ဒီတစ်ပတ်အတွက် ပြည်တွင်းသတင်းတိုကဏ္ဍ

ဒီတစ်ပတ်အတွက် ပြည်တွင်းသတင်းတိုကဏ္ဍမှာ တပ်ချုပ်က သမ္မတသစ်ထံ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပို့တဲ့သတင်း၊ PIONEER HEXAGON GROUP ကုမ္ပဏီက သင်္ကြန်ရုံးပိတ်ရက် ၁၀ ရက်သတ်မှတ်ပေးလိုက်တဲ့ သတင်း၊ စန္ဒယားဦးတင်ဝင်းလှိုင်ရဲ့ မမှန်မကန်ပြောကြားချက်တွေကို တည်ဆဲဥပဒေနဲ့ အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ သတင်းတွေ အပါအဝင် သတင်းတို ၆ ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်...

 

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တရုတ်နိုင်ငံပါဝင်မှု ပိုမိုအရေးပါလာတယ်လို့ FPNCC ထုတ်ပြန်

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အပြုသဘောဆောင်ပါဝင်မှုဟာ ပိုမိုအရေးပါလာပြီး ကင်းကွာလို့မရနိုင်ပါကြောင်း လက်နက်ကိုင် ၇ ဖွဲ့ရဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)က မတ် ၂၈ ရက်နေ့မှာ ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။

ဒီထုတ်ပြန်ချက်မှာ ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးအပေါ် မည်ကဲ့သို့သော သဘောထားရှိတာကို သေချာဆွေးနွေးသုံးသပ်ပြီး FPNCC အဖွဲ့ဝငာ်းလုံး စုံစုံညီညီတက်ရောက်သွားမှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါတင်မကသေးပါဘူး အစည်းအဝေးတက်ရောက်တဲ့အခါ လုံခြုံရေးအာမခံချက်ရရှိဖို့အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ ခရီးစီကို ဆက်လက်ကူညီထောက်ပံ့ပေးဖို့ မေတ္တာရပ်ခံကြောင်းလည်း ဖော်ပြထားပါတယ်။

FPNCC မှာ ကချင်လက်နက်ကိုင်တပ်ဖွဲ့(KIA) ၊ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့(AA) ၊ တအာင်းလက်နက်ကိုင်တပ်ဖွဲ့(TNLA) ၊ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA)၊ မိုင်းလားလက်နက်ကိုင်တပ်ဖွဲ့(NDAA) ၊ ရှမ်းမြောက်လက်နက်ကိုင်တပ်ဖွဲ့(SSPP) ၊ ဝ လက်နက်ကိုင်တပ်ဖွဲ့(UWSA) တို့ပါဝင်ပါတယ်။ ဒီလက်နက်ကိုင်တပ်ဖွဲ့တွေက ကိုယ်စားလှယ်တွေဟာ မတ် ၂၆ ရက်က ၂၈ ရက်ထိ ပန်းခမ်းမြို့မှာ အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ပြီး ဒီထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့တာပါ။

 


PIONEER HEXAGON GROUP ကုမ္ပဏီက သင်္ကြန်ရုံးပိတ်ရက် ၁၀ ရက်သတ်မှတ်ပေး

PIONEER HEXAGON GROUP ကုမ္ပဏီက သင်္ကြန်ရုံးပိတ်ရက်များကနေစပြီး ဝန်ထမ်းတွေအတွက် ပြည့်ဝစွာအနားယူနိုင်စေဖို့ နဲ့ ပိတ်ရက်တွေကို ခံစားပြီး ရုံးပြန်တက်လာတဲ့ ဝန်ထမ်းတွေအနေနဲ့ နှစ်သစ်မှာ ခွန်အားအပြည့်ဖြင့် အားသွန်ခွန်စိုက်ကြိုးစားကာ ရွှင်လန်းတက်ကြွစွာ အလုပ်ပြန်လည် လုပ်ကိုင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ အစိုးရတရားဝင်ရုံးပိတ်ရက်မဟုတ်ပေမယ့် သင်္ကြန်ပိတ်ရက် ၁၀ ရက်ကို ကုမ္ပဏီက နှစ်စဉ်နှစ်တိုင်း တရားဝင်ပိတ်ရက်အဖြစ်သတ်မှတ်လိုက်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

အစိုးရက သင်္ကြန်ရုံးပိတ်ရက်ကို မနှစ်ကနေစပြီး မူလသတ်မှတ်ထားတဲ့ ၁၀ ရက်အစား ၅ ရက်သတ်မှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် စက်ရုံအချို့မှာ သင်္ကြန်ပိတ်ရက် ၅ ရက်နဲ့ ပက်သက်လို့ ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် သင်္ကြန်ပိတ်ရက်ကို နောက်ဆုံးအနေနဲ့ ၁၀ ရက်သတ်မှတ်ပေးခဲ့ပါတယ်။ ဒီနှစ်မှာတော့ အစိုးရက ၅ ရက်သာ ပိတ်ရက်အဖြစ်သတ်မှတ်ထားတာကြောင့် ဒီကုမ္ပဏီရဲ့ ထုတ်ပြန်ချက်ဟာ လူမှုကွန်ရက်ဖေ့ဘုတ်စာမျက်နှာတွေမှာတော့ တော်တော်လေး ပျံ့နှံ့နေပါတယ်။

 

ပြည်သူ့တာဝန်ကို ကျေးပွန်အောင်ထမ်းဆောင်မယ်လို့ပြောခဲ့တဲ့ မြန်မာနိုင်ငံရဲ့ သမ္မတသစ်

မတ် ၂၁ ရက်မှာ နုတ်ထွက်သွားတဲ့ သမ္မတ ဦးထင်ကျော်နေရာကို ဆက်ခံဖို့ မတ် ၂၈ ရက်မှာ သမ္မတသစ် ရွေးချယ်ခဲ့ပါတယ်။ ဒုတိယ သမ္မတတွေဖြစ်တဲ့ ဦးမြင့်ဆွေ၊ ဦးဟင်နရီဗန်ထီးယူနဲ့အတူ ပြည်သူ့လွှတ်တော်ဥက္ကဌ ရာထူးက နုတ်ထွက်ထားတဲ့ ဦးဝင်းမြင့်တို့ကို လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ပြီး ဦးဝင်းမြင့်က အနိုင်ရရှိခဲ့ပါတယ်။

သမ္မတသစ်ဦးဝင်းမြင့်က သမ္မတရွေးချယ်အပြီး သတင်းထောက်တွေမေးမြန်းတဲ့အခါမှာတော့ “ကျွန်တော်ကိုယ့်စွမ်း ဥာဏ်စွမ်းရှိသမျှ ပြည်သူ့တာဝန်ကို ကျေးပွန်အောင်ထမ်းဆောင်ပါ့မယ်” လို့ပြောကြားခဲ့ပါတယ်။

သမ္မတဦးဝင်းမြင့်ဟာ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ဧရာဝတီတိုင်း ဓနုဖြူမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်ခံခဲ့ရပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်း ပုသိမ်မြို့နယ် မဲဆန္ဒနယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရပါတယ်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

 

 

ချိန်းတွေ့နေတဲ့ စုံတွဲတွေကို ဓားထောက်လုယက်သူတွေကို မိပြီ

Photo Credit - Photo Credit – Yangon Police

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုချင်းဖော်ထုတ်ရေးတပ်ဖွဲ့ဝင်တွေက ရွှေပြည်သာမြို့နယ်အတွင်းမှာ လုယက်မှုကျူးလွန်ထားတယ်လို့ သတင်းရရှိတာကြောင့် ရွှေပြည်သာမြို့နယ်နေ မင်းမျိုးသူ(ခ)တောင်ပြုံး (၂၀)နှစ် နဲ့ ဇင်ကိုကိုမောင်(ခ) ချက်ကြီး (၂၀)နှစ်တို့ကို သူတို့နေထိုင်ရာနေအိမ်မှာ ဖမ်းဆီးခဲ့ပါတယ်။ ဒါမှမကသေးပါဘူး သူတို့နဲ့အတူ လုယက်မှုကျူးလွန်တဲ့အခါမှာ ပါဝင်ခဲ့တဲ့ ရွှေပြည်သာမြို့နယ်နေ ချစ်ဦး(ခ)ဂျက်ပြား ၂၁ နှစ် ကို နေအိမ်အတွင်းမှာ ထပ်မံဖမ်းဆီးခဲ့ပါတယ်။

ဖမ်းမိသူတွေကို စစ်ဆေးရာမှာ ရွှေပြည်သာမြို့နယ် အမှတ် ၁၉ ရပ်ကွက်၊ ဝင်္ကဘာဝင်းအတွင်း ၂၀၁၈ ခုနှစ် ၊ ဇန်နဝါရီလက အဲ့ဒီနေရာ လမ်းမပေါ်မှာ ချိန်းတွေ့နေတဲ့ စုံတွဲတွေကို ဓားနဲ့ထောက်ပြီး ရွှေလက်စွပ်မောင်းကွင်းတစ်ကွင်း နဲ့ CZI 125 ဆိုင်ကယ်ကိုလည်းကောင်း၊ ဖေဖော်ဝါရီအတွင်းကလည်း အဲ့ဒီနေရာမှာ ချိန်းတွေ့နေတဲ့ စုံတွဲတွေကို ဓားနဲ့ထောက်ကာ ရွှေလက်စွပ်မောင်းကွင်းတစ်ကွင်း နဲ့ Mi Note 4 ကိုလည်းကောင်း၊ မတ်လက လမ်းမပေါ်မှာ ဆိုင်ကယ်စီးသင်နေတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို ဓားနဲ့ထောက်ပြီး Mi လက်ကိုင်ဖုန်း၊ Felling CZI-125 ဆိုင်ကယ်ကိုလည်းကောင်း၊ ချိန်းတွေ့စကားပြောနေတဲ့ စုံတွဲတွေကို ဓားနဲ့ထောက်ပြီး Honor လက်ကိုင်ဖုန်း၊ Samsung လက်ကိုင်ဖုန်းတို့ကိုလည်းကောင်း အသီးသီးလုယက်ယူဆောင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ပေါ်ပေါက်ချက်အရ လုယက်သူ ၃ ဦးကို ရွှေပြည်သာမြို့မရဲစခန်းမှာ လုယက်မှု ၇ မှုနဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်

 

တပ်ချုပ်က သမ္မတသစ်ထံ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပို့

မတ် ၂၈ ရက် ပြည်ထောင်စုလွှတ်တော်မှာ ရွေးချယ်လိုက်တဲ့ သမ္မတသစ်ဦးဝင်းမြင့်ထံကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဂုဏ်ယူဝမ်းမြောက်ကြောင်း မတ် ၂၉ ရက်က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ပေးပို့ခဲ့တဲ့ သဝဏ်လွှာမှာ ၂၀၁၈ ခုနှစ်၊ မတ် ၂၈ ရက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးမှာ ကျင်းပပြုလုပ်တဲ့ နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲမှာ ဦးဝင်းမြင့်အား နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း နဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အောင်မြင်စွာ ဆောင်ရွက်နိုင်ပါစေရန် ဆုမွန်ကောင်းတောင်းပါတယ်လို့ ဖော်ပြထားပါတယ်။

 


စန္ဒယားဦးတင်ဝင်းလှိုင်ရဲ့ မမှန်မကန်ပြောကြားချက်တွေကို တည်ဆဲဥပဒေနဲ့ အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြန်ကြားရေးထုတ်ပြန်

အကယ်ဒမီဆုပေးပွဲမှာ ဆုလက်ခံတဲ့အချိန် ပြောကြားခဲ့တဲ့ စန္ဒယားတင်ဝင်းလှိုင်၏ ပြောကြားမှုတွေနဲ့ မီဒီယာတွေမှာပြောကြားခဲ့တာတွေနဲ့ပက်သက်ပြီး မမှန်မကန်ပြောကြားချက်တွေ၊ ဒီလိုပြောကြားခဲ့မှုတွေကို အခြေခံပြီး မမှန်မကန်ထပ်ဆင့်စွပ်စွဲချက်တွေကို လုပ်ဆောင်နေကြတဲ့ သက်ဆိုင်သူပုဂ္ဂိုလ်တွေကို တည်ဆဲဥပဒေတွေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက မတ် ၂၆ ရက်က သတင်းထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီသတင်းထုတ်ပြန်ချက်မှာ စန္ဒရား ဦးတင်ဝင်းလှိုင်က “ပြည်ထောင်စုဝန်ကြီးနား ကပ်လို့မရဘူး” ဆိုတဲ့ ပြောကြားချက်မှာ လုံးဝမှန်ကန်မှုမရှိကြောင်း၊ ဦးတင်ဝင်းလှိုင်အနေနဲ့ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားက တစ်ဆင့်ဖြစ်စေ၊ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံးကိုဖြစ်စေ၊ ပြန်ကြားရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနတစ်ခုခုဖြစ်စေ၊ အခြားအဖွဲ့အစည်းတွေကတစ်ဆင့် ဖြစ်စေ၊ ပြန်ကြားရေးဝန်ကြီးဌာနရှိ အရာထမ်း အမှုထမ်းတစ်ဦးဦးကဖြစ်စေ၊ ပြည်ထောင်စုဝန်ကြီးနဲ့ တွေ့ဆုံနိုင်ရေးအတွက် စာနဲ့သော်လည်းကောင်း၊နှုတ်နဲ့သော်လည်းကောင်း ၊ အီးမေးလ်နဲ့သော်လည်းကောင်း၊ ကိုယ်တိုင်လာရောက်၍သော်လည်းကောင်း၊ တယ်လီဖုန်းနဲ့သော်လည်းကောင်း ဆက်သွယ်ပြောကြားခြင်းမရှိကြောင်း ဖော်ပြထားပါတယ်။

Thar Ko (ရိုးရာလေး)