ဘဝရဲ့ခက်ခဲတဲ့အချိန်တွေကို ဘယ်လိုကျော်ဖြတ်မလဲ

တစ်ခါတစ်လေမှာ ဘဝဆိုတာ လောကဓံပြဿနာမျိုးစုံနဲ့ တွေ့ကြုံရတတ်ပါတယ်။ မယုံကြည်နိုင်တာတွေလည်း ဖြစ်တတ်တယ်။

လူတစ်ဦးတစ်ယောက်က တခြားလူတစ်ဦးတစ်ယောက်ကို ထိခိုက်နစ်နာစေတယ်၊ အလုပ်လက်မဲ့တွေ ဖြစ်ကြတယ်၊ ချစ်သူတွေ လမ်းခွဲပြတ်စဲကြတယ်၊ လူတွေ သေဆုံးကြတယ်၊ ငွေကြေးပြဿနာတွေနဲ့ တွေ့ကြုံရတယ်။ စတဲ့ ပြဿနာတွေ အမြောက်အမြားပါပဲ။ တစ်ခါတစ်လေကျရင် ဘဝဆိုတာ ကိုင်တွယ်ထိန်းချုပ်ဖို့ ခက်ခဲလွန်းတယ်လို့ ထင်ရပါတယ်။

ပင်ပန်းခက်ခဲလွန်းတဲ့ အချိန်တွေကို ဖြတ်ကျော်ဖို့ မျှော်လင့်ချက်ဆိုတဲ့ ရောင်ခြည်လေး ရှိတယ်။ မလွယ်ကူပေမယ့် ဒီအခက်အခဲတွေကို အားလုံး ဖြတ်ကျော်သွားရမှာပါ။ ဒါကြောင့် ဘဝမှာ ဒီလိုမျိုး ပင်ပန်းခက်ခဲနေချိန် ကိုယ့်အရှေ့မှာ ပိတ်ခံနေတဲ့ အတားအဆီးတွေကို ကျော်လွှားဖို့ နည်းလမ်း မရှိတော့ဘူးလို့ ခံစားနေရတဲ့အချိန်မှာ ကျော်လွှားဖို့အတွက် နည်းလမ်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

၁။ ဒီလိုမျိုးတွေပဲ အမြဲတမ်းဖြစ်နေမှာ မဟုတ်ပါဘူး
ဒီစကားလုံးတွေက ခက်ခဲပင်ပန်းတဲ့အချိန်ကာလတွေကို ဖြတ်ကျော်ဖို့ အထောက်အကူဖြစ်စေမှာပါ။ လူတွေက ပြောင်းလဲရမှာကို စိုးရွံ့တတ်ကြပါတယ်။ တကယ်တော့ ပြောင်းလဲခြင်းဆိုတာ နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။ ပြောင်းလဲခြင်းကို မတားနိုင်တဲ့အတွက် ဒီပြောင်းလဲမှုကို လက်ခံရမှာပါ။

အမြဲအမှတ်ရနေရမှာ တစ်ခုကတော့ အခြေအနေတွေဟာ အမြဲတမ်း ဒီလိုချည်းပဲ ဖြစ်နေမှာ မဟုတ်ပါဘူး။ နောက်ဆုံးမှာ ပိုမိုကောင်းမွန်တဲ့အရာတွေကို ရရှိလာမှာပါ။ သင်ဟာ တကယ်ပဲ ပင်ပန်းခက်ခဲတဲ့အချိန်ကို ကျော်လွှားနေရတယ်ဆိုရင်တော့ ပိုမိုကောင်းမွန်လာစေဖို့အတွက် ဒီစကားလေးကို သတိရနေလိုက်ပါ။

၂။ သင်ခန်းစာရယူပါ။

ဒီနေ့ ပင်ပန်းရုန်းကန်ပေးရတာဟာ မနက်ဖြန်အတွက် သင့်ကို ခွန်အားတွေ ပေးတာပါ။ "ငါ့ကျမှ ဘာလို့ဖြစ်ရတာလဲ?" "ဘာလို့ဒီလိုမျိုးတွေ ဖြစ်နေရတာလဲ?" "ဒီလိုတွေဖြစ်အောင် ငါဘာတွေများ လုပ်ခဲ့မိလို့လဲ?" စတဲ့ မေးခွန်းတွေကို သင့်ကိုယ်သင် မေးနေတဲ့အချိန်မျိုးမှာ ဒီစာကြောင်းလေးကို သတိရနေသင့်ပါတယ်။ လူတွေအား တခြားလူတွေနဲ့ ယှဉ်ပြီးတော့ ကိုယ့်ရဲ့မကောင်းတာတွေကို အပြစ်တင်တတ်တဲ့ အကျင့်ရှိကြပါတယ်။ ဘယ်သူမှ ပြီးပြည့်စုံတယ်လို့ မရှိပါဘူး။ ဒီတော့ ဒီလိုအချိန်မှာ ပြဿနာတွေထဲကနေ သင်ခန်းစာရယူလိုက်ပါ။

ကိုယ့်ရဲ့အပြစ်ကို သိမြင်နားလည်ပြီး မှတ်မိဖို့ဆိုတာ လွယ်တဲ့အလုပ်မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ကြိမ်လေးပဲ သတိပြုလိုက်မိတာနဲ့ ဒီထက်ပိုမိုကောင်းမွန်လာအောင် သူ ပြောင်းလဲသွားနိုင်ပြီးတော့ ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကနေ သင်ယူလေ့လာနိုင်မှာပါ။

၃။ ခွင့်လွှတ်ပါ ဒါမှမဟုတ် ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါ

ခွင့်လွှတ်ခြင်းရဲ့ တန်ခိုးစွမ်းအင်အကြောင်းနဲ့ ပတ်သက်ပြီး ရေးသားတဲ့ ကိုးကားချက်တွေ၊ စာအုပ်တွေနဲ့ ဆောင်းပါးတွေ များစွာရှိပါတယ်။ ပိုမိုပြီး စိတ်ဖိစီးမှု ကင်းဝေးတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ရဖို့ဆိုတာ တကယ့်ကိုအရေးကြီးလှပါတယ်။

လူတွေဟာ သူတစ်ပါးကို အပြစ်တွေတင် အာဃာတအညှိုးအတေးတွေ ထားတတ်ကြတယ်။ အဲဒီအခါ ကိုယ့်ကိုယ်တွင်းမှာ ခါးသီးမှုတွေ ကိန်းအောင်းနေရပါတယ်။ ဒေါသထွက် မြန်လာမယ်။ ဒါကြောင့် ခွင့်လွှတ်မပေးခြင်းဟာ နောက်ဆုံးမှာ ကိုယ့်အတွက် ပျော်ရွှင်ကျန်းမာမှုမရှိစွာနဲ့ အဆုံးသတ်တတ်ပါတယ်။ လူတစ်ယောက်ကို ခွင့်လွှတ်ပေးခြင်းဟာ သူလုပ်ခဲ့တာတွေကို လက်ခံပေးလိုက်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ တကယ်တော့ ခွင့်လွှတ်ပေးခြင်းဆိုတာ သူ ကိုယ့်အပေါ် လုပ်ဆောင်ခဲ့တာတွေဟာ ကိုယ့်အပေါ်မှာ ဘာမှ သက်ရောက်မှု မရှိတော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။

ဒေါသတွေ ခါးသီးမှုတွေကို လွှတ်ထုတ်လိုက်ပြီး အတိတ်က ဖြစ်ရပ်အတွက် စိတ်ခံစားတွေကို ထိန်းသိမ်းမထားပါနဲ့တော့။ ခွင့်လွှတ်ပေးပြီးတော့ ပြဿနာတွေထဲကနေ ရုန်းထွက်ပြီး လွတ်လပ်မှုကို ခံစားလိုက်ပါ။ အတိတ်က အမှားတွေအတွက် ကိုယ့်ကိုယ်ကိုယ်လည်း ခွင့်လွှတ်ပေးပါ။ ကိုယ်ထိခိုက်အောင် လုပ်မိခဲ့တဲ့ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ မိသားစုတွေဆီကနေ ခွင့်လွှတ်မှုကို တောင်းခံပါ။

၎။ ပစ္စုပ္ပန်မှာ နေထိုင်ပါ

အချို့လူတွေဟာ မနက်ဖြန်အကြောင်း စဉ်းစားပြီး စိတ်ပူစိုးရိမ်သောက ရောက်တတ်ကြပါတယ်။ အလုပ်အကိုင် အဆင်မပြေမှာကို တွေးတော စိတ်ပူကြတယ်၊ ငွေကြေးပြဿနာတွေအတွက် တွေးတော စိုးရိမ်တတ်ကြပါတယ်။ ဒီလို တွေးတောစိတ်ပူနေရုံနဲ့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ ဒါကြောင့် နောင်လာမယ့် အနာဂါတ်တွေ၊ ကျန်ခဲ့တဲ့ အတိတ်တွေမှာ အတွေးတွေကို နယ်ချဲ့အချိန်ကုန်နေမဲ့အစား လက်ရှိပစ္စုပ္ပန်အချိန်ကိုသာ အာရုံစိုက်လိုက်ပါ။

၅။ ကူညီထောက်ပံ့ပေးတဲ့ အသင်းအဖွဲ့ကို ရှာဖွေပါ

ဒီလိုအသင်းအဖွဲ့မျိုးဟာ မိတ်ဆွေသူငယ်ချင်းတွေ ဖြစ်နိုင်ပါတယ်။ မိသားစုဝင်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေ သင့်ဘဝကို ပိုမိုကောင်းမွန်လာစေဖို့ ကူညီပံ့ပိုးပေးတဲ့ ဘယ်သူမဆို ဖြစ်နိုင်ပါတယ်။ 
သင့်ကို စိတ်ဓာတ်ကျစေတဲ့ အပျက်သဘောဆောင်တဲ့ ပေါင်းသင်းဆက်ဆံရေးတွေကို ရှင်းထုတ်ပစ်ပါ။ ဘယ်လောက်ပဲ ပင်ပန်းခက်ခဲပါစေ သင့်အတွက် အမြဲရှိနေပြီး သင့်ကို ကူညီပေးတဲ့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးကို ထိန်းသိမ်းထားဖို့ အလွန်အရေးကြီးပါတယ်။ ကောင်းမွန်ပြီး အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကို ပျိုးထောင်ပြီး အဲဒီလူတွေကို ဘယ်တော့မှ လက်လွှတ်အဆုံးရှုံးမခံပါနဲ့။

၆။ မိမိကိုယ်ကိုထိန်းချုပ်ပါ

မိမိကိုယ်ကို၊ မိမိရဲ့လုပ်ဆောင်ချက်တွေနဲ့ တုံ့ပြန်မှုတွေအားလုံးကို မိမိသာလျှင် ထိန်းချုပ်နိုင်ပါတယ်။ တစ်ပါးသူကို မိမိက ထိန်းချုပ်လို့ မရနိုင်ပါဘူး။ အခြားသူများနဲ့ မိမိပတ်ဝန်းကျင်မှာ ရှိတဲ့ အရာတွေကို ထိန်းချုပ်ဖို့ မစဉ်းစားတော့တာနဲ့ ကိုယ့်ရဲ့စိတ်တွင်းသန္တာန်ကို အာရုံစိုက်လာနိုင်မှာပါ။ မိမိကိုယ်မိမိ ပြောင်းလဲနိုင်ပြီး ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ အခြားသူတွေကို ပြောင်းလဲစွာ မြင်တွေ့လာနိုင်မှာပါ။ ဒါကြောင့် အဓိကသော့ချက်ကတော့ မိမိကိုယ်မိမိနဲ့သာ စတင်ရမှာပါ။

၇။ ကံကြမ္မာလှည့်ကွက်တွေကို ယုံကြည်ပါ

ရုန်းကန်လှုပ်ရှားနေရတဲ့ အချိန်မှာတောင် အိပ်မက်တွေ၊ မျှော်လင့်ချက်တွေ လိုအပ်ပါတယ်။ တစ်ခါတစ်လေမှာ မဖြစ်နိုင်တာတွေဟာ ဖြစ်လာနိုင်ပါတယ်။
ကိုယ်တွေးခေါ်တဲ့ အတွေးအခေါ်တွေက လက်တွေ့ကျပါတယ်။ တကယ်လို့ ကိုယ်ဟာ တစ်ချိန်လုံး အပျက်သဘောတွေကိုသာ စဉ်းစားတွေးတောနေမယ်ဆိုရင် ကိုယ့်ရဲ့ဘဝထဲကို အပျက်သဘောဆောင်တဲ့ အရာတွေကိုသာ ယူဆောင်လာနိုင်ပါတယ်။ ဒါဟာ ကိုယ့်ရဲ့အတွေးတွေအားလုံးဟာ အပျက်ကချည်းပဲ စဉ်းစားနေလို့ပါ။ ဒါကြောင့် အပျက်သဘောဆောင်တဲ့ အတွေးတွေကို ဖယ်ရှားရှင်းလင်းပစ်ပြီး ကောင်းမွန်ပြီး အပြုသဘောဆောင်တဲ့ အတွေးတွေကိုသာ အာရုံစိုက်ပါ။
မျှော်လင့်ချက်ကြီးစွာနဲ့ ကြီးမားတဲ့ စိတ်ကူးယဉ်အိပ်မက်တွေနဲ့ ရှင်သန်နေလိုက်ပါ။ အချို့သော အရာလေးတွေကိုသာ ဆောင်ရွက်နိုင်တယ်လို့ ယုံကြည်ပြီး ကိုယ့်ရဲ့ဘဝကို ဘောင်တစ်ခု၊ သေတ္တာငယ်လေး တစ်ခုအတွင်းမှာ ထားထးမယ်ဆိုရင် ဒါဟာ သင့်ကိုယ်သင် ဘောင်ကန့်သတ်လိုက်တာပါပဲ။

၈။ ရယ်မောပါ

ရယ်မောခြင်းဆိုတာ စိတ်ခံစားချက်ကို ချက်ချင်း မြှင့်တင်ပေးတဲ့ အရာတစ်ခုပါ။ မိတ်ဆွေကောင်း တစ်ယောက်ဟာ သင့်ကို အားပေးချီးမြှောက်ပေးနိုင်ပါတယ်။ လူရွှင်တော်တစ်ဦးက သင့်ကို ရယ်မောခြင်းဆိုတာ ဘယ်လောက် အရေးကြီးသလဲဆိုတာ ပြသနိုင်ပါတယ်။
အချို့သောလူတွေဟာ ရယ်မောခြင်း၊ ဟာသနှောခြင်းတွေနဲ့ မိမိတို့ရဲ့ ရုန်းကန်နေရခြင်းတွေကို လျော့နည်းပါး စေပါတယ်။ တစ်ခါတစ်လေမှာ ကလေးငယ်ဘဝတုန်းကလို အပူအပင် ကင်းမဲ့ပြီး ပျော်စရာတွေလုပ် ရယ်မောခြင်းတွေ လုပ်ဆောင်ဖို့ တကယ်ကို လိုအပ်ပါတယ်။

၉။ ချစ်ပါ။

ချစ်တတ်ဖို့ အခွင့်အရေးတစ်ခုကို ရယူပါ။ တကယ်လို့ ကိုယ်ဟာ အကြိမ်ပေါင်းများစွာ ထိခိုက်ခံစားခဲ့ရဖူးတယ် ဆိုရင်တောင်မှ ချစ်ခြင်းကို အားမလျှော့လိုက်ပါနဲ့။
တကယ်လို့ သင်ဟာ အချစ်ဆိုတာကို လုံးဝ လက်လွှတ်လိုက်ပြီဆိုရင်တော့ ချစ်ခြင်းမေတ္တာကသာ ယူဆောင်ပေးနိုင်တဲ့ ပျော်ရွှင်မှုဆိုတာကို ရရှိလာနိုင်တော့မှာ မဟုတ်ပါဘူး။ ဒီလိုတွေးကြည့်လိုက်ပါ။ သင်ဟာ အချစ်ကြောင့် ထိခိုက်ခံစားခဲ့ရလို့ လုံးဝလက်လျှော့လိုက်မယ်ဆိုရင် ဘယ်သူ အနိုင်ရမှာလဲ? သင့်ကို ထိခိုက်ခံစားရအောင် လုပ်ခဲ့တဲ့သူလား? အမုန်းတရားလား? အပျက်သဘောဆောင်တဲ့ အတွေးတွေလား? အချစ်မှာ အနိုင်ယူမှုမရှိပါဘူး။ ဒါကြောင့် စိတ်ရှည်ရှည်ထားပါ။ အချစ်အပေါ်မှာ လက်မလျှော့လိုက်ပါနဲ့။

Ref : Knowledge : How to Overcome Hard Times in Your Life

Htet Htet Tin Zar (ရိုးရာလေး)