သူငယ်ချင်း အဆင့်ကနေ ရှေ့ဘယ်လိုဆက်မလဲ

သင်ကြိတ်ခိုက်နေရတဲ့သူနဲ့သူငယ်ချင်းအဆင့်ကနေ ဘယ်လိုတက်မလဲ။

သူငယ်ချင်းဘဝကနေ ချစ်သူရည်းစားဘဝ၊ လက်တွဲဖော်အဆင့်ရောက်အောင် ဘယ်လိုအကွက်ရွှေ့ရမလဲ။” သူငယ်ချင်းလေးပါပဲ” ဆိုတဲ့ ဓာတ်ပြားဟောင်းကြီးကို ဘယ်လိုပိတ်ပစ်မလဲ။

သူငယ်ချင်းအဆင့်ဆိုတာ ဘာလဲ။
ကျွန်တော်တို့အားလုံးနီးနီး ဒီလိုအခြေအနေမျိုးနဲ့ ကြုံဖူးကြမှာပါ။ သူငယ်ချင်းအဆင့် (friend zone) ဆိုတဲ့ စာလုံးဟာ အင်တာနက်ပေါ်ကနေ စတင်ခေတ်စားလာတဲ့ စာလုံးဖြစ်ပြီး သူငယ်ချင်းနှစ်ယောက်မှာ တစ်ယောက်က ချစ်သူဘဝကို အဆင့်တက်ချင်ပြီး နောက်တယောက်က ဟင့်အင်းဆိုတဲ့ အခြေအနေမျိုးကိုဆိုလိုပါတယ်။ ဘယ်လောက်တောင် ဂွကျတဲ့အနေအထားမျိုးလဲဆိုတာ ပြောဖို့တောင်လိုမယ် မထင်ပါဘူး။ ဘယ်တတ်နိုင်ပါ့မလဲလေ၊ အချစ်ဆိုတာ လူသားတွေရှောင်လွှဲလို့မရနိုင်တဲ့ အရာပဲကိုး။ လူအများစုရဲ့ယူဆချက်အရတော့ Friend Zone ဆိုတာ တကျွန်းပို့ဒဏ်လိုပဲ ထွက်လမ်း၊ လွတ်လမ်းမရှိပါဘူးတဲ့။ ဒါဟာ လုံးဝကြီးတော့ မမှန်ပါဘူး။ ဒါပေမယ့် ဒီ Friend Zone ထဲက လွတ်မြောက်ဖို့မကြိုးစားခင် ဒါကြီးထဲကို ဘယ်လိုရောက်သွားတာလဲဆိုတာနဲ့ ဘာလို့များ ဒီလောက်ဆိုးရွားရတာလဲဆိုတာ အရင်ကြည့်ကြစို့ရဲ့။

သူငယ်ချင်းဘဝ ဆက်ဆံရေးဟာ အပေးအယူမျှပါတယ်။ နာတဲ့အခါနာ၊ သာတဲ့အခါသာပေါ့။ ပျော်ရွှင်စရာကောင်းတဲ့ မိတ်ဆွေသူငယ်ချင်းဆက်ဆံရေးမှာ အားလုံးဟာ သာတူညီမျှပါပဲ။ ဒါပေမယ့် ရုတ်တရက်ဆိုသလို သင့်ရဲ့သူငယ်ချင်းလေးမှာရှိတဲ့ ထူးခြားဆန်းကြယ် ချစ်စဖွယ်ကောင်းလှတဲ့အချက်တွေကို သင်သတိထားမိလာတဲ့အခါ ဇာတ်လမ်းစပါပြီ။ သင်ချစ်မိနေပါပြီ။ ဒါပေမယ့် ဒါဟာ တဖက်သတ်အချစ်လို့ခေါ်ပါတယ်။ ဒီလိုအနေအထားဖြစ်လာတဲ့အခါ (သူ့ဖက်က ခါတိုင်းလိုပဲ ပုံမှန်အတိုင်းဆက်ရှိနေပေမယ့်) သင့်ဖက်က မရိုးတော့တဲ့အတွက် သင်တို့နှစ်ဦးကြားဆက်ဆံရေးက မျှခြေမှာမရှိတော့ပါဘူး။ ဘာလို့လဲဆိုတော့ ချစ်နေမိတဲ့သင်က ပိုပေးစပြုနေပြီ ဖြစ်လို့ပါပဲ။ တဖက်က လူကလိုချင်သမျှတွေကို အကုန်ရနေမှာပဲ ဖြစ်ပေမယ့် Friend Zone ထဲကလူကတော့ ဘာမှထူးပြီးအကျိုးမရပါဘူး။ ဒါဟာ သင့်ရဲ့ ကျဆုံးခန်းအစပါပဲ။

ဒီဘဝက ဘယ်လိုအောင်မြင်စွာရုန်းထွက်ပြီး ချစ်သူဘဝကို ပြောင်းလဲမလဲ။
လူ့သဘာဝအရ ဘယ်လိုဆက်ဆံရေးမျိုးမဆို အပေးအယူမျှတမှုရှိနေမှ ပျော်စရာကောင်းပါတယ်။ သင့်အနေနဲ့ ကိုယ်ပေးနိုင်တာထက်ပိုပြီးတော့တောင် လိုချင်ကောင်းလိုချင်နေပါလိမ့်မယ်။ ကံကောင်းထောက်မစွာပဲ ဒီလိုမျိုးအပေးအယူမျှတတဲ့ ဆက်ဆံရေးမျိုးဖြစ်လာစေဖို့လက်တွေ့ကျင့်သုံးနိုင်တဲ့နည်းလမ်းလေးတွေ ရှိနေပါတယ်။ ဒီနည်းလမ်းလေးတွေကို အသုံးပြုပြီး သင့်ကိုယ်သင် သူငယ်ချင်းအဖြစ်ကနေ ချစ်သူဘဝကို အောင်မြင်စွာပြောင်းလဲလိုက်ပါ။

အရမ်းကြီး အောက်ကျို့မနေပါနဲ့။ အရမ်းကြီးတွေ ခံစားမနေပါနဲ့။
သင်အခုသုံးနေတဲ့နည်းက အဆင်မပြေပါဘူး။ တခါတလေ လူတွေက အနီးမှုန်တတ်ပါတယ်။ ဒါကြောင့် အခြေအနေကို ပြန်လည်သုံးသပ်နိုင်ဖို့အတွက် ခြေတစ်လှမ်းဆုတ်လိုက်ပါ။ သင်က ချစ်လို့တချိန်လုံး အောက်ကျို့အနစ်နာခံနေတာမျိုးတွေဟာ ဆွဲဆောင်မှုရှိချင်မှ ရှိပါလိမ့်မယ်။ ဒါ့အပြင် သင့်အနေနဲ့အလေးပေးဂရုစိုက်မှုရချင်လေလေ၊ သူငယ်ချင်းအဆင့်မှာပဲကြာလေလေ ဖြစ်နေတတ်ပါသေးတယ်။ အဆင်မပြေတာရှိရင် ထွက်သွားဖို့ဝန်မလေးတဲ့သူတွေကလူနှစ်ဦးကြားဆက်ဆံရေးကို ဦးဆောင်နိုင်စွမ်းရှိသူတွေ ဖြစ်လာပါတယ်။

သင့်ကိုသင် ဈေးမပေါပါစေနဲ့။
ဒါဟာ သူ့စိတ်ကို စမ်းသပ်ကြည့်နည်းတမျိုးပါ။ အရင်ကလောက် ဂရုမစိုက်ဘဲပစ်ထားကြည့်ပါ။ တကယ်လို့သင့် ကြိတ်ခိုက်နေရသူ/သူငယ်ချင်းအနေနဲ့သင့်ကိုစိတ်ထဲတကယ်ရှိတယ်၊ အလေးထားတယ်ဆိုရင် သင်အရင်ကလိုမဟုတ်တာကို ချက်ချင်းသတိပြုမိမှာပဲ ဖြစ်ပါတယ်။
ဒါဟာ “ မရှိမှကောင်းမှန်းသိ” ဆိုတဲ့ ဥပဒေသပဲ ဖြစ်ပါတယ်။ လူတွေဟာ ရှားပါးတဲ့အရာကိုမှ ဒါမှမဟုတ် သူတို့ဆီကယူသွားတဲ့ပစ္စည်းကိုမှ ပိုပြီးတန်ဖိုးထားတတ်ကြတဲ့ သဘာဝကြောင့်ပါ။

သူ့ဖက်က အတုံ့အလှည့်ကိုလည်း တောင်းဆိုပါ။
သင့်အတွက်တခုခုလုပ်ပေးဖို့သင်ကြိတ်ခိုက်နေသူလေးကို တောင်းဆိုပါ။ ကိုယ့်ဖက်ကလိုချင်တာရှိရင် ပိုပြီးပေးဆပ်ရမယ်ဆိုတဲ့ လူတိုင်းလက်ခံထားသော အယူအဆနဲ့ဆန့်ကျင်ဖက် ဖြစ်ပါတယ်။

မှန်လိုကျင့်ကြံပါ။
သင် ကြိတ်ခိုက်နေသူ သူငယ်ချင်းလေးအနေနဲ့ သင်လိုချင်တဲ့ပုံစံအနေအထားအတိုင်း ပြုမူလာခဲ့ရင်သူတို့ကို ပြန်ပြီးအလေးထားဂရုစိုက်ဖို့ မမေ့ပါနဲ့။ အသွားအပြန်ရှိပါစေ။ သင်ကြိုက်တဲ့ သင်လိုချင်တဲ့အနေအထားမျိုး၊ အမူအကျင့်မျိုးကို ပြုလုပ်တဲ့အခါမျိုးမှာမှ ပိုပြီးချစ်ပြ၊ ဂရုစိုက်ပြပါ။ ဒီအနေအထားအတိုင်း ဆက်ရှိနေဖို့ကိုလည်း အားပေးတိုက်တွန်းပါ။ သင်မကြိုက်တဲ့၊ မလိုလားတဲ့အရာတွေကို ပြုလုပ်တဲ့အခါမှာ သူ့ကိုဂရုမစိုက်၊ အလေးမထားဘဲနေခြင်းအားဖြင့် နောင်မှာဒါမျိုးကိစ္စတွေနည်းပါးလာမှာ ဖြစ်ပါတယ်။နှ စ်ဦးနှစ်ဖက်လုံး ကျေနပ်မှုရရှိပျော်ရွှင်ရတဲ့ ပတ်ဝန်းကျင်မျိုး၊ ဆက်ဆံရေးမျိုးကို ထိန်းသိမ်းထားဖို့ကိုလုံးဝမမေ့ပါစေနဲ့။

ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe
[ ဤဆောင်းပါးကို ရိုးရာလေး ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။ ]