အပတ်စဉ် စာအုပ်အညွှန်းကဏ္ဍ

မင်္ဂလာပါ။ အပတ်စဉ်တင်ဆက်ပေးနေကျ ရိုးရာလေးရဲ့ စာအုပ်အညွှန်းကဏ္ဍကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ခါလည်း စာအုပ်အကြောင်းမပြောခင် ရိုးရာလေးပရိသတ်ကြီးကို မေးခွန်းလေးတွေ အရင်မေးရမယ်ထင်ပါရဲ့…

စိတ်ဓာတ်ကျဖူးကြလား? ဒါမှမဟုတ်.. ကိုယ့်အပေါ် လောကကြီးက မတရားဘူးလို့ ထင်နေပါသလား? အရာရာ အဆင်မပြေဘူးလို့ တွေးမိနေပါသလား? ဒီဂိမ်းလေး ဆော့ကြည့်ပါ။ ဂိမ်းနာမည်လေးက “ကောင်းကွက်ကိုရှာ” တဲ့…

စစဆော့ချင်းမှာတော့ အဓိပ္ပာယ်မရှိဘူးလို့ ထင်နိုင်သလို၊ ဆော့မယ်ဆိုရင်တောင် ဆော့ရခက်ခဲနေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဂိမ်းရဲ့သဘောသဘာဝက ဘယ်အရာကမဆို ကောင်းကွက်ကို ရှာရမယ့် ဂိမ်းဖြစ်နေလို့ပါပဲ။ ဒါပေမဲ့ ဆော့နေကျသွားပြီဆိုရင်တော့ လောကကြီးမှာ ရှိသမျှ အရာအားလုံးဟာ လှပပြီး အသက်ဝင်လာပါလိမ့်မယ်။

အဲ.. ဆော့ရခက်မယ်ဆိုတာကလည်း စဉ်းစားကြည့်လေ နော်.. စိတ်ဓာတ်ကျနေပါတယ်ဆိုတဲ့အချိန်မှာ တွေ့သမျှ မြင်သမျှအရာအားလုံးဟာ အမှောင်တိုက်ထဲမှာပဲလေ.. စိတ်တိုင်းမကျတာတွေ၊ စိတ်မရှည်တာတွေ စသဖြင့်ပေါ့.. ဒီအခြေအနေကြီးမှာမှ ကောင်းကွက်ကိုရှာခိုင်းနေတာ ဘယ်လိုရနိုင်မလဲပေါ့.. ဟုတ်တယ်မလား… ဒါပေမဲ့ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် ဒီဂိမ်းကို ကောင်းကောင်းကစားသွားနိုင်တဲ့ ကလေးမလေး တစ်ယောက် ရှိခဲ့ဖူးပါတယ်။

ဟုတ်ပါတယ်။ ပေါ်လီယာနာပါတဲ့… သူကလေးဟာ ကကျိုးကကြောင်တော်တော်ကျတဲ့ အဒေါ်အပျိုကြီးအိမ်မှာ တစ်ယောက်တည်းလာနေရတဲ့ ကလေးမလေးပေါ့.. အဒေါ်ဖြစ်သူကလည်း အမြဲလိုလို မှုန်ကုပ်ကုပ်၊ သူ့ကိုပေးထားတဲ့အခန်းကလည်း ကျဉ်းကျဉ်းကြုံ့ကြုံ့ ဒါပေမဲ့ ဒီကလေးမကလေးဟာ ပျော်နေတာပါပဲ.. သူ့ကိုချစ်လို့ ရှုခင်းကောင်းတဲ့ ဒီအခန်းလေးကို ပေးထားတာလို့ အကောင်းဘက်က တွေးပြန်သတဲ့…

သူ့ဘေးပတ်ဝန်းကျင်က လူတွေက ဒီကလေးမကလေးကို စိတ်မှမှန်ရဲ့လားလို့ တွေးမိကြပေမဲ့ တကယ်တမ်း ကလေးမလေးရဲ့ ဂိမ်းအကြောင်းနဲ့ သူ့စိတ်ထားကလေးကို သိသွားတဲ့အချိန်မှာ မချစ်ဘဲ မနေနိုင်ကြပြန်ဘူးလေ… သူကလေးကလည်း ဘယ်လောက်တောင် ဒီဂိမ်းကို ဆော့သလဲဆိုတော့ ဘာတစ်ခုမှ အဆင်မပြေတဲ့ထဲ ခြေထောက်ကျိုးတာတောင် သူ့ကိုချစ်တဲ့သူတွေလာကြည့်ခွင့်ရတာပေါ့ဆိုပြီး အကောင်းဘက်က အဆုံးထိတွေးတတ်တဲ့ကလေးမလေးကိုး…

ဒီကလေးမလေးနဲ့ သူ့ဂိမ်းအကြောင်းကို ဖတ်ချင်တယ်ဆိုရင်တော့ Eleanor H.Porter ရေးထားတဲ့ Pollyanna စာအုပ်လေးကို ဖတ်ကြည့်ပါ။ အဲ အင်္ဂလိပ်စာကို မကြောက်ပါနဲ့ ရေးထားတာလေးတွေက ကျစ်ကျစ်လျစ်လျစ်နဲ့ ရိုးရှင်းတဲ့ ဝါကျ အသုံးအနှုန်းတွေကိုသာ သုံးနှုန်းထားတာကြောင့် ဖတ်ရလည်း လွယ်ကူပါတယ်။ စာအုပ်လည်း အထူကြီးမှ မဟုတ်တာလေနော်… ဘယ်လိုပဲဖြစ်ဖြစ် အင်္ဂလိပ်စာကို မဖတ်ချင်ဘူး။ မြန်မာပြန်ပဲ ဖတ်ချင်ပါတယ်ဆိုရင်တော့ဖြင့် ဆရာ “ထင်လင်း”ဘာသာပြန်ထားတဲ့ “မေတ္တာရှင်မလေး ပေါ်လီယာနာ” စာအုပ်ရှိပါတယ်လို့…

တကယ်တော့ ဒီစာအုပ်ကလေးက ကျွန်တော်တို့ကို အကောင်းမြင်တတ်ဖို့ သင်ပေးတဲ့ စာအုပ်လေးပါ။ လောကကြီးကို မျက်မှန်စိမ်းတပ်ပြီးကြည့်တဲ့အခါ တစ်လောကလုံးအစိမ်းရောင်တွေချည့် မြင်နေရမှာပါပဲ။ အကောင်းမြင်စိတ်လေးနဲ့ ကြည့်တဲ့အခါလည်း သာယာလှပတဲ့ လောကကြီးကို တွေ့မြင်ရမှာ သေချာပါတယ်။ ငါဒါကို မအောင်မြင်ဘူးလို့ တွေးနေမယ့်အစား ဒီဟာကနေ ငါ ဒါကို သင်ယူလိုက်ရတာပဲ လို့ တွေးပါ။ တစ်ကြိမ်တစ်ခါ အောင်မြင်ဖို့ ဆယ်ကြိမ်လောက် သင်ခန်းစာရတယ်လို့ တွေးခြင်းက ငါခဏခဏကျရှုံးနေတာပဲဆိုတဲ့ အတွေးတွေကို နှင်ထုတ်ပစ်နိုင်ပါတယ်။

တကယ်တော့ “ကောင်းကွက်ကိုရှာ” ရတဲ့ ကစားနည်းဟာ တကယ်မလွယ်တဲ့ ဂိမ်းပါပဲ.. ဒါပေမဲ့ ကစားနိုင်ပြီဆိုရင်တော့ တစ်လောကလုံးမှာ ကိုယ့်လောက်စိတ်ချမ်းမြေ့တာ ကိုယ်ပဲ ရှိနိုင်တော့တာမို့… ကောင်းကွက်ကို ရှာနိုင်ကြပါစေ…

 

Angelic Demon (ရိုးရာလေး)