမည်ကြီးစာအုပ်တစ်အုပ်ပါပဲ။ ရုပ်ရှင်ရိုက်တာတောင် ဝက်ဝက်ကွဲအောင်မြင်သေးသဗျ.. “ယောက္ခမဆိုတာ တစ်ခါတုန်းက သားမက်ပါပဲ” နာမည်နဲ့လေ.. ခိုင်သင်းကြည်၊ လွင်မိုး၊ ရန်အောင်၊ မို့မို့မြင့်အောင်တို့ခင်ဗျ.. မှတ်မိကြမယ် ထင်ပါတယ်။ အဲ.. လမ်းကြောင်းလွဲတော့မယ်။ ခုက ရုပ်ရှင်အကြောင်းမဟုတ်ပါဘူး။ မူရင်း သိကြားနဲ့ အသူရာကို ညွှန်းချင်တာပါ။ သိကြားမင်းနဲ့ အသူရာ သမီးယောက္ခမ ဘယ်တုန်းကမှ မတည့်ဘဲ စစ်ခင်းကြသလိုပေါ့ဗျာ.. ဇာတ်ကောင် သမီးယောက္ခမနှစ်ယောက်ကလည်း မတည့်အတူနေပေါ့..ကောင်လေးနဲ့ ကောင်မလေး မယူကြသေးခင် သင်္ကြန်မှာ တိတ်တိတ်လေးထွက်လည်တဲ့ သူတို့သမီးရည်းစားနဲ့ ကောင်မလေးအဖေနဲ့ တည့်တည့်တိုးရာကနေ ဒီဇာတ်လမ်း စတာပါပဲ.. ဘာတွေဆက်ဖြစ်မလဲတော့ စာအုပ်ထဲ ဖတ်ဗျာ.. နော့်.. (တိုတိုဆို မသိဘူး တိုတိုပဲရေးမေ :3)

 

၂။ လွမ်း

ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ လက်ရာကောင်းတစ်ပုဒ်ပေါ့ဗျာ… ပြောရရင် ကျွန်တော်တော့ မကြိုက်ဘူးဗျ.. ဘာလို့မကြိုက်လဲမေးရင် မကြိုက်ချင်လို့ မကြိုက်တာလို့ ဖြေရမှာပဲ.. ကျွန်တော့်နဂိုစိတ်ကိုက ဖြစ်တဲ့အကြောင်းရင်းကို မစဉ်းစားဘဲ ကိုယ်ထင်ရာတွေး လုပ်ချင်ရာလုပ်တဲ့သူတွေကို ကြည့်လို့ကိုမရတာဗျ.. (ကိုယ်လည်း အဲ့အစားထဲတော့မပါဘူး ထင်ရ.. ) ဟုတ်တယ်လေ.. မွေးကတည်းက ပါလာတဲ့ဦးနှောက်၊ မျက်လုံး၊ နားနဲ့ ပါးစပ်တွေက ဘာလုပ်ဖို့တုန်း။ စဉ်းစားဖို့လေနော်.. မြင်တာ၊ ကြားတာတွေကို ဆင်ခြင်ဥာဏ်လေးနဲ့ စဉ်းစား။ ရှင်းပြနေရင် နားထောင်ပြီး အကျိုးသင့်အကြောင်းသင့် ဆုံးဖြတ်ရမှာ.. ဒီဝတ္ထုထဲက ဇာတ်ကောင်မိန်းကလေးကတော့ ကျွန်တော်သဘောကျတဲ့ အစားထဲက မဟုတ်ဘူးဗျ.. သူ့ဖာသာ ထင်ရာတွေး ဆုံးဖြတ်ပစ်တာ။ ခေါင်းကလည်း မာသေးသဗျာ.. ဘယ်သူရှင်းပြလို့မှ မရဘူး။ အမယ် ဒါကို သူက သူ့ဘာသာတော့ ဂုဏ်ဆာသတဲ့.. ဒီလိုကျွန်တော်မကြိုက်တဲ့ ဇာတ်ကောင်ကပဲ ဇာတ်ဆောင်ဖြစ်နေလို့လား.. မကြိုက်ဘူးဗျ.. သို့သော် ဆရာ့အရေးအသားတွေက ထုံးစံအတိုင်း အနုအလှလေးတွေနဲ့ စီကာရီကာဆိုတော့ ဖတ်ရတာ မပျင်းဘူးရယ်။ ကိုယ်မကြိုက်တဲ့ ဇာတ်ကောင်နဲ့ တည်ဆောက်ထားတဲ့ ဝတ္ထုကိုတောင် ကျွန်တော်အဆုံးထိ ဖတ်ဖြစ်သွားတယ်။ ၁ခါတည်းတောင် မဟုတ်ဘူးဗျ.. ၅ခါလောက် ဖတ်ဖြစ်တယ်ထင်တယ်။ ဒါကြောင့် ခင်ဗျားတို့ကို ညွှန်းပေးချင်တာပါ။ ကျွန်တော်ကြိုက်လို့ မဟုတ်ဘူးနော် -_-

 

၃။ ဧကရီ ဖွားစော

ပုဂံခေတ်မှာ ဖွားစောတွေ တယ်များ ဆိုတာတော့ ခင်ဗျားတို့ သိပြီးသားဖြစ်မှာပါ။ မသိရင်တော့ ဆယ်တန်းစာ သေချာမရဘူးလို့ ကျွန်တော်က နှိမ်မှာဗျ :P အလကားပြောတာပါ။ ဆယ်တန်းတုန်းက ကျွန်တော်တို့ သင်ခဲ့ရတဲ့ မိဖုရားဖွားစောကတော့ မင်း၃ဆက်မှာ ခပ်ထည်ထည် နန်းစံခဲ့ရလို့ မင်းဝိုင်းဖွားစောလို့ ခေါ်သတဲ့။ ခုကျွန်တော်ပြောမယ့် ဖွားစောကလည်း မင်းဆက် တစ်ဆက်တည်း နန်းစံခဲ့ရသူမဟုတ်ပေါင်ဗျာ.. ဒါပေမဲ့ သူ့ကျတော့ ဧကရီဖွားစောလို့ပဲ ခေါ်သဗျ.. ခေသူတော့မဟုတ်နော်.. ငယ်ငယ်လေးကတည်းက လယ်တောထဲခေါ်သွား လယ်ထွန်တဲ့အချိန် မြွေကြီးက အုပ်မိုးစောင့်ရှောက်ပေးထားရသတဲ့.. အိမ်က မြတ်လေးရုံမှာလည်း မြတ်လေး၊ ချယား(ခရေ)၊ စံကား ဆိုတဲ့ ပန်းသုံးမျိုးပွင့်သတဲ့.. ကဲ .. ဘယ်လောက်တောင်ထူးခြားလဲ.. သူမအကြောင်းကို ဒီထက်မက သိချင်တယ်ဆိုရင်တော့ ဆရာမြသန်းတင့် ဘာသာပြန်တဲ့ ဧကရီဖွားစော စာအုပ်မှာ ဖတ်ကြည့်ပါလေ.. ပုဂံမိဖုရားလည်းဆိုသေး.. ဘယ့်နှယ်ဆရာမြသန်းတင့်က ဘာသာပြန်သတဲ့လဲ.. ဆရာမြသန်းတင့်ရေးတယ်လုပ်ပါဆိုရင်တော့ လွဲပါပြီခင်ဗျာ.. မူရင်းဝတ္ထုကို Maurice Collins ဆိုတဲ့ စာရေးဆရာက “She was a Queen” ဆိုတဲ့ နာမည်နဲ့ ရေးသားခဲ့ပါသတဲ့ဗျာ.. ကဲ ဝါသနာပါရင် မူရင်းပါ ဖတ်ကြစေ.. ;)

 

၎။ ခင်နှင်းဖြူ

ဟယ်.. စာအုပ်ညွှန်းပါဆို ဘယ့်နှယ်ကောင်မလေး နာမည်တွေ လာခေါ်နေသတုန်းပေါ့… စာအုပ်နာမည်ပါ ခင်ဗျာ.. ဆရာကြီး ဓူဝံ ရေးခဲ့တဲ့ စုံထောက်ဝတ္ထုကောင်းကောင်းလေးပါ။ ရန်ကုန်က စုံထောက်တစ်ယောက် သူ့ရဲ့ ဇာတိ ပဲခူးကို ပြောင်းရတုန်း ကြုံရတဲ့အဖြစ်တွေပေါ့ဗျာ.. “ဆရာဝန်ဆိုတာ တစ်ယောက်မှ မကောင်းဘူး။ ရှေ့နေတွေလည်း အတူတူပဲ” ဆိုတဲ့ စကားနဲ့ သူ့ကားပေါ် ဥစ္စာစောင့်လိုလို သရဲလိုလိုပါလာတဲ့ ခင်နှင်းဖြူဆိုတဲ့ မိန်းကလေး။ သူ့ရဲ့ မွေးစားဖခင်ကြီးဆုံးပြီးနောက် ကျန်ခဲ့တဲ့ တစ်ဦးတည်းသော သမီးလေးဟာ ခင်နှင်းဖြူနဲ့ ချွတ်စွပ်တူနေတဲ့အခါ.. ခင်နှင်းဖြူပြောခဲ့တဲ့ ဆရာဝန်ကရော သူ့ရဲ့ မွေးစားဖခင်ကြီး မိသားစုနဲ့ ဘယ်လိုပတ်သက်နေသလဲ။ ခင်နှင်းဖြူကို ဘာကြောင့် လူတွေက လိုက်ရှာနေရတာလဲ။ သူကရော အပြစ်မရှိဘဲ ဘာလို့ ပုန်းနေရတာလဲ? ဟို ဆရာဝန်ပြောသလို ခင်နှင်းဖြူဟာ တကယ်ပဲ စိတ်မနှံ့တဲ့ အမျိုးသမီးလား… အင်း.. စိတ်ဝင်စားစရာတွေတော့ အပြည့်ပါပဲ.. သိချင် ဖတ်ကြည့်ပေါ့ဗျာ :D ဒါနဲ့ ဓူဝံရဲ့ စာအုပ်ဆိုတော့ ထုံးစံအတိုင်း အဟောင်းတန်းတော့ မွှေရမပေါ့.. မွှေရတာနဲ့ တန်မှာပါ။ ဖတ်ကြည့်.. မကောင်းဘဲ မညွှန်းဘူး ယုံ.....

 

၅။ ဝမ်းတစ်ထွာရဲ့ ဝမ်းစာ

အဲ.. ဒါကတော့ ကွယ်လွန်လေပြီးသော စာရေးဆရာတွေ မဟုတ်တော့ဘူး။ လူငယ်စာရေးဆရာခေါ်ရမှာပေါ့။ အညို ရဲ့စာအုပ်ပါ။ အရင်တုန်းက ဘဝသရုပ်ဖော်တွေဆို ဆရာမ မိုးမိုး (အင်းလျား)ပေါ့။ ဒီဘက်ခေတ်မှာတော့ ကျွန်တော်က အညို လို့သာ ပြောချင်တယ်။ ဘယ်လိုခေါ်မလဲ.. သူ့ဝတ္ထုတွေဖတ်လိုက်ရင် ကိုယ်တိုင်ပဲ ဈေးထဲရောက်ပြီး ဈေးသည်တွေနဲ့ စကားပြောနေသလိုလို၊ လမ်းဘေးမှာ တောင်းစားနေတဲ့ အမယ်အိုကြီးပဲ ဖြစ်သွားသလိုလို .. တကယ့် ဘဝထဲက ကုန်ကြမ်းတွေကို ရေးတာမို့ တကယ့်ဘဝလို့ကို မြင်နေရမယ့် ဝတ္ထုအမျိုးအစားတွေပါ။ ဘဝသရုပ်ဖော်ဖြစ်နေပေမယ့် စာတွေက လေးပင်မနေဘဲ ပေါ့ပေါ့ပါးပါးသွက်သွက်လက်လက်ရှိတော့ တစ်မျိုးလေးဗျ.. ဘယ်လိုခေါ်မလဲ နွေရာသီမှာ မန်ကျည်းဖျော်ရည် သောက်ရသလိုပေါ့။ ချိုချို သွက်သွက်အရည်ပေမယ့် ချဉ်ဖြုန်းဖြုန်းလေးနိုင်သလို နည်းနည်းပျစ်နေတာလေးလည်း ရှိတာပေါ့ဗျာ.. အဟေး.. ဥပမာပေးလိုက်မှ ပိုရှုပ်သွားပြီထင်တယ်။ ဒီလိုဗျာ.. ဘဝအမောတွေကို ရေးထားတာပေမယ့် အရေးသွက်သွက်၊ အတွေးလက်လက်နဲ့ဆိုတော့ ပေါ့ပေါ့ပါးပါးဖတ်ရင်း ရင်လည်းမောရတာမျိုးပေါ့။ ကျွန်တော်ပြောတာ လွန်မယ်ထင် ခင်ဗျားတို့ ဖတ်ကြည့်ဗျာ.. နော့်.. ပြီးတော့ ပြန်ဆွေးနွေးကြတာပေါ့။

ကဲ.. ဒီလောက်ဆို သင်္ကြန်ပိတ်ရက်တွေအတွက်လုံလောက်ကြရောပေါ့… နောက်တစ်ပတ်မှ ပြန်ဆုံမယ်နော်...

Angelic Demon (ရိုးရာလေး)