သင်္ကြန်ရက် အိမ်တွင်းပုန်းလေးတွေအတွက် ကြည့်စရာဇာတ်ကားလေးတွေ

ရိုးရာလေးပရိသတ်တွေထဲက ကိုယ့်လို ဒီနှစ်သင်္ကြန် အိမ်တွင်းပုန်း လုပ်မယ့်သူတွေအတွက် ကြည့်ဖို့ရှုဖို့ ဇာတ်ကားကောင်းလေးတွေကို ညွှန်းပေးလိုက်ပါတယ်နော်။ နေပူခံ အသားမည်းမှာ မစိုးရိမ်ရပဲ အိမ်မှာပဲ ဇိမ်နဲ့ ဇာတ်ကားလေးတွေ ငြိမ့်ငြိမ့်လေး ကြည့်ကြရအောင်...

 

၁။ A Monster Calls

ဒီဇာတ်ကားလေးကို အညွှန်းဆိုတာထက် ကြိုက်မိတဲ့ ဒိုင်ယာလော့လေးတွေကို ပြောပြချင်ပါတယ်။ အညွှန်းရေးရင် ပေါ့သွားမှာစိုးလို့ပါ။ "လူတွေဆိုတာလေ. . . .သူတို့နားမလည်တဲ့ဟာဆို မနှစ်သက်ကြဘူး။ ကြောက်ဖို့လောက်ပဲသိကြတယ်။" "အမြဲတမ်းကောင်းနေတဲ့ လူဆိုတာမရှိပါဘူး ကော်နာအိုမယ်လီ။ အမြဲတမ်းဆိုးနေတဲ့လူလည်း မရှိဘူးလေ။" "ပြည်သူတွေချစ်တဲ့ မင်းသားတစ်ပါးဟာ ဘယ်လိုလုပ် ကောက်ကျစ်သူတစ်ယောက် ဖြစ်နိုင်မှာတဲ့လဲ? မှန်မှန်ကန်ကန်တွေးခေါ်တတ်တဲ့ ဆေးဆရာကြီးတစ်ယောက်ကကော ဘယ်လိုလုပ်ကောက်ကျစ်နိုင်မှာတဲ့လဲ?

ကိုယ်ပျောက်လူသားတွေကကော သူတို့ကို မမြင်ရတာကြောင့်နဲ့တော့ ဘယ်လိုလုပ်အထီးကျန်ဆန်နေမှာတဲ့လဲ?" ကြိုက်မိတဲ့ ဒိုင်ယာလော့လေးတွေပါ။ ရှိသေးတယ်။ ထပ်ရေးရင် spoilerတွေဖြစ်ကုန်မယ်။ သိမ်သိမ်မွေ့မွေ့လေးနဲ့ တဖြည်းဖြည်း ဇတ်ရှိန်တက်အောင် ဆွဲခေါ်သွားလိမ့်မယ်။ သင်ကော Monster ပြောပြတဲ့ပုံပြင်သုံးခုကို နားထောင်ဖို့ အဆင်သင့်ဖြစ်ပြီလား။ ဒါဆို သူ့ကိုဆင့်ခေါ်လိုက်ပါတော့။

 

၂။ The Intern

သမားရိုးကျ ဇာတ်လမ်းတစ်ပုဒ်ကနေ ဖောက်ထွက်နေတဲ့ဇာတ်ကားမျိုး။ အရိုးရှင်းဆုံးဟာ အဆန်းပြားဆုံးဆိုတဲ့အတိုင်းပဲ ဇာတ်လမ်းတစ်ပုဒ်လုံးကို ဘာလှည့်ကွက် ဘာဆိုဘာမှမထည့်ထားပဲ ကြည့်ရှုသူကို အဆန်းပြားဆုံးခံစားချက်တွေ ပေးနိုင်တဲ့ဇာတ်ကားလေး။ အဟောင်းနဲ့အသစ် ကာလနှစ်ခု အတွေ့အကြုံနှစ်ခု အတွေးအမြင်နှစ်ခုကို တစ်ပြိုင်တည်းခံစားနိုင်တယ်။ အတွေ့အကြုံဝါရင့်နေသူတစ်ဦးနဲ့ တက်သစ်စ အတွေးအမြင်သစ်တွေနဲ့သူတစ်ဦးရယ် အခုခေတ်ကိုထင်ဟပ်ပြနေတဲ့ လုပ်ငန်းခွင်နဲ့ မိသားစုဘဝတွေရယ်။ အပိုအလိုမရှိ သရုပ်ဖော်ထားတာကို တွေ့ရပါလိမ့်မယ်။ လုံးဝကြည့်ရကျိုးနပ်စေမယ့် ဇာတ်ကားလေးမို့ ညွှန်းပေးလိုက်ရပါတယ်နော်။

 

၃။ The Hitman’s Bodyguard

Action ကားတစ်ကားကို ပေါ့ပေါ့ပါးပါး ဇာတ်ကွက်တွေနဲ့ စီးမျောချင်တယ်ဆိုရင်တော့ ဒီကားလေးကိုသာ ကြည့်လိုက်ပါ။ အရမ်းကြီး ကြမ်းတမ်းနေတဲ့ Action ကားမျိုးတော့မဟုတ်ပေမယ့် ကြမ်းပါတယ်။ ဘယ်လိုကြမ်းသလဲဆိုတာတော့ ကိုယ့်ဘာသာကိုယ်သာ ကြည့်ရှုခံစားလိုက်ပါ။ အားလုံးသိကြတဲ့ Dead Pool မင်းသား Ryan Reynolds နဲ့ Samuel L.Jackson တို့ရဲ့အချိတ်အဆက်မိမိ သရုပ်ဆောင်မှုတွေ ဒိုင်ယာလော့တွေအောက်မှာ လုံးဝစီးမျောသွားမယ်ဆိုတာ အာမခံထားပါတယ်။ ပစ်ကြခတ်ကြရင်း သေနတ်သံတစ်ဒိန်းဒိန်းကြားမှာကို ရယ်မောနေရမှာမို့ ဘဝအမောတွေ ပြေစေမှာ အသေအချာပါပဲ။ အဆင့်မြင့်ဘော်ဒီဂတ်တစ်ယောက်ဟာ အရေးကြီးပုဂ္ဂိုလ်တစ်ဦးကို ကာကွယ်ဖို့တာဝန်တစ်ခု ပျက်ကွက်ခဲ့တာကစလို့ ရာထူးလျောကျခဲ့တာကနေ ကြေးစားသက်တော်စောင့်တစ်ဦးဖြစ်လာပါတယ်။ အဲ့ဒီမှာပဲ သူစောင့်ရှောက်ပေးရမှာက နောက်ထပ်အဆင့်မြင့် ကြေးစားလူသတ်သမားတစ်ဦး ဖြစ်နေတဲ့အခါမှာတော့... ပရိတ်သတ်ကြီးရေ ဇတ်ကားလေးကို အမြန်ဆုံးသာ ကြည့်လိုက်တော့နော်။

 

၎။ R.I.P.D

ဇာတ်ကားနာမည်လေးက ဆန်းဆန်းလေးနော်။ အဓိပ္ပါယ်ကလည်း ဆန်းတယ်။ သူ့ရဲ့အရှည်ကောက်ကတော့ Rest In Peace Department ပါတဲ့။ မင်းသားကတော့ Ryan Reynoldsပဲ။ သူ့ကားလေးတွေ ဓာတ်ကျနေလို့ပါ။ ဒီကားလေးလည်း ထူးထူးဆန်းဆန်းပဲ။ နာမည်ကိုသာ ကြည့်ပေတော့လေ။ သူကဒီကားထဲမှာတော့ ရဲတစ်ယောက်ပေါ့။ မတော်တဆဖြစ်စဉ်တစ်ခုကြောင့် သေပြီးခဲ့တဲ့နောက်မှာလည်း သူဟာ R.I.P.D ကိုရောက်ခဲ့ပြီး monsterတွေကို လိုက်လံဖမ်းဆီးပေးရတဲ့ ရဲတစ်ယောက်ဖြစ်လာတယ်။ အဲ့ဒီမှာတလွဲတွေနဲ့စတွေ့တာပဲ။ Comedy လို့လည်းခေါ်နိုင် Romanceလေးလည်းပါ Action တွေလည်းပါတဲ့ ပေါ့ပေါ့ပါးပါး ကြည့်လို့ရတဲ့ ဇတ်ကားကောင်းလေးတစ်ကားမို့ ရိုးရာလေးပရိသတ်အတွက် ညွှန်းပေးလိုက်ပါတယ်။

 

၅။ Kung Fu Yoga

ဒီကားလေးကတော့ The Mythရဲ့အဆက်လို့လည်း ပြောနိုင်သလို သက်သက်စီကြည့်လည်း ရတယ်လို့ ပြောနိုင်တဲ့ကားလေးပါ။ မင်းသားကြီး ဂျက်ကီချန်း ခေါင်းဆောင်ပါဝင်သလို ပရိတ်သတ်ချစ်တဲ့ အနုပညာရှင်အများကြီးနဲ့ အားဖြည့်ပေးထားပါတယ်။ နာမည်ကြီး လရှေးဟောင်းသုတေသနပညာရှင်နဲ့ သူ့အဖွဲ့သားတွေဟာ အိန္ဒိယပြည်ရဲ့ပျောက်ဆုံးနေတဲ့ ရတနာသိုက်တစ်ခုကို ရှာဖွေကြမှာဖြစ်ပါတယ်။ အခက်အခဲများစွာ ကြုံတွေ့ရသလို အသေအပျောက်တွေလည်း ကြုံခဲ့ရပါတယ်။ ဒါပေမယ့် ဂျက်ကတော့ သူ့ရဲ့အတွေ့အကြုံတွေကို အခြေပြုလို့ အရောက်သွားနိုင်ပြီး ရှေးဟောင်းရတနာတွေကို ကာကွယ်ပေးနိုင်ပါ့မလားဆိုတာ ပရိတ်သတ်ကြီးကိုယ်တိုင် အခုပဲကြည့်ရှုလိုက်ပါတော့။ ဂျက်ကီချန်းရဲ့ထုံးစံအတိုင်း ဟာသလေးတွေစွက်ရင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ ရှူခင်းလေးတွေလည်း လှပလွန်းပါတယ်။

 

၆။ Coco

ဒီကားလေးကတော့ တော်တော်များများကြည့်ဖူးကြမှာပါ။ ကြားတော့ကြားဖူးတယ် အခုထိမကြည့်ရသေးဘူး ဆိုတဲ့သူတွေအတွက် အခုလိုပိတ်ရက်လေးမှာ ကြည့်ဖြစ်အောင်ကြည့်ကြဖို့ တိုက်တွန်းပါရစေ။ animation ကားလေးတစ်ကားဖြစ်ပေမယ့်လည်း ကြည့်သူတိုင်းရဲ့ ရင်ထဲထိ ထိုးဖောက်နိုင်တဲ့ကားလေးပါ။ တော်ရုံတန်ရုံ စိတ်မခိုင်တဲ့သူဆို တစ်ရှုးလေးဆောင်ထားဖို့ ကြိုအသိပေးထားပါရစေ။ ကိုယ့်လိုစိတ်ခိုင်သူတောင်မှ မျက်ရည်တွေဝဲလို့ ရင်ထဲဆို့နင့်နေတာမို့ပါ။ Mexican ရိုးရာဂီတတွေ အလှအပတွေကို တစ်ဝကြီးရှုစားရမှာပါ။ ဒါ့အပြင် ၅၂၈ရဲ့ ဖြူစင်အေးမြလှတဲ့ ချစ်ခြင်းတရားတွေ လူ့စရိုက် လူ့သဘာဝတွေနဲ့ လူငယ်လေးတစ်ယောက်ရဲ့ ယုံကြည်ချက်တွေ အလှပဆုံး ဖော်ကျူးသွားနိုင်တဲ့ ကားလေးတစ်ကားပါ။ ဇာတ်ဝင်သီချင်းလေးတွေကလည်း လွမ်းလွမ်းဆွေးဆွေးလေးတွေနဲ့ ထိရှလွန်းလှပါတယ်။ ပိတ်ရက်လေးမှာ ကြည့်ဖြစ်အောင် ကြည့်လိုက်ပါနော်။

 

Sophia (ရိုးရာလေး)