မိုင်းပေါက်ကွဲမှုကြောင့် ဦးပဉ္ဇင်းတစ်ပါး နဲ့ ကိုရင်နှစ်ပါး ဆေးရုံရောက်

တအန်းဒေသ မိုင်းငေါ့မြို့နယ်ခွဲ မန်ခေါက်ကျေးရွာအုပ်စု၊ ပန်မိုကျေးရွာမှာ ဒီလ ၂၅ ရက် နံနက်ပိုင်း ၇ နာရီ ၄၅ နာရီအချိန်မှာ ဦးပဉ္ဇင်းတစ်ပါး နဲ့ ကိုရင်နှစ်ပါးက ပန်မိုကျေးရွာထိပ်မှာ စိုက်ပျိုးထားတဲ့ ပျိုးပင်တွေနဲ့ ပန်ပင်တွေကို ရှင်းလင်းဖို့ သွားရောက်ရာမှာ မိုင်းပေါက်ကွဲခဲ့တယ်လို့ တအောင်းလက်နက်ကိုင်တပ်ဖွဲ့ (TNLA) က သတင်းထုတ်ပြန်လိုက်ပါတယ်။

မိုင်းပေါက်ကွဲခဲ့တာကြောင့် ဦးသာသန သက်တော် (၃၅) နှစ် ဝါတော် (၁၅) ဝါရဲ့ ညာခြေထောက် ဒူးဆစ်အောက်ပိုင်း နဲ့ ညာမေးရိုးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ကိုရင်နှစ်ပါးဖြစ်တဲ့ ကိုရင်နန္ဒာသီရိ သက်တော် (၁၅) နှစ်၊ ကိုရင်ဩဘာသ သက်တော် (၁၂) နှစ် တို့ကတော့ ညာဘက်ခြေ ဒူးဆစ်အောက်ပိုင်းမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။

ဒဏ်ရာရရှိတဲ့ ဦးပဉ္ဇင်း နဲ့ ကိုရင်နှစ်ပါးကို ဒေသခံ ရွာသူ/ရွာသားတွေက ကျောက်မဲပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး လက်ရှိအချိန်မှာတော့ ဆေးကုသမှုခံယူနေရပါတယ်။ (TNLA) ထုတ်ပြန်ချက်မှာတော့ ပေါက်ကွဲသွားတဲ့မိုင်းဟာ ရှမ်းပြည်တောင်ပိုင်းလက်နက်ကိုင်တပ်ဖွဲ့(RCSS) က ထောင်ထားတဲ့ မိုင်းလို့ စွပ်စွဲထားပါတယ်။

Thar Ko (ရိုးရာလေး)

Photos Credit: PSLF-TNLA