အကြိမ်ကြိမ်ငြင်းပယ်ခံခဲ့ရပေမဲ့ KFC ကိုတည်ထောင်နိုင်ခဲ့သူ ဆန်းဒါးအကြောင်း

၁၉၅၀ ခုနှစ်၊ အမေရိကန်နိုင်ငံမှာ Great Depression လို့နာမည်ကျော်တဲ့ စီးပွားရေး ပျက်ကပ်ကြီး ဖြစ်ပေါ်နေတဲ့အချိန်၊ အိမ်သေးသေးလေးတစ်လုံးနဲ့ ကားလေးတစ်စီးကိုပဲ ပိုင်တဲ့ အဖိုးကြီးတစ်ယောက်ရှိပါတယ်။

သူဟာ အသက် ၆၀ ရှိနေပြီး သူ့လက်ထဲမှာ ရှိတာဆိုလို့ အစိုးရ အလုပ်လက်မဲ့ ထောက်ပံ့ကြေး ၉၉ ဒေါ်လာသာ ရှိပါတယ်။ ဒါနဲ့ သူတစ်ခုခုလုပ်သင့်နေပြီဆိုပြီး သူဘာလုပ်နိုင်သလဲဆိုတာကို စဉ်းစားလိုက်တော့ သူ့သူငယ်ချင်းတွေက သူ့ရဲ့ ကြက်သားကြော်နည်းကို အမြဲ ချီးမွမ်းကြတာကို သတိရလာပါတယ်။



အသက်လည်း ကြီးနေပြီဆိုတော့ ဒီကြက်သားကြော်နည်းကို အသုံးပြုပြီး စီးပွားရှာတော့မယ်လို့ သူ ဆုံးဖြတ်လိုက်ပါတယ်။ အဲ့ဒါနဲ့ သူနေထိုင်ရာ ကင်တပ်ကီပြည်နယ်ကနေ ထွက်လာပြီး အမေရိကန်တခြားပြည်နယ်တွေက စားသောက်ဆိုင်တွေမှာ သူ့ရဲ့ ကြက်သားကြော်နည်း ကို ရောင်းချပါတော့တယ်။ သူဟာ စားသောက်ဆိုင်ပိုင်ရှင်တွေကို သူ့မှာ ကြက်သားကို အရသာရှိအောင် ကြော်နိုင်တဲ့ နည်းစနစ်ရှိတယ်လို့လိုက်ရောင်းပေမဲ့ ဘယ်ပိုင်ရှင်မှ မဝယ်ကြပါဘူး။ နောက်ဆုံး ရောင်းလို့မရတာနဲ့ ဒီကြက်သားကြော်နည်းတော့ အလကားပေးမယ်ကွာ။ ငါ့ကို မင်းတို့ရောင်းရတဲ့ အထဲက ရာခိုင်နှုန်းနဲ့ ပြန်ပေးဆိုပြီး အပေးအယူလုပ်တာတောင် ဘယ်ပိုင်ရှင်မှ လက်မခံခဲ့ကြပါဘူး။



ဒီလိုနဲ့ စားသောက်ဆိုင် ၁၀၀၀ ကျော်ကျော်ခန့်ကို လိုက်ရောင်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့ ဒီအဖိုးအိုဟာ လက်မြှောက်အရှုံးမပေးခဲ့ပါဘူး။ အဖိုးအိုဟာ သူ့ရဲ့ ကြက်သားကြော်နည်းက ထူးခြားနေတယ်ဆိုတာကို ယုံကြည်ပါတယ်။ ဒီလိုနဲ့ ၁၉၅၂ ခုနှစ်မှာတော့ သူ့ရဲ့ ကြက်သားကြော်နည်းကို စားသောက်ဆိုင်တစ်ဆိုင် ကဝယ်သွားခဲ့ပါတယ်။

ဒီအဖိုးအိုကတော့ အမေရိကန်တွေ ကြက်သားစားသုံးပုံကို ပြောင်းလဲပေးခဲ့တဲ့ KFC တည်ထောင်သူ ကာနယ် ဟာလန် ဆန်းဒါး (Colonel Harland Sanders)ပါပဲ။

၁၉၅၂ ခုနှစ်မှာ ဆန်းဒါးရဲ့ လျှို့ဝှက် ကြက်သားကြော်နည်း KFC (Kentucky Fried Chicken) ကိုဝယ်ယူခဲ့တဲ့ဆိုင်က ဥတပြည်နယ်က အကြီးဆုံး စားသောက်ဆိုင်ဖြစ်တဲ့ Pete Harman of South Salt Lake ဆိုင်ပါ။ ဆန်းဒါး ရဲ့ ကြက်သားကြော်နည်းအတိုင်းရောင်းချခဲ့ရာမှာတော့ ဟားမန်း စားသောက်ဆိုင်ရဲ့ ရောင်းအားက ၁နှစ်အတွင်း ၇၅ % အထိထိုးတက်ခဲ့ပါတယ်။ ဟားမန်း စားသောက်ဆိုင်ရဲ့ ရောင်းအားကို တွေ့တဲ့အခါမှာ စားသောက်ဆိုင် အများအပြားကလည်း ဆန်းဒါးရဲ့ ကြက်သားကြော်နည်းကို အလုအယက်ဝယ်ယူခဲ့ပြီး ဆန်းဒါးကိုကြက်သားကြော် တစ်ခုရောင်းရရင် ဝ.၀၄ ဒေါ်လာ ခံစားခွင့်ပေးခဲ့ကြပါတယ်။



ဆန်းဒါးရဲ့ လျှို့ဝှက်ကြက်သားကြော်နည်းဆိုတာက ရိုးရိုးဒယ်အိုးမှာ ကြော်တာထက် ဖိအားသုံးဒယ်အိုးကို သုံးပြီးကြော်တဲ့ နည်းစနစ်ဖြစ်ပြီး ဆန်းဒါးရဲ့ ကြော်နည်းမှာ ဟင်းခတ်အမွှေးကြိုင်နဲ့ အရွက် ၁၁ မျိုးပါဝင်ပါတယ်။ ဆန်းဒါးရဲ့ ကြက်သားကြော်နည်းဟာ KFC ကုမ္ပဏီရဲ့ တန်ဖိုးအရှိဆုံး ပိုင်ဆိုင်မှုတွေထဲက တစ်ခု ဖြစ်တယ် လို့ Newyork Time သတင်းစာကဖော်ပြခဲ့ပါတယ်။ ဆန်းဒါးရဲ့ ကြက်သားကြော်နည်းဟာ တခြားစားသောက်ဆိုင်တွေနဲ့ ယှဉ်ရင် လုံးဝကွဲထွက်နေခဲ့ပြီး KFC စားသောက်ဆိုင်တွေကို အကြီးအကျယ် အောင်မြင်စေခဲ့တဲ့ အဓိကအကြောင်းရင်းတစ်ခုပါ။ အခုအချိန်မှာတော့ KFC အသင့်စားအစားအသောက် ဆိုင်ခွဲများဟာ မက်ဒေါ်နယ်ပြီးရင် ဒုတိယအကြီးဆုံးစားသောက်ဆိုင်တွဲတွေဖြစ်ပြီး နိုင်ငံပေါင်း ၁၂၃ နိုင်ငံမှာ ဆိုင်ခွဲပေါင်း ၂ သောင်းကျော် ဖွင့်ထားလျက်ရှိပါတယ်။

ကာနယ် ဟာလန် ဆန်းဒါး  ရဲ့အဖြစ်ကနေပြီး ကျွန်တော်တို့တွေ သင်ယူနိုင်မှာကတော့ ဘယ်တော့မှ အရှုံးမပေးဖို့နဲ့ အကြိမ်ကြိမ် ငြင်းပယ်ခံရတဲ့ကြားမှ ကိုယ့်ကိုယ်ကို ယုံကြည်ထားဖို့ပါပဲ။

လူမို ( ရိုးရာလေး )