ဘာကြောင့် အော့ဇ်ဝစ်ခ်ျကို သွားလည်သင့်တာတဲ့လဲ

“အော့ဇ်ဝစ်ခ်ျ”… နာမည်ဆိုးကြီးနဲ့ ကျော်ကြားတဲ့ နေရာပေါ့… ဒုတိယကမ္ဘာစစ်တုန်းက နာဇီတွေက ဂျူးအကျဉ်းသားတွေကို ရေရေလည်လည် လက်စွမ်းပြခဲ့ကြတဲ့ နေရာလေ… အဆိပ်ငွေ့တွေ လွှတ်တယ်၊ စမ်းသပ်တယ်၊ ခွဲစိတ်တယ်၊ လူနဲ့မတူအောင်ထားတယ်၊

သိပ္ပံပညာရပ်တွေကို လေ့လာဖို့အတွက် လူတွေကို အသုံးချတယ်ပေါ့…(ကြံဖန်ကျေးဇူးတင်ရရင်တော့ သူတို့ကြောင့် ဆေးပညာတွေကို တော်တော်နားလည်လာကြတယ်ဆိုရမယ်.. စမ်းသပ်ရဲကြသလို စမ်းသပ်ခွင့်လည်း ရှိခဲ့တာကိုး).. ဘယ်လိုပဲ တိုးတက်အောင် ကြံဆောင်ခဲ့သည်ဖြစ်စေ၊ ဂျူးတွေအတွက်တော့ ငရဲခန်းပါပဲ… ဒီလောက်ဆိုးရွားရက်စက်ပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ နေရာကို သွားလည်ချင်တဲ့သူ ရှိပါ့မလား..

ဟုတ်ကဲ့ ရှိပါတယ်။ ဘယ်လိုလူမျိုးတွေကများ သွားလည်ချင်ကြတာပါလိမ့်ဆိုရင်တော့ ကမ္ဘာအနှံ့က ကမ္ဘာလှည့်ခရီးသွားတွေ သူလိုကိုယ်လို ခရီးသွားတွေကပဲ သွားလည်ကြတာပါ။ ဘာကြောင့်လည်ချင်ကြရတာတဲ့လဲ? ဟုတ်ကဲ့ အကြောင်းရင်းတွေကတော့ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘာကြောင့်သွားလည်သင့်တယ်၊ ဘာကြောင့်သွားလည်ချင်ကြတယ်ဆိုတဲ့ အကြောင်းရင်းကို မပြောသေးခင် အော့ဇ်ဝစ်ခ်ျ- ဘာ့ခေးနို (Birkenau ကို အနီးစပ်ဆုံးအသံထွက်ထားတာမို့ လွဲမှားနေတာရှိရင် သည်းခံစေလိုပါတယ်) အကြောင်း အရင်ပြောကြရအောင်..

အော့ဇ်ဝစ်ခ်ျဆိုတာ အင်မတန်ဆိုးရွားရက်စက်တဲ့ အပြုအမူတွေ၊ စမ်းသပ်မှုတွေကို လုပ်ခဲ့တဲ့ နာဇီတွေရဲ့ အကျဉ်းစခန်းတွေပေါ့။ အကျဉ်းစခန်းတွေလို့ ပြောလိုက်တာ အော့ဇ်ဝစ်ခ်ျက တစ်ခုတည်းရှိတာ မဟုတ်လို့ပါ။ ဒါပေမဲ့ အကုန်လုံးကို ခြုံပြီးတော့ အော့ဇ်ဝစ်ခ်ျလို့ ခေါ်တာပေါ့။ ဒီနေရာမှာဖြစ်ခဲ့တဲ့ လူသတ်ပွဲကြီးတွေ၊ စမ်းသပ်ပွဲကြီးတွေအကြောင်းရေးရင် တစ်ထောင့်တစ်ည ပုံပြင်ထက်တောင် ရှည်ဦးမယ်ထင်ပါရဲ့… အကျဉ်းသားပေါင်း တစ်သန်းကျော်မှာ အနှိပ်စက်ခံ၊ ညှဉ်းဆဲခံ၊ စမ်းသပ်ခံတွေ ဖြစ်ပြီး သေဆုံးသွားတဲ့လူဦးရေထဲက ၉၀%ကတော့ ဂျူးတွေလေ… စမ်းသပ်မှုတွေကလည်း အမျိုးမျိုးပေါ့…

အကျဉ်းသားအစုလိုက်ကို အခန်းထဲ ထည့်ပြီး အဆိပ်ငွေ့လွှတ်တာတွေ၊ အမှောင်ခန်းထဲ ပိတ်ထားတာတွေ၊ ခြေလက်အင်္ဂါတွေဖြတ်ပြီး အစားထိုးတာတွေ၊ အမြွာကလေးရအောင် စမ်းသပ်တာတွေ၊ ရောဂါပိုးတွေထည့်၊ ပျောက်စေမယ့် နည်းလမ်းတွေရှာ၊ အဲ့လူတွေပေါ်မှာပဲ စမ်းသပ်.. ဒီလိုတွေလည်း ရှိခဲ့တာပဲ… အမျိုးမျိုးသော စမ်းသပ်မှုတွေကို လုပ်ခဲ့လို့ သေဆုံးခဲ့ရသူပေါင်းလည်း မနည်းပါဘူး..လောကငရဲလို့တောင် ဆိုလို့ရတဲ့ နေရာမျိုးပေါ့… ကြံဖန်ကျေးဇူးတင်ရမယ်ဆိုရင်တော့ ခေတ်သစ်ဆေးသိပ္ပံပညာ အဆင့်မြင့်လာဖို့ သူတို့စမ်းသပ်မှုတွေက တစ်နည်းတစ်ဖုံတော့ အထောက်အကူပြုတာပေါ့လေ.. ဒါပေမဲ့ သေဆုံးခဲ့ရတဲ့ လူအရေအတွက်နဲ့ဆိုရင်တော့ ဒါဟာ ကျေးဇူးတင်စရာမကောင်းတော့ပြန်ဘူးပေါ့…

ဒီတော့ ဒီလိုကြောက်စရာ၊ ရွံရှာစက်ဆုပ်စရာ သမိုင်းကြောင်းတွေရှိတဲ့ အော့ဇ်ဝစ်ခ်ျကို ရောက်ဖို့ ပထမဆုံး ဘာ့ခေးနိုကို အရင်သွားကြရအောင်။ ပိုလန်နိုင်ငံရဲ့ ဆင်ခြေဖုံးရွာလေးတွေက သိပ်လှတယ်မဟုတ်လား.. ဘာ့ခေးနိုလည်း သိပ်ကို လှပါတယ်။ ဒီလို လှပတဲ့ နယ်မြေတစ်ခုမှာ နာဇီတွေ ဘယ်လို နှလုံးသားနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူတွေလုပ်သွားလဲဆိုတာ အံ့ဩစရာပါ… ပြန်တွေးစရာက ဘယ်လောက်လှတဲ့နေရာဖြစ်ဖြစ် အကျည်းတန်တဲ့ သမိုင်းကြောင်းကြီးဖုံးနေတော့ အလှတရားက မှိန်သွားသလိုပေါ့… လှတာကို ခံစားနေရင်းကနေ ဘာကြောင့်လဲဆိုတဲ့ အတွေးကို အဲဒီကိုရောက်သူတိုင်း တွေးမိကြပါတယ်တဲ့…

ကဲ.. အော့ဇ်ဝစ်ခ်ျကို ဆက်သွားကြပါစို့ရဲ့… အဲဒီမှာ အော့ဇ်ဝစ်ခ်ျပြတိုက်ဆိုပြီး ဖွင့်ထားသေးတာမို့ အေးအေးသက်သာ ဝင်ကြည့်လို့ရပါတယ်။ ဒါပေမဲ့ တစ်ခန်းချင်းစီ သေချာလိုက်ကြည့်ပြီး ဪ..ဘယ်တုန်းကတာ့ ဒီအခန်းမှာ ဘာတွေလုပ်ခဲ့ပြီး ဘယ်လိုတွေဖြစ်ခဲ့တာ ဆိုတာမျိုး တစ်ယောက်တည်း အေးအေးဆေးဆေး တွေးချိန်တော့ ရမှာမဟုတ်ပါဘူး။ လာကြည့်ကြတဲ့သူတွေ၊ လာလေ့လာတဲ့သူတွေ သိပ်များတယ်လေ.. ဒါပေမဲ့ ဘာတွေလုပ်ခဲ့ကြတယ်ဆိုတာကိုတော့ အသေးစိတ်တွေ့မြင်ခဲ့ရမှာပါ။

နောက် အကျဉ်းစခန်းထဲ သွားကြည့်တဲ့အခါ… ဘာ့ခေးနို အကျဉ်းစခန်း (အော့ဇ်ဝစ်ခ်ျ ၂) ရော အော့ဇ်ဝစ်ခ်ျရောမှာ .. တွေးကြည့်ပါ… ကိုယ်ခြေချလိုက်တဲ့ နေရာတိုင်းက ဂျူးတွေရဲ့ သွေးတွေ စွန်းထင်နေတာမျိုးဆိုရင်.. ဘယ်နေရာကိုပဲ ကြည့်ကြည့် ညှဉ်းဆဲခံ၊ စမ်းသပ်ခံ ဂျူးတွေရဲ့ ပုံရိပ်တွေ ရှိနေခဲ့မယ်ဆိုရင်… နံရံတိုင်းမှာ ဂျူးတို့ရဲ့ ညည်းတွားငိုယိုသံတွေ ပဲ့တင်ထပ်နေတယ်ဆိုရင်… ဒီအတွေးတွေနဲ့တင် အော့ဇ်ဝစ်ခ်ျကို လာဖို့ လုံလောက်သွားပါပြီ။

ဒါဆို ကျွန်တော် အစက ပြောခဲ့တဲ့ ဘာကြောင့် အော့ဇ်ဝစ်ခ်ျကို လာလည်ကြတာလဲဆိုတဲ့ မေးခွန်းကို ပြန်ဖြေပေးပါတော့မယ်။ လေ့လာရုံသက်သက်လား? မဟုတ်သေးဘူး။ ဒါဖြင့် တစ်ချိန်က ဖြစ်ခဲ့တာတွေကို ပြန်သတိရဖို့၊ ပြန်တွေးကြည့်ဖို့လား? မဟုတ်သေးဘူး။ ဒီလိုဆို ဘာကြောင့်များ သွားလည်ရမှာတဲ့လဲ? အဖြေကတော့ တစ်ခုတည်းပါ။ ကျွန်တော်တို့ အတိတ်မှာ ဖြစ်ခဲ့တဲ့ အကြောင်းတွေကို အမှတ်ရနေဖို့ သွားလည်ကြရမှာ မဟုတ်ပါဘူး။ အဆိုးရွားဆုံး ရက်စက်မှုတွေကို လူသားတွေကသာ ဖန်တီးခဲ့တယ်ဆိုတာကို ဘယ်တော့မှ မမေ့အောင်လို့ သွားလေ့လာကြရမှာပါ။

ဒီလောက် သမိုင်းအကျည်းတန်တဲ့ နေရာကို သွားလည်ရင် စိတ်ကျေနပ်ရမှာလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ သွားလည်ဖူးတဲ့ လူ ၁၀ဝမှာ ၉၀ကျော်လောက်က တစ်ခါလည်ပြီးရင် နောက်တစ်ခါ ပြန်မလာချင်ကြတော့ပါဘူး။ ဒါပေမဲ့ သူတို့ကပဲ ဘဝမှာ တစ်ကြိမ်တော့ အော့ဇ်ဝစ်ခ်ျကို ရောက်ကိုရောက်သင့်တယ်လို့ ဆိုလာတဲ့အခါမှာတော့…

ကဲ.. ကျွန်တော်တို့လည်း မသေခင်လေး အော့ဇ်ဝစ်ခ်ျကို ရောက်ဖူးအောင် ကြိုးစားကြည့်သင့်ပါတယ်…

 

References : Holocaust “concentration-camps-and-ghettos” , Journey Wonders “anyone-visit-auschwitz” , Telegraph “Why you should visit Auschwitz”

Angelic Demon (ရိုးရာလေး)