အပတ်စဉ် စာအုပ်အညွှန်းကဏ္ဍ

မင်္ဂလာပါ။ ရိုးရာလေးရဲ့ အပတ်စဉ် စာအုပ်အညွှန်းကဏ္ဍကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်မှာတော့ ကျွန်တော်တို့နဲ့ သိပ်အလှမ်းမဝေးလှတဲ့ စာအုပ်လေးတစ်အုပ်ကို ညွှန်းပေးချင်ပါတယ်။

အလှမ်းမဝေး ဆို ကျွန်တော်တို့ ကျောင်းသားဘဝတုန်းက မြန်မာစာ ပြဌာန်းစာအုပ်ထဲမှာ ရင်းနှီးခဲ့တဲ့ စာတွေ ပါဝင်တဲ့ စာအုပ်လေး တစ်အုပ်ပါ။ ဘာလဲဆိုတာ အများကြီး မစဉ်းစားပါနဲ့လေ.. “ဦးဖိုးကျား” ရဲ့ ကိုယ်တွေ့ဝတ္ထုများ စာအုပ်ပါ။

မူလက ဦးဖိုးကျားရဲ့ ကိုယ်တွေ့ဝတ္ထုများ စာအုပ်တွေဟာ အမှတ် (၆) အထိ ရှိတယ်လို့ ဆိုခဲ့ပေမဲ့ ဒီဘက်ခေတ်ထဲ ပြန်ထုတ်တဲ့ ဒီစာအုပ်မှာတော့ အမှတ်စဉ် (၁) ကနေ (၄) အထိ ထဲကသီးသန့်ရွေးချယ်ထားတဲ့ ဝတ္ထုတို (၁၉) ပုဒ် ပါဝင်ပါတယ်။ ဒီထဲက အချို့သော ဝတ္ထုတွေကတော့ ကျွန်တော်တို့နဲ့ ရင်းနှီးနေပြီးသားပါ။ ဦးဖိုးကျားရဲ့ “မိတဆိုးရှင်ပြု” တို့၊ “မင်းကတော်”တို့ဟာ ကျွန်တော်တို့ အထက်တန်းကျောင်းသားဘဝကတည်းက ကျွန်တော်တို့ကို မျက်ရည်ချူခဲ့တဲ့ ဝတ္ထုတိုတွေပေါ့။

ဒီဝတ္ထုတိုတွေလိုပါပဲ။ “ကိုယ်တွေ့ဝတ္ထုများ” စာအုပ်ထဲက တခြားဝတ္ထုတိုတွေဟာလည်း သုတ၊ ရသ၊ ခံစားမှုအစုံ ပေးနိုင်တဲ့ ဝတ္ထုတိုတွေပါ။ ဒီထဲကမှ ကျွန်တော် အရမ်းသဘောကျတဲ့ ဝတ္ထုတိုလေး တစ်ပုဒ်ရှိပါတယ်။

အဲ… တစ်ပုဒ်လို့ပြောလိုက်လို့ ကျန်တာတွေကို မကြိုက်တော့တာမျိုး မဟုတ်ဘူးနော်… ဟိုအပေါ်က “မင်းကတော်”ကိုလည်း အရမ်းကြိုက်ပါတယ်။ ဘာလို့ဆို ကျွန်တော်ကလည်း အချစ်ခံရတဲ့ အရာရာ ဦးစားပေးခံရတဲ့ တစ်ဦးတည်းသော သမီးဖြစ်နေတော့ အဲဒီလိုအဖြစ်မျိုးဖြစ်မှာ အရမ်းကို ကြောက်ခဲ့မိတာပါ။ ကြောက်လွန်းလို့ မဖြစ်အောင်ဆိုပြီး သင်ခန်းစာယူဖို့ ဖတ်ရင်း ဖတ်ရင်းကနေ အကြိုက်ဆုံးတွေထဲ ပါသွားတော့တာပါပဲ။ ဒါပေမဲ့ ဒီဝတ္ထုက လူတော်တော်များများ မှတ်မိနေမှာမို့ ကျွန်တော်မပြောတော့ဘူးနော်…

စောစောက ပြောခဲ့တဲ့ ဝတ္ထုတို အကြောင်းဆက်ရရင် ဝတ္ထုနာမည်က "ဘုရားဖူးသွားခြင်း" တဲ့.... ကျိုက်ထီးရိုးကိုသွားတဲ့ ဝတ္ထုဗျ.. ဘုရားဖူးရဖို့က အရေးကြီးတာလား? ဘုရားစကား နားထောင်ဖို့က အရေးကြီးတာလားဆိုတာကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ရေးပြသွားတဲ့ ဝတ္ထုပါ။

ကျိုက်ထီးရိုးသွားကြတာချင်းအတူတူ ဘာကြောင့် ဘုရားဖူးရတဲ့သူက ဘုရားမဖူးလိုက်ရဘဲ လမ်းခုလတ်မှာ ကျန်ခဲ့တဲ့သူဆီက အမျှတောင်းရတာလဲ? ကြားထဲမှာ ဘယ်လို အဖြစ်အပျက်တွေများ ဖြစ်သွားလို့လဲပေါ့။ ဝတ္ထုထဲက လူတွေရဲ့ အတွေးတွေ၊ စကားလေးတွေကလည်း တယ်လှသကိုး… ဒီတော့ ကြိုက်ပြီပေါ့ဗျာ… တွေးစရာတွေလည်း အများကြီး ပေးတာကိုးဗျ...

တစ်ခုရှိတာက ဒီဝတ္ထုတိုကျတော့ လီယိုတော်လ်စတွိုင်းရဲ့ ဝတ္ထုတစ်အုပ်နဲ့ သွားဆင်နေတယ်လို့လည်း ပြောကြတာပါ။ မူရင်းလား မှီငြမ်းလားတော့ အမှန်အတိုင်း ဝန်ခံရရင် ကျွန်တော်လည်း မသိပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ်၊ မူရင်းဆိုဆို ကိုးကားပြောပြော၊ ဒီဝတ္ထုတစ်ပုဒ်နဲ့ကို ဦးဖိုးကျားရဲ့ “ကိုယ်တွေ့ဝတ္ထုများ” စာအုပ်ကို ဖတ်ရတာ တကယ်ကို တန်မှာပါ... ဒါပဲကောင်းတယ်ညွှန်းလို့ ကျန်တာတွေမကောင်းဘူးလို့ မပြောပါဘူးနော်… ကျန်တာတွေကလည်း ကောင်းနေပါတယ်… ယူတတ်ရင်တော့ တစ်အုပ်လုံးမှာ ပါသမျှက ပညာတွေချည်းပါပဲလို့….

 

Angelic Demon (ရိုးရာလေး)