Emotional quotient (စိတ်ခံစားမှုညွှန်းကိန်း)

ကြားဖူးနေကျ စကားလုံးတွေ ဖြစ်တဲ့ IQ တို့ EQ တို့ထဲက EQ ရဲ့ အကြောင်းဖြစ်ပါတယ်။ IQ( Intellectual Quotient) (ညဏ်ရည်ညွှန်းကိန်းအချိုး) EQ(Emotional Quotient) (စိတ်ခံစားမှုညွှန်းကိန်းအချိုး) တို့ ဖြစ်ပါတယ်။

IQ ကရှင်းပါတယ်။ စဉ်းစားတွေးခေါ် တွက်ချက်သုံးသပ်ပြီးအသင့်တော်ဆုံး အဖြေကို ရှာဖွေနိုင်တဲ့ ဦးနှောက် စွမ်းရည်ပါ။ အခြေခံ သဘောတရား နားလည်မှုတွေ၊သချာင်္ သဘောတရား၊ ရူပဗေဒ ၊ ဓာတုဗေဒ ၊ အထွေထွေ ဗဟုသုတ၊ အစရှိတာတွေကို ပေါင်းစပ်ပြီးတော့ အနီးစပ်ဆုံး အဖြေထုတ် ရှာဖွေနိုင်တဲ့ ညဏ်ရည်ပြ အချိုးဖြစ်ပါတယ်။ အဓိကပြောချင်တာ EQ အကြောင်း ဖြစ်လို့ IQ အကြောင်း ဒီလောက်ပါပဲ။

Emotional quotient ဆိုတာရဲ့ နောက်မှာ ခေါင်းစဉ်ကွဲလေးများစွာ ရှိနေပါတယ်။ အဲ့ဒီထဲက တချို့ကတော့...

(1)Self-awareness

ပထမဆုံး အခြေခံအရေးကြီးတာက Self-awareness( မိမိကိုယ်ကို ကိုယ်တိုင် သိနိုင်စွမ်း) ဖြစ်ပါတယ်။ ကိုယ် ဘာစားတယ် ဘယ်သွားချင်တယ် ဆိုတာမျိုးမဟုတ်ပါဘူး။ အဲ့ဒီထက်ပိုတဲ့ တစ်စုံတစ်ယောက်ကို မနာလို ဖြစ်နေသလား? တစ်စုံတစ်ယောက်ကို မုန်းနေသလား? အမြင်ကတ်နေသလား?၊ဒေါသထွက်နေသလား၊ ကိုယ်ဟာ အကျင့်စာရိတ္တ မကောင်းတဲ့လူလား? ကိုယ့်ရဲ့အပြုအမူတွေကတော့ ပြနေတယ်၊ ကိုယ်ကိုတိုင် က သေချာ မသိဘူးဆိုရင် ဒါဟာ သင့်ကို လူမှုဆက်ဆံရေးကိစ္စတွေမှာ ဘေးကိုတွန်းပို့နေတဲ့ အချက်ပဲဖြစ်ပါတယ်။

(2)Self-control

သင့်မှာ self-awareness ရှိပြီဆိုရင် အဲ့ဒီကိစ္စကို self-control လုပ်ဖို့ရှိလာပါပြီ၊ ရှင်းပါတယ် ခုနပြောခဲ့တဲ့ မနာလိုမှု၊အမြင်ကတ်မှု၊ဒေါသထွက်မှုတွေကို ထိန်းချုပ်နိုင်ဖို့ပါ ။ ဒေါသထွက်သင့်တဲ့အချိန်မှာ ဒေါသထွက်သင့်သလောက် ဒီဂရီအတိုင်းအတာနဲ့ မှန်မှန်ကန်ကန် ဒေါသထွက်တတ်ဖို့ဆိုတာ လူတိုင်းမလုပ်နိုင်ပါဘူး။ ဥပမာ အနေနဲ့ ပြောရ ရင် သင်ဟာ ဈေးထဲသွားပြီး ငါးဝယ်တော့ ငါးရောင်းတဲ့လူက သင့်ကို အလေးခိုးလို့ ပြဿနာ ဖြစ်လာတယ်ဆိုပါတော့၊သင့်ရဲ့ဒေါသတွေကို အိမ်ပြန်လမ်းပေါ်မှာ ဆိုက်ကားဆရာ ဆီကို ပုံချလိုက်တယ် ဆိုတာ အဖြေမှန် မဟုတ်ပါဘူး၊ ငါးရောင်းသူနဲ့ ဖြစ်တဲ့ ကိစ္စဟာ ငါးရောင်းသူနဲ့ပဲ ရှင်းရမှာဖြစ်ပြီး ဆိုက်ကားဆရာနဲ့ လုံးဝ မပတ်သတ်တဲ့ ကိစ္စပါ။ အူကြောင်ကြောင် နိုင်တယ် ထင်ရပေမယ့် EQ မြင့်တယ်ဆိုတာ ဒါမျိုးလေးတွေက အစ ထိန်းချုပ်နိုင်တာကို ခေါ်ပါသတဲ့။ အဲ့ဒီထက်ပိုတဲ့ ဒေါသ၊မောဟ၊လောဘ တွေကို ထိန်းချုပ်နိုင်တာကတော့ တော်တော်လေး EQ မြင့်မှ ဖြစ်နိုင်မှာပါ။

(3)Self-regulation ကိုယ့်စိတ်ကိုကိုယ် အမှန်အတိုင်းလက်ခံပေးနိုင်ခြင်းဖြစ်တယ်။ Conservative (ရှေးရိုးစွဲ) မဟုတ်တဲ့ စိတ်မျိုးပေါ့။လောလောဆယ် ကျွန်တော်တို့ နိုင်ငံမှာ conservative ဆန်တဲ့ Citizen (နိုင်ငံသား) တော်တော်များများဟာ EQ နိမ့်နေတာကိုတွေ့ရပါတယ်။ ကိုယ်လက်ခံထားတဲ့ ကိစ္စ၊ ကိုယ်နားလည်ထားတဲ့ ကိစ္စ တွေကို ခေတ်စနစ်အရ၊ လူနေမှုအရ၊ အရပ်ဒေသအရ မှားနေပြီလို့ ယူဆရင် ပြောင်းလဲလက်ခံရဲတဲ့ စိတ်ထားရှိရပါမယ်။ တစ်ခါတစ်လေမှာတော့ ကိုယ်မှားနေမှန်းသိပါရက်နဲ့ တစ်ချိန်တုန်းက မှန်ခဲ့တာကို ပြန်တွေးပြီး လက်မခံနိုင်တာဟာ EQ နိမ့်ခြင်းတစ်မျိုးပါပဲ။

(4) Self-motivation

ကိုယ့်ကိုယ်ကိုယ် စေ့ဆော်တာ၊ တိုက်တွန်းတာပါ။ ကြိုးစားဖို့အတွက် ကိုယ့်ကိုယ်ကိုယ် တိုက်တွန်းနေတဲ့စိတ်၊ ကိုယ့်ကိုယ်ကိုယ် မောင်းနှင်နေတဲ့စိတ်ဖြစ်တယ်။သူများခိုင်းမှ၊ တိုက်တွန်းမှ လုပ်တာမျိုး မဟုတ်တဲ့စိတ်ထားမျိုးပေါ့။ သခင်စိတ်ထားတယ်၊ ကိုယ့်အလုပ်လို သဘောထားတယ် စသဖြင့်ပေါ့။EQ မြင့်တဲ့ သူများသာ ဒီလိုစိတ်မျိုးထားနိုင်တယ်ပေါ့။

(5) Empathy

သူတစ်ပါးကို စာနာတတ်တဲ့ စိတ်ထားပါ။ကိုယ်ခြင်းစာ တရား လည်း ဖြစ်ပါတယ်။ သူတစ်ပါး ထိခိုက် နစ်နာသွားမယ့် ကိစ္စ ကို မလုပ်တာ၊မပြောတာ၊ စောင့်ထိန်းနိုင်တာမျိုးပါ။ သဘောထားကြီးပြီး နားလည်ခွင့်လွှတ် နိုင်တဲ့ စိတ်ထားမျိုးဟာ EQ မြင့်တာဖြစ်ပါတယ်။ လူတစ်ယောက်ဟာ အဲဒီလိုမျိုး ကိုယ့်စိတ်ကိုယ် နားလည်နိုင်တယ်၊ ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်တယ်၊ ထိန်းညှိနိုင်တယ်၊ ကိုယ့်ကိုယ်ကိုယ် စေ့ဆော်တိုက်တွန်းနိုင်တယ်၊ သူတစ်ပါးကို စာနာနိုင်တယ်ဆိုရင် EQ မြင့်တယ်။

သာမာန် EQ level တန်းရှိတဲ့ လူတွေ ဟာတောင် အလုပ်တစ်ခု ကို ပူးပေါင်းလုပ်ဆောင်ဖို့ ညှိနှိုင်း ဆောင်ရွက်ရတာ တော်တော်လေးလွယ်ကူမှာပါ။ EQ မြင့်တဲ့ လူများဟာ တစ်ယောက်နဲ့တစ်ယောက် စာနာ နားလည် ပူးပေါင်းညှိနှိုင်း လိုတဲ့စိတ်ရှိကြလို့ပါ။

မိမိကိုယ်ကို EQ မြင့်အောင်ကြိုးစားရင်း လူအများနဲ့ သင့်တင့် လျောက်ပတ်အောင် ကြိုးစား လုပ်ကိုင်ရင်း မိမိ နိုင်ငံကို အကျိုးပြုနိုင်ပါစေ။

Zuluu (ရိုးရာလေး)