လက်တွဲဖော်အဖြစ်မရွေးချယ်သင့်တဲ့ ယောက်ျားတို့ရဲ့အမူအကျင့်များ

လူတစ်ဦးတစ်ယောက်ကို လက်ထပ်ခြင်းဟာ အကြီးမားဆုံး ဆုံးဖြတ်ချက်တစ်ခု ဖြစ်တယ်ဆိုတာ အထူးပြောစရာ လိုအပ်မယ် မထင်ပါဘူး။

ကိုယ့်ရဲ့ကျန်ရှိနေတဲ့ ဘဝအချိန်တွေမှာ အတူတကွ ရှင်သန်မယ်၊ အတူတကွ အိပ်စက်မယ်၊ အတူတကွ စားသောက်ကြမယ်၊ အတူတကွ ခရီးတွေသွားပြီး အားလပ်ချိန်တွေကို အတူတူ ကုန်ဆုံးရမှာပါ။ ဒါကြောင့် ဒီနေရာမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ အရေးကြီးလှပါတယ်။ ရိုသေလေးစားမှု မရှိတဲ့သူ၊ အထက်စီးဆန်တဲ့သူ၊ တစ်ကိုယ်ကောင်းဆန်သူ စတဲ့ သူမျိုးကိုသာ ရွေးချယ်ခဲ့မယ်ဆိုရင် စိတ်ပျက်စရာတွေနဲ့ ကြုံတွေ့လာရမှာပါ။ ကိုယ်က ဒီလိုအချက်တွေကို သတိထား ဂရုစိုက်ခဲ့မယ်ဆိုရင်တော့ ဒီလိုပြဿနာတွေကို ရင်ဆိုင်ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီလိုအကျင့်စရိုက်မျိုးတွေ ရှိနေတတ်တဲ့သူဟာ သင့်ရဲ့ အနာဂါတ်အတွက် လက်တွဲဖော်အဖြစ် မရွေးချယ်အပ်ပါဘူး။

၁။ သင့်ကို လုံးဝ မယုံမကြည်မရှိသောသူ
ဘာတွေလုပ်နေလဲ? ဘယ်သူတွေနဲ့အတူ ရှိနေသလဲ? သဖြင့် မေးနေတတ်ပြီး အမြဲတမ်းပဲ ဟုတ်ပါ့မလားဆိုတဲ့ သံသယတွေနဲ့ ရှိနေတတ်သူမျိုးပါ။ ဒါမှမဟုတ်ရင်လည်း သူနဲ့မတွေ့ဆုံခင်မှာ သင်ဟာ ဘဝမှာ ဘယ်လို နေထိုင်ခဲ့တယ်ဆိုတာကို အမြဲစိတ်ရှုပ်ထွေးနေတတ်သူမျိုးပါ။ ဒီလိုမေးခွန်းမျိုးတွေ သင့်ကို မေးနေခြင်းဟာ သင့်ကို နားမလည်လို့သာ မဟုတ်ပါဘူး။ မယုံကြည်တာတွေလည်း ပါဝင်နေပါတယ်။ ပျော်ရွှင်အောင်မြင်တဲ့ relationship တစ်ခုရဲ့ အုတ်မြစ်ဟာ ယုံကြည်မှုပါပဲ။ ဒီယုံကြည်မှုသာ ရှိမနေရင် ဆက်လက်ကြီးထွားပေါက်ရောက်ဖို့ လွတ်လပ်မှုတွေ၊ နေရာတွေဆိုတာ ရှိလာတော့မှာမဟုတ်ပါဘူး။

၂။ ကလေးတွေကို မုန်းတဲ့သူ
ကလေးတွေကို မုန်းတတ်တဲ့ ယောက်ျားတွေဟာ ကြင်နာစာနာတရားကင်းမဲ့တတ်သူမျိုးပါ။ သိချင်လိုစိတ်ရှိတဲ့ ပျော်တတ်တဲ့ ကလေးတွေကို မုန်းတီးတတ်သူဟာ ဘယ်လိုများ ရှိနေနိုင်ဦးမလဲ? ကိုယ့်ကိုယ်ကိုယ်သာ အလေးအနက်ထားလွန်းတတ်တဲ့ ယောက်ျားမျိုးတွေကလို ဒီလိုမျိုးဖြစ်နိုင်ပါတယ်။ တကယ်လို့သာ သူနဲ့ သင်ဟာ လက်တွဲဖြစ်ခဲ့လို့ ကလေးလေးရလာခဲ့ရင် သင်ဟာ ဖခင်ကောင်းတစ်ယောက် ဖြစ်လာနိုင်မယ်လို့ သင်ယုံကြည်ပါသလား?

၃။ ပြောရင် ပြောတဲ့အတိုင်း မလုပ်တတ်တဲ့သူ
ည ၈နာရီမှာ အိမ်ပြန်ရောက်ပါမယ်လို့ ပြောပြီး ည၁၁နာရီအထိတောင် သူငယ်ချင်းတွေနဲ့ ပျော်ပါးသောက်စား နေမယ်။ ဒီလိုမျိုးတွေ အကြိမ်ကြိမ်အခါခါ လုပ်နေမယ်ဆိုရင်တော့ ဒါဟာ သင် စိုးရိမ်ရမယ့် အချက်ပါပဲ။ ဒီလိုလုပ်ရပ်တွေဟာ သာမန်အားဖြင့်တော့ သူ့စကားကိုသူ အလေးအနက်မထားတာပါ။ သူပြောထားတဲ့အတိုင်း သူ လုပ်ဆောင်မလားဆိုတာ သင်မသိနိုင်တဲ့အတွက် ဒီလိုလူမျိုးနဲ့ ဆက်ဆံရတာ အဆင်မပြေနိုင်ပါဘူး။ ဒီလိုအကျင့်ရှိတဲ့ သူမျိုးနဲ့ သင်တစ်သက်လုံး လက်တွဲသွားချင်ပါသလား?

၎။ သင်ပြောတဲ့စကားတွေကို နားမထောင်တတ်သူ
“ဒီနေ့ အလုပ်မှာ အဆင်ပြေခဲ့ရဲ့လား” လို့ သူမေးနိုင်လောက်ပါတယ်။ ဒါပေမဲ့ သင်က အခြေအနေ အရပ်ရပ်ကို ပြန်လည်ပြောပြတဲ့အချိန်မှာ သင့်စကားတွေကို သူ တကယ်ပဲ နားထောင်ပါရဲ့လား? သူ့နားထဲ ဝင်ပါရဲ့လား? ဒါမှမဟုတ်ရင် သူ့ဘဝက ပိုအရေးကြီးပြီး သင့်ရဲ့ပြဿနာတွေကတော့ အရေးမပါလှဘူးလို့ စဉ်းစားနေမှာလား? တကယ်လို့ သူက သူ့အသံကိုပဲ သဘောကျမယ် သူပြောရတာကိုပဲ သဘောကျပြီး သင်ပြောတာကို မကြိုက်ဘူးဆိုရင်တော့ ဒီလိုလူမျိုးကို သင့်ဘဝထဲကို ခေါ်ဆောင်မလာသင့်ကြောင်း သတိပေးချက် ပြနေတာပါပဲ။ နားထောင်ခြင်း၊ လက်ခံနားလည်ခြင်းနဲ့ တစ်ယောက်ကို တစ်ယောက် ကူညီဖေးမခြင်းဆိုတာ သာယာပျော်ရွှင်တဲ့ relationship တစ်ခုအတွက် အရေးကြီးတဲ့အရာတွေပါ။ သင်ပြောနေတာတွေကို စိတ်မပါလက်မပါ နားထောင်နေမယ်ဆိုရင်တော့ ဒီလိုလူမျိုးနဲ့ ဘာလို့ အချိန်တွေဖြုန်းနေတာလဲလို့ သင့်ကိုယ်သင် ပြန်မေးလိုက်ပါ။

၅။ သင်နဲ့ အမြဲလိုက်ပြိုင်နေတတ်သူ
သင်ဘာလုပ်လုပ် ဒီလိုအကျင့်ရှိတဲ့သူမျိုးကို ဘယ်တော့မှ အနိုင်ရရှိမှာမဟုတ်ပါဘူး။ ဒီလိုလူမျိုးဟာ အသင်းအဖွဲ့တစ်ခုလို relationship တစ်ခုကို တည်ဆောက်ရမယ့်အစား သူအနိုင်ယူရမယ့် ယှဉ်ပြိုင်ဘက်တစ်ယောက်လို သင့်ကို မြင်နေတတ်ပါတယ်။ တကယ်လို့ သင်ဟာ သူ့ထက်ပိုပြီး ပိုက်ဆံရှာနိုင်နေရက် သူဟာသင့်အတွက် ပျော်ရွှင်မှုတွေ ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုအခိုက်အတန့်မျိုးတွေမှာ သူ့ရဲ့အဆိပ်ရှိတဲ့ ခွန်အားတွေပဲ အဓိက အသားပေးနေပါလိမ့်မယ်။ Relationship ဆိုတာ တစ်ယောက်ကိုတစ်ယောက် ယှဉ်ပြိုင်နေဖို့ မဟုတ်ပါဘူး။ Relationship ကို ခိုင်မာကြီးထွားလာအောင် လုပ်ရမယ်၊ တစ်ယောက်ကို တစ်ယောက် ကူညီပံ့ပိုးပေးပြီး ချစ်ခင်မြတ်နိုးနေရမှာပါ။

၆။ အခြားမိန်းကလေးများကို ကြောင်တတ်တဲ့သူ
သူ့ဖုန်းမှာ မိန်းကလေးတွေနဲ့ chatting ပြောဆိုနေတာတွေကို သင်တွေ့ရင် ဒါမှမဟုတ် သင်အနားမှာ ရှိတဲ့အချိန် မိန်းကလေးတွေနဲ့ စကားစမြည်ပြောနေတာတွေ ဒီလိုလူမျိုးဟာ မယုံကြည်ရဖို့ အလားအလာရှိပါတယ်။ Relationship တစ်ခု တည်ဆောက်ရတာဟာ ပင်ပန်းခက်ခဲပါတယ်။ တကယ်လို့ သူဟာ မိန်းကလေးတွေနဲ့ chat ရင်း သူ့ရဲ့အားလပ်ချိန်တွေကို အသုံးချနေရင်တော့ သူဟာ သင့်အပေါ်မှာ အပြည့်အဝ စိတ်နှစ်ထားတာ မဟုတ်တာ သေချာနေပါပြီ။ သူသာ သင့်ကို အမှန်တကယ် ချစ်မြတ်နိုးသူဆိုရင် သူ့ရဲ့ချစ်ခြင်းမေတ္တာတွေအားလုံးကို သင့်တစ်ဦးတည်း ကိုသာ ပုံအပ်ထားသင့်ပါတယ်။

၇။ တောက်တဲ့ကပ် ကပ်တတ်သူ
သင်ဘယ်ရောက်နေလဲ? ဘာတွေလုပ်နေလဲ? စသဖြင့် မေးခွန်းတွေ မေးပြီး တောက်လျှောက် မက်ဆေ့ခ်ျတွေ ပို့နေတတ်သူမျိုး ဖြစ်ပြီး သင့်ကို သူ့ကွယ်ရာမှာ စိတ်မချနိုင်သူမျိုးလား? ကြင်နာဂရုစိုက်တယ်ဆိုတာ Relationship တစ်ခုမှာ ကောင်းမွန်ပါတယ်။ ဒါပေမဲ့ အကန့်အသတ်တစ်ခုကို ကျော်လွန်လာပြီဆိုရင်တော့ သင့်ရဲ့ဘဝကို ဆိုးရွားမှုတွေ ဖြစ်လာစေပါလိမ့်မယ်။ ဒီလိုဆိုရင်တော့ ဒါဟာ သာယာပျော်ရွှင်စရာမကောင်းတဲ့ ချစ်ခြင်းမေတ္တာဖြစ်ပေါ်နေတဲ့ လက္ခဏာရပ်ပါပဲ။ လူတွေအားလုံးမှာ ကိုယ့်ကိုယ်ပိုင် ဘဝတွေ လိုအပ်ကြပါတယ်။ ကိုယ်ကိုယ်တိုင် ပျော်ရွှင်ရဖို့ လိုအပ်ကြပါတယ်။ တစ်ပါးသူရဲ့ ပျော်ရွှင်မှုကို မှီခိုလို့မရပါဘူး။ သင်ဟာ relationship တစ်ခုကို အတူတကွ ကြီးထွားခိုင်မာစေချင်တယ်။ ဒါပေမဲ့ ဒါဟာ နှစ်ဦးနှစ်ဖက်စလုံး အကျိုးရှိမယ့် နည်းလမ်းနဲ့ ဖြစ်ရပါမယ်။ ဒီလိုမှမဟုတ်ရင်တော့ ထိန်းချုပ်ခြယ်လှယ်ခံနေရတဲ့ အကျဉ်းချ ခံထားရတဲ့ ပျော်စရာမကောင်းတဲ့ အချစ်နွံထဲမှာ ပိတ်မိနေပါလိမ့်မယ်။
Ref : Knowledge : Never marry a guy who has these 7 habits
Htet Htet Tin Zar (ရိုးရာလေး)