စည်သွတ်ဗူးအဟောင်းလေးတွေကို ဘယ်လိုပြန်ပြီး အသုံးချမလဲ

ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေတဲ့ နို့ဆီဗူး၊ နို့မှုန့်အာဟာရမှုန့်ဗူး၊ ငါးသေတ္တာဗူး စတဲ့ အလူမီနီယံ၊ သတ္ထုစည်သွတ်ဗူးလေးတွေကို မစွန့်ပစ်လိုက်ဘဲ အသုံးဝင်ပစ္စည်းလေးအဖြစ် ပြောင်းလဲအသုံးချလို့ရပါတယ်။

တကယ်လို့ သင်က အပင်စိုက်တာ ဝါသနာပါတယ်ဆိုရင် စည်သွတ်ဗူးအဟောင်းလေးတွေကို မစွန့်ပစ်ဘဲ

သင်စိုက်ချင်တဲ့ အပင်လေးတွေကို ထည့်သွင်းစိုက်ပျိုးလို့ရပါတယ်။ အိမ်အတွင်းမှာ အလှစိုက်တဲ့မြေအိုး၊ ကြွေအိုးတွေက ဈေးကြီးတယ်ဆိုရင် စည်သွတ်ဗူးလေးတွေကို ဆေးရောင်စုံခြယ်သပြီး ကိုယ်စိုက်ပျိုးချင်တဲ့ သစ်ပင်တွေကို စိုက်ပျိုးနိင်ပါတယ်။ ငွေကြေးအရလည်း သက်သာတဲ့အပြင် အမြင်လည်း ဆန်းနေစေမှာပါ။

သီတင်းကျွတ်၊ တန်ဆောင်တိုင်တွေမှာ အိမ်တိုင်းနီးပါး မီးရောင်စုံလေးတွေ ဖယောင်းတိုင်လေးတွေ ထွန်းညိကြပါတယ်။ စည်သွတ်ဗူးလေး အတွင်းမှာ ဖယောင်းတိုင်လေးထွန်းထားပြီး ကြိုးလေးနဲ့ ချည်နှောင်ထားမယ်ဆိုရင် လေတိုက်တာကြောင့် မီးခဏခဏ မငြိမ်းတော့ပါဘူး။ ဒီနည်းလမ်းလေးကို ရိုမန်တစ်ဆန်ဆန် အမှတ်တရပွဲတွေ၊ မွေးနေ့ပွဲတွေမှာလည်း ကိုယ်စိတ်ကူးရှိတဲ့အတိုင်း ဥာဏ်ကွန့်ပြီး အသုံးပြုနိင်ပါတယ်။

ဘောပင်၊ ခဲတံ၊ ခဲဖျက်စတဲ့ စာရေးကိရိယာတွေထည့်ဖို့ ခွက်လေးအဖြစ်လည်း ဖန်တီးနိင်ပါသေးတယ်။ သားသား၊ မီးမီးလေးတွေအတွက်ဆိုရင် စည်သွတ်ဗူးလေးတွေကို ဆေးရောင်လှလှလေးချယ်ပြီး ဖဲပြားလေးတွေ၊ စတစ်ကာလေးတွေ ကပ်ပြီး ချစ်စရာလေးခွက်လေးတစ်ခုအဖြစ် ဖန်တီးပေးနိင်ပါတယ်။

စားသောက်ဆိုင်တွေ၊ ဘားတွေမှာ ဝိုင်ပုလင်းတွေ တင်ထားတဲ့ စင်လေးတွေ တွေ့ဖူးကြမှာပါ။ စည်သွတ်ဗူးအဟောင်းလေးတွေ တစ်ခုနဲ့တစ်ခုကို ခိုင်မြဲအောင် ပြုလုပ်ပြီး ကြိုက်နှစ်သက်ရာ ဆေးရောင်ခြယ်သလိုက်မယ်ဆိုရင် သင့်အိမ်အတွက် တစ်ပိုင်တစ်နိုင် ဝိုင်ပုလင်းလေးတွေ ထည့်ဖို့စင်လေးတစ်ခု ရရှိလာမှာပါ။

ငှက်ကလေးတွေကို အစာကျွေးဖို့နဲ့ ခိုနားဖို့အတွက်လည်း စည်သွတ်ဗူးဟောင်းလေးတွေကို အသုံးပြုပြီး ဖန်တီးနိင်ပါတယ်။ စည်သွတ်ဗူးအဟောင်းလေးတွေကို ဆေးရောင်စုံခြယ်သပြီး ဖဲကြိုးတစ်ခုခုနဲ့ အိမ်ရှေ့သစ်ပင် ဒါမှမဟုတ် ကြိုက်နှစ်သက်ရာ တစ်နေရာမှာ ချိတိဆွဲထားနိင်ပါတယ်။ ငှက်ကလေးတွေ ခိုနားဖို့အတွက် တုတ်ချောင်းလေးတစ်ချောင်းကို စည်သွတ်ဗူးရဲ့အောက်ခြေမှာ တွဲပေးထားလိုက်ပါ။ ဒါဆိုရင်တော့ သင့်အိမ်ရှေ့မှာ နေ့စဉ်နေ့တိုင်း ငှက်ကလေးတွေရဲ့ ချိုသာတဲ့ တေးသံတွေကို ကြားနေရမှာ ဖြစ်ပါတယ်။

 

Ref: Creative ways to turn old tin cans into adorable liitle things for your home

Paradise (ရိုးရာလေး)