ဒေါင်းနဲ့ ကျီးကန်း ဘယ်သူက ပိုပျော်ရွှင်တာလဲ

သူ့ဘဝကို လုံးဝကျေနပ်နေတဲ့ ကျီးကန်းတစ်ကောင်ဟာ တောထဲမှာ နေထိုင်ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ သူဟာ ငန်းတစ်ကောင်ကို မြင်လိုက်တယ်ပြီး “ဒီငန်းက အရမ်းဖြူဆွတ်နေတာပဲ.. ငါကျတော့ မည်းနေတယ်” လို့ တွေးမိလိုက်တယ်။

“ဒီငန်းဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးငှက် ဖြစ်ရမယ်” 

သူက သူရဲ့အတွေးတွေကို ငန်းကို ပြောပြလိုက်ပါတယ်။ “အမှန်တကယ်တော့ ကျွန်တော်ဟာ အရောင်နှစ်ရောင်ရှိတဲ့ ကြက်တူရွေးကို မတွေ့ခင်အထိ အပျော်ရွှင်ဆုံးငှက်ဖြစ်မယ်လို့ ထင်နေခဲ့တာပါ” လို့ ငန်းက ပြန်ဖြေလိုက်တယ်။ “အခုတော့ ကြက်တူရွေးဟာ အပျော်ရွှင်ဆုံးငှက် ဖြစ်မယ်လို့ ကျွန်တော်ထင်တယ်”

တစ်ဖန် ကျီးကန်းဟာ ကြက်တူရွေးအနားကို ချဉ်းကပ်သွားပြန်တယ်။ “ဒေါင်းကို မတွေ့ခင်အထိ ကျွန်တော်ဟာ ပျော်ရွှင်စရာကောင်းတဲ့ဘဝမှာ နေထိုင်ခဲ့တယ်။ ကျွန်တော့်ခန္ဓာကိုယ်မှာ အရောင်နှစ်ရောင်ပဲရှိတာ..ဒါပေမဲ့ ဒေါင်းမှာ အရောင်တွေ အများကြီး ရှိတယ်လေ” လို့ ကြက်တူရွေးက ရှင်းပြခဲ့တယ်။

ကျီးကန်းဟာ တိရစ္ဆာန်ရုံက ဒေါင်းဆီကို အလည်သွားပြန်တယ်။ ဒေါင်းကို ကြည့်ဖို့အတွက် လူတွေရာနဲ့ချီပြီး စုနေတာကို မြင်တွေ့လိုက်ရပါတယ်။ လူတွေအားလုံး ထွက်သွားတဲ့အခါမှ ကျီးကန်းက ဒေါင်းဆီကို ချဉ်းကပ်လာပြန်တယ်။ “ဒေါင်းလေးရေ၊ မင်းက အရမ်းလှတာပဲ.. နေ့တိုင်း မင်းကိုကြည့်ဖို့ လူတွေ ထောင်နဲ့ချီပြီး လာကြတယ်။ လူတွေက ငါ့ကို တွေ့တဲ့အခါတော့ ချက်ချင်းအဝေးကို မောင်းထုတ်ကြတယ်။ မင်းက ကမ္ဘာပေါ်မှာ အလှဆုံးငှက်ဖြစ်မယ်လို့ ငါထင်တယ်” လို့ ကျီးကန်းက ပြောလိုက်တယ်။

ဒေါင်းပြန်ပြောလိုက်တာကတော့ “ငါက ကမ္ဘာပေါ်မှာ အလှဆုံးနဲ့ အပျော်ရွှင်ဆုံးငှက် ဖြစ်မယ်လို့ အမြဲထင်ခဲ့ဖူးတယ်။ ဒါပေမဲ့ ငါ့အလှကြောင့် ဒီတိရစ္ဆာန်ရုံထဲမှာ ငါ့ကို ပိတ်လှောင်ထားတယ်။ ငါတိရစ္ဆာန်ရုံကို ဂရုတစိုက် လေ့လာပြီးပြီ။ ကျီးကန်းဆိုတာ လှောင်အိမ်ထဲမှာ ပိတ်လှောင်ခံရတဲ့ ငှက်မဟုတ်ဘူး။ ဒါကြောင့် ပြီးခဲ့တဲ့ရက်နည်းနည်းတုန်းကတောင် စဉ်းစားနေသေးတယ်။ ငါသာ ကျီးကန်းတစ်ကောင်ဖြစ်ရင် နေရာတိုင်းကို ပျော်ပျော်ကြီး ပျံသန်းနိုင်မှာပဲလို့ပေါ့”

ကျွန်မတို့ ပြဿနာတွေလဲ ဒီလိုပါပဲ။ ကျွန်မတို့ဟာ တခြားလူတွေနဲ့ မလိုအပ်တဲ့ နှိုင်းယှဉ်မှုတွေ လုပ်ပြီး ဝမ်းနည်းတတ်ကြတယ်။ ကျွန်မတို့ကိုယ် ကျွန်မတို့တန်ဖိုးမထားတတ်ကြပါဘူး။ ဒီအရာတွေအားလုံးဟာ မပျော်ရွှင်မှုရဲ့ သံသရာပဲ ဖြစ်နေမှာပါ။ ဒါကြောင့် ကိုယ့်မှာမရှိတဲ့အရာကို မျှော်လင့်နေမဲ့အစား ရှိတာနဲ့ ပျော်ရွှင်အောင်ပဲ သင်ယူပါ။ ကိုယ့်မှာရှိတာထက် နည်းနည်းပဲ ရှိတဲ့သူ ဒါမှမဟုတ် အများကြီး ရှိနေတဲ့ တစ်စုံတစ်ယောက်ဆိုတာ အမြဲရှိနေမှာပါ။ ကိုယ့်မှာရှိတာနဲ့ စိတ်ရောင့်ရဲတင်းတိမ်တတ်တဲ့ လူကသာ ကမ္ဘာမှာ အပျော်ရွှင်ဆုံးလူတစ်ယောက် ဖြစ်ပါတယ်။

 

Ref: moral stories.org "Who is Happy? The Peacock and The Crow"

Wint Wah (ရိုးရာလေး)