မြန်မာနိုင်ငံမှ ဘိန်းရာဇာစစ်ဘုရင်မ သို့မဟုတ် အိုလစ်ဖ်ယန်း

အာရှတိုက်ရဲ့ အကြီးဆုံး ဘိန်းစိုက်ပျိုးထုတ်လုပ်ရာဒေသ ၂ခုအနက် ဒုတိယတစ်ခုဖြစ်တဲ့ နာမည်ကျော် ရွှေတြိဂံနယ်မြေကိုတော့ လူတိုင်းသိကြမှာပါ။

အာရှတိုက်မှာသာမက ကမ္ဘာ့အကြီးဆုံး ဘိန်းဖြူထုတ်လုပ်ရာဒေသကတော့ အာဖဂန်နစ္စတန်နိုင်ငံရှိ ရွှေလခြမ်းဒေသ(Golden Crescent) ဖြစ်ပြီး ဒုတိယနေရာမှာတော့ မြန်မာ၊ ထိုင်းနဲ့လာအိုတို့နယ်နမိတ်ချင်းထိစပ်နေတဲ့ ရွှေတြိဂံဒေသက ဒုတိယနေရာလိုက်ပါတယ်။ အခုဒီမှာဖော်ပြပေးသွားမှာကတော့ ရွှေတြိဂံဒေသတစ်လျှောက် လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့တဲ့ ဘိန်းဘုရင်မအိုလစ်ဖ်ယန်းအကြောင်းဖြစ်ပြီး အိုလစ်ဖ်ယန်းဟာ CIA ရဲ့ ကူညီထောက်ပံ့မှုတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့ထူထောင်ကာ ရွှေတြိဂံဒေသကို စိုးမိုးသွားနိုင်ခဲ့သူ အမျိုးသမီးတစ်ယောက်လည်းဖြစ်ပါတယ်။

အိုလစ်ဖ်ယန်း (Olive Yang)ဟာ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့်ဒေသအုပ်ချုပ်သူ တရုတ်မျိုးနွယ်စော်ဘွား Sao Yang Wen Pin ရဲ့ သားသမီး ၁၁ ဦးအနက်တစ်ဦး ဖြစ်ပါတယ်။ အိုလစ်ဖ်ယန်းကို ၁၉၂၇ ဇွန်လ ၂၄ ရက်နေ့မှာ မွေးဖွားခဲ့ပြီး အသက် ၁၉ နှစ်မှာ ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကို  စုစည်းတည်ထောင်ခဲ့ပါတယ်။ သူမဆွေမျိုးသားချင်းများရဲ့ပြောဆိုချက်များအရ အိုလစ်ဖ်ယန်းဟာ လိင်တူလိင်ကွဲ နှစ်မျိုးလုံးစိတ်ဝင်စားသူဖြစ်ပြီး ငယ်စဉ်ကတည်းက ယောင်္ကျားလေးဝတ်စုံများကိုသာ ဝတ်လေ့ရှိကာ သူအစ်ကိုရဲ့ ရည်းစားတွေနဲ့လည်း တွဲခုတ်တတ်သူတစ်ယောက်ဖြစ်ပါတယ်။ သမာရိုးကျမဟုတ်တဲ့ သမီးဖြစ်သူကို စိတ်ပူလာကြတဲ့ ကိုးကန့်စော်ဘွားနဲ့ဇနီးဖြစ်သူဟာ အိုလစ်ဖ်ယန်းကို သူ့ရဲ့မောင်ဝမ်းကွဲဖြစ်သူနဲ့ လက်ထပ်ပေးခဲ့ပါတယ်။ ၁၉၅၀ခုနှစ်မှာ အိုလစ်ဖ်ယန်းဟာ Duan Jipu လို့ခေါ်တဲ့ သားဖြစ်သူကို မွေးဖွားခဲ့ပါတယ်။ ကလေးမွေးပြီးတာနဲ့ သိပ်မကြာခင်မှာပဲ  အိမ်ထောင်ရှင်မ အလုပ်ကိုမပျော်ပိုက်တဲ့အိုလစ်ဖ်ယန်းဟာ ခင်ပွန်းဖြစ်သူနဲ့ သားဖြစ်သူကို စွန့်ပစ်ခဲ့ပြီး ဘိန်းကုန်ကူးခြင်းအလုပ်ကို စတင်လုပ်ကိုင်ပါတော့တယ်။ သူမရဲ့သားဖြစ်သူကို ဆွေမျိုးများကသာ ကျွေးမွေးစောင့်ရှောက်ခဲ့ရပြီး Duan Jipu ဟာလက်ရှိအချိန်မှာ ထိုင်းနိုင်ငံ ချင်းမိုင်မှာ ကျောင်းဆရာအဖြစ်လုပ်ကိုင်နေပါတယ်။

တိုင်းရင်းသားရိုးရာလိင်ပိုင်းဆိုင်ရာ ကန့်သတ်ချက်များကို တွန်းလှန်ခဲ့တဲ့ အိုလစ်ဖ်ယန်းဟာ ဘိန်းကုန်ကူးရင်း ထင်ရှားတဲ့စစ်ဘုရင်တစ်ဦးဖြစ်လာပါတယ်။ အသက် ၂၅ နှစ်မှာပဲ အိုလစ်ဖ်ယန်းဟာ မှောင်ခိုဘိန်းလမ်းကြောင်းကို ကာကွယ်ပေးတဲ့ စစ်သားရာကျော်ခန့်ရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒီဘိန်းများကို ထိုင်းနိုင်ငံမှ တဆင့် အမေရိကန်နဲ့ ဥရောပနိုင်ငံများသို့ တင်ပို့ပြီးမြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်ကို ကျော်တက်ကာ ဘိန်းကုန်ကူးမှု  အများဆုံးနိုင်ငံအဖြစ်ရပ်တည်လာပါတော့တယ်။

ဒါ့အပြင် အိုလစ်ဖ်ယန်းဟာဟာ ချန်ကေရှိတ် (Chiang Kai-shek) ရဲ့တရုတ်အမျိုးသားတပ်ဖွဲ့ ကူမင်တန်အကြွင်းအကျန်များနဲ့ ရင်းနှီးတဲ့ဆက်နွှယ်မှုရှိပြီး ဒီလိုကူမင်တန် တရုတ်ဖြူတပ်ဖွဲ့များနဲ့ ပူးပေါင်းတဲ့အတွက် မြန်မာအစိုးရက အိုလစ်ဖ်ယန်းကို အန္တရာယ်ရှိတဲ့ ရာဇဝတ်ကောင်အဖြစ် မြင်လာပါတော့တယ်။ အချိန်ကာလက စစ်အေးတိုက်ပွဲကာဖြစ်တဲ့အတွက် မော်စီတုန်းရဲ့ ကွန်မြူနစ်တပ်ဖွဲ့များကို ဆန့်ကျင်တိုက်ခိုက်နေတဲ့တရုတ်ဖြူကူမင်တန်များကို CIA (Central  Intelligence Agency)က လက်နက်အင်အား လူသူအင်အား ထောက်ပံ့ပေးခဲ့ပါတယ်။ Operation Paper လို့ခေါ်တဲ့ လျှို့ဝှက်စစ်ဆင်ရေးအရ CIA မှ  တရုတ်ဖြူတပ်ဖွဲ့များကို လက်နက်အင်အားထောက်ပံ့ခဲ့ပြီး အိုလစ်ဖ်ယန်းနဲ့ တရုတ်ဖြူတပ်ဖွဲ့များဟာ ဘိန်းရောင်းချရာမှ ရတဲ့ငွေမှတဆင့် ရန်ပုံငွေရှာပြီး နိုင်ငံရေးလုပ်လာတဲ့အတွက် “The Politics of Heroin” လို့ပါ အမည်တွင်လာခဲ့ပါတယ်။ တရုတ်ဖြူများ မြန်မာပိုင်နက်ထဲဝင်ရောက်ကျူးကျော်နေမှုနဲ့  ဘိန်းရာဇာဖြစ်တဲ့ အိုလစ်ဖ်ယန်းကို CIA မှ ၁၉၅၂ တွင်လက်နက်ထောက်ပံ့နေကြောင်းကို မြန်မာအစိုးရက အထောက်အထားများနဲ့ ကုလသမ္မဂ အထွေထွေညီလာခံသို့ တိုင်ကြားခဲ့ပါသေးတယ်။ အိုလစ်ဖ်ယန်းဟာ ၁၉၅၃ မှာပဲ ထိုင်းနိုင်ငံရှိလေယာဉ်ကွင်းတစ်ကွင်းကို သွားရောက်ကာ ထိုင်ဝမ်မှလာရောက်တဲ့ C-47  လေယာဉ်မှတဆင့် လက်နက်များကို သွားရောက်ယူခဲ့ပါသေးတယ်။ ထိုင်းနိုင်ငံမှ အပြန်မှာတော့ မျက်စိစပါးမွှေး စူးနေပြီဖြစ်တဲ့ မြန်မာ အစိုးရဟာ အိုလစ်ဖ်ယန်းနဲ့ သူ့ရဲ့လက်ထောက် လော်စစ်ဟန်(Lo Hsing Han) ကို ဖမ်းဆီးခဲ့ပါတယ်။ (လော်စစ်ဟန်ဟာ အနာဂါတ်ဘိန်းဘုရင်ဖြစ်လာမဲ့သူဖြစ်ပြီး မြန်မာစီးပွားရေးလုပ်ငန်းရဲ့ အဓိကစီးပွားရေးသမား တစ်ဦးလည်းဖြစ်ပါတယ်။)


အိုလစ်ဖ်ယန်း နဲ့ လော်စစ်ဟန်တို့ဟာ မန္တလေးထောင်မှာ တရုတ်ဖြူများကို မြန်မာနယ်စပ်ဖြတ်ကျော်ရေးမှာ ကူညီခဲ့တဲ့အမှုနဲ့ မြန်မာအစိုးရမှ ထောင်ဒဏ် ၅နှစ်စီချခဲ့ပြီး အဲ့ဒီအကြိမ်ဟာ အိုလစ်ဖ်ယန်းနဲ့ လော်စစ်ဟန်တို့ ရဲ့ပထမဆုံး ထောင်ကျခြင်းလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လော်စစ်ဟန်ဟာ မြန်မာအစိုးရနဲ့သဘောတူညီချက်တစ်ခုအရ အရှေ့တောင်အာရှတစ်ခွင် နာမည်ကျော် ဘိန်းရာဇာတစ်ဦးဖြစ်လာပြီး မြန်မာအစိုးရက သူ့ကိုဘိန်းရောင်းဝယ်ခွင့်ပြုကာ အပြန်အလှန်အနေဖြင့် လော်စစ်ဟန်က သူပုန်တပ်ဖွဲ့များနဲ့တိုက်ခိုက်နေရတဲ့ အစိုးရတပ်များကို ကူညီပေးရပါတယ်။

အိုလစ်ဖ်ယန်း ရဲ့အစ်ကိုဖြစ်သူကိုးကန့်စော်ဘွားEdward Yang Kyein Sai ၁၉၅၉ ခုနှစ်မှာ နန်းစွန့်သွားတဲ့အခါမှာ အိုလစ်ဖ်ယန်းဟာ ကိုးကန့်ဒေသတစ်လျှောက် အာဏာပိုင်တစ်ယောက်ဖြစ်လာပါတော့တယ်။ လိင်တူလိင်ကွဲ နှစ်မျိုးလုံးစိတ်ဝင်စားသူတစ်ယောက်ဖြစ်တဲ့ အိုလစ်ဖ်ယန်းဟာ မြန်မာသရုပ်ဆောင်တစ်ဦးဖြစ်သူ ဝါဝါဝင်းရွှေ နဲ့လည်း ဆက်ဆံရေးတစ်ရပ်ရှိခဲ့တယ်လို့ ကျယ်ကျယ်ပြန့်ပြန့်သတင်းထွက်ခဲ့ပြီး ရန်ကုန်မှာရှိတဲ့ အိုလစ်ဖ်ယန်းရဲ့  တိုက်ကို ဝါဝါဝင်းရွှေရဲ့အမည်နဲ့ လွှဲပေးခဲ့ပါသေးတယ်။ သို့ပေမဲ့ ၂၀၁၅ ခုနှစ်က အင်တာဗျူးတစ်ခုမှာတော့ ဝါဝါဝင်းရွှေက အိုလစ်ဖ်ယန်းနဲ့ ဘာဆက်နွှယ်မှုမှ  မရှိခဲ့ကြောင်း ငြင်းဆိုခဲ့ပါတယ်။

ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီး နောက်တစ်နှစ်ဖြစ်တဲ့ ၁၉၆၃ ခုနှစ်မှာ အိုလစ်ဖ်ယန်းကို မြန်မာအစိုးရက ထပ်မံဖမ်းဆီးခဲ့ပြီး ရန်ကုန်အင်းစိန်ထောင်မှာ အိုလစ်ဖ်ယန်းကို ထောင်ဒဏ် ၆ နှစ်ချခဲ့ကာ ထောင်ထဲမှာအာဏာပိုင်များက အိုလစ်ဖ်ယန်းကို ညှင်းပန်းနှိပ်စက်ခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့ပါတယ်။ ၁၉၈၉  ခုနှစ်၊ အိုလစ်ဖ်ယန်းအသက် ၆၀ ပြည်တဲ့အချိန်မှာ သူမရဲ့ဘဝအပြောင်းအလဲဖြစ်ခဲ့ပြီး အိုလစ်ဖ်ယန်းဟာ ရှမ်းပြည်နယ်မှာ လေးစားခြင်းခံရတဲ့  စစ်ဘုရင်ဖြစ်တဲ့အတွက် မြန်မာအစိုးရထောက်လှမ်းရေးအကြီးအကဲဖြစ်သူ ဦးခင်ညွန့်က အစိုးရနဲ့ သူပုန်တပ်ဖွဲ့များကြား စေ့စပ်ပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ သူမရဲ့လုပ်ဆောင်ချက်ဟာ အရာအရောက်ခဲ့ပြီး ကိုးကန့်သူပုန်တပ်ဖွဲဖြစ်တဲ့ Myanmar National Democratic Alliance Army နဲ့ အိုလစ်ဖ်ယန်းရဲ့ဆွေမျိုးတစ်ဦးဖြစ်တဲ့ ဖုန်းကြားရှင်(Peng Jiasheng )နဲ့ အစိုးရကြား ၂၀၀၉ ခုနှစ်မှာ တိုက်ပွဲမဖြစ်ခင်အထိ ငြိမ်းချမ်းရေးခိုင်မြဲခဲ့တယ်လို့ ဆိုရမှာပါ။



မြန်မာနိုင်ငံ ရှမ်းပြည်နယ်တစ်ခွင်ကို ကိုင်လှုပ်နိုင်ခဲ့တဲ့စစ်ဘုရင်မတစ်ဦးဖြစ်တဲ့ အိုလစ်ဖ်ယန်းဟာ သူမရဲ့ နေဝင်ချိန်တွေမှာတော့ ရှမ်းပြည်နယ် မြောက်ဘက်ပိုင်း မူဆယ်မြို့မှာ သူမရဲ့ လင်ပါသားတစ်ယောက်၊ သူမရဲ့တပ်သားများနဲ့အတူ အိမ်တစ်အိမ်မှာ မထင်မရှားနေထိုင်ခဲ့ပါတယ်။ အိုလစ်ဖ်ယန်းဟာ ၂၀၁၅ ခုနှစ်မှာလေဖြတ်ခဲ့ပြီး သူမရဲ့တပ်သားများနဲ့နေရတာ ပျော်ရွှင်ပါတယ် လို့ပြောဆိုခဲ့ပါတယ်။ ဝါဝါဝင်းရွှေ သူမအိမ်မှာ နေထိုင်နေတဲ့ ဓာတ်ပုံကို  အိုလစ်ဖ်ယန်းကိုပြကြည့်တဲ့အခါမှာ အိုလစ်ဖ်ယန်းက ဟက်ဟက်ပက်ပက်ရယ်မောကာ “That whole property was mine”(အကုန်လုံး ငါ့ဟာတွေချည်းပဲ) လို့တရုတ်စီးကရက်ကို လက်ကြားညှပ်ကာ ပြောဆိုခဲ့ပါတယ်။

အိုလစ်ဖ်ယန်းဟာ ဇူလိုင်လ ၁၃ ရက်နေ့ ၂၀၁၇ ခုနှစ် အသက် ၉၀အရွယ်မှာ မူဆယ်မှာပဲ ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်မှာ ညီမ ၂ဦးနဲ့ သားဖြစ်သူတို့ ကျန်ခဲ့ကာ အိုလစ်ဖ်ယန်းရဲ့ အုတ်ဂူဟာ ကိုးကန့်အပြင်ဘက် မူဆယ်အနီးမှာရှိပါတယ်။ သူမရဲ့ကိုးကန့်တပ်ဖွဲ့မှ တပ်သားများကတော့ အိုလစ်ဖ်ယန်းသေဆုံးမှုဟာ ကိုးကန့်နယ်သားတွေအတွက် ဝမ်းနည်းစရာတစ်ခုပါလို့ ပြောဆိုခဲ့ပါတယ်။

Ref : Washington Post News : Olive Yang, cross-dressing warlord and Burmese opium trafficker, dies at 90 by reporter Alice Dawkins from Yangon, Myanmar