ပြည်တွင်းသတင်းတိုကဏ္ဍ

ဒီတစ်ပတ်ပြည်တွင်း သတင်းတိုကဏ္ဍမှာတော့ အာဆီယံ ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့် စင်ကာပူနိုင်ငံသို့ ထွက်ခွာတဲ့သတင်း၊ အမျိုးသမီးလေသူရဲတွေ စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရေး လေယာဉ်မောင်းသင်တန်းတွေ ထပ်မံခေါ်ယူ တက်ရောက်သွားစေမယ့်သတင်း၊ ပြည်ထောင်စုဝန်ကြီးပြောကြားချက်ကို ပြင်းထန်စွာကန့်ကွက်တယ်လို့ ပြည်ခိုင်ဖြိုးပါတီက ကြေညာလိုက်တဲ့ သတင်းတွေနဲ့ အတူ သတင်းတို ၆ ပုဒ်ကို ဖော်ပြပေးလိုက်ပါတယ်။

အာဆီယံ ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့် စင်ကာပူနိုင်ငံသို့ ထွက်ခွာ

၃၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ စင်ကာပူနိုင်ငံကို ဧပြီလ နေ့လည်ပိုင်းက နေပြည်တော်ကေန အထူးလေယာဉ်ဖြင့် ထွက်ခွာသွားတယ်လို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတော်သမ္မတနဲ့ ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံတော်သမ္မတဦးဝင်းမြင့်ရဲ့ ဇနီးဒေါ်ချိုချို၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အစိုးရတာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။

နိုင်ငံတော် သမ္မတနဲ့ အတူ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင် နဲ့ တာဝန်ရှိသူများလိုက်ပါသွားကြတယ်လို့ သိရပါတယ်။

Photo- နိုင်ငံတော်သမ္မတရုံး

 

နှစ်ဖက်သဘောတူညီချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ KNPP နဲ့ အစိုးရတွေ့ဆုံ

ပြည်နယ်အဆင့် နဲ့ ပြည်ထောင်စုအဆင့်တို့မှာ ကရင်နီလက်နက်ကိုင်တပ်ဖွဲ့(KNPP) နဲ့ အစိုးရ တို့ချုပ်ဆိုခဲ့တဲ့ နှစ်ဖက်သဘောတူညီချက်တွေကို ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့ ပြည်နယ်အဆင့် နဲ့ ဒေသအဆင့် ပူးတွဲစောင့်ကြည့်ရေးကိစ္စတွေ၊ လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့ကိစ္စများ ညှိုနှိုင်းဆွေးနွေးဖို့အတွက် KNPP နဲ့ အစိုးရ တို့တွေ့ဆုံမယ်လို့ KNPP က သတင်းထုတ်ပြန်ထားပါတယ်။

ဒီဆွေးနွေးပွဲကို KNPP ရဲ့ ဖိတ်ခေါ်ချက်အရ ပြည်နယ်အတွင်းမှာရှိတဲ့ ဒေသခံနိုင်ငံရေးပါတီတွေမှ ကိုယ်စားလှယ်တွေ၊ အရပ်ဖက်လူမှုအသင်းအဖွဲ့တွေက ကိုယ်စားလျယ်တွေ၊ ဘာသာရေးအဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ NCA လက်မှတ်ရေးထိုးတဲ့ ညီနောင်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေကို လေ့လာသူတွေအဖြစ် တက်ရောက်မှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

KNPP နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)ရဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ရဲ့ နှစ်ဖက်တရားဝင်ဆွေးနွေးပွဲကို ဒီလ ၂၆ ရက် ကနေ ၂၇ ရက်ထိ ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ်ခန်းမမှာကျင်းပသွားမှာဖြစ်တယ်လို့ KNPP က သတင်းထုတ်ပြန်ထားပါတယ်။

 

အမျိုးသမီးလေသူရဲတွေ စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရေး လေယာဉ်မောင်းသင်တန်းတွေ ထပ်မံခေါ်ယူ တက်ရောက်သွားစေမယ်

တပ်မတော်အနေနဲ့ အမျိုးသမီးလေသူရဲတွေကို စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ဖို့အတွက် ဘွဲ့ရအမျိုးသမီးအရာရှိတွေကို ဆက်လက်ဖွင့်လှစ်မယ့် လေယာဉ်မောင်းသင်တန်းတွေမှာ ထပ်မံခေါ်ယူတက်ရောက်သွားစေမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

သတင်းထုတ်ပြန်ချက်မှာ တပ်မတော်ကို ခေတ်မီတပ်မတော်ဖြစ်စေရေး တည်ဆောက်လျက်ရှိရာတဲ့နေရာမှာ တပ်မတော်(လေ)အနေနဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ပြုစုပျိုးထောင်နိုင်ရေးအတွက် အမျိုးသမီးအရာရှိတွေကို အမျိုးသားအရာရှိတွေနဲ့နည်းတူ လေယာဉ်မောင်းပညာသင်ကြားနိုင်ရေး တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)က ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းဆင်း အမျိုးသမီးအရာရှိ ၆ ဦးနဲ့ လေယာဉ်မောင်းသင်တန်းပို့ချပေးလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒီအမျိုးသမီးအရာရှိ လေသူသူရဲလောင်း ၆ ဦးဟာ တစ်ဦးချင်းမောင်းနှင်ပျံသန်းမှု(Solo)ကို အောင်မြင်စွာ ပျံသန်းနိုင်ခဲ့ပြီဖြစ်ကြောင်း ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှာ လေသူရဲတောင်ပံကို တစ်ဦးချင်းအပ်နှင်းပေးပြီး ၎င်းတို့ရဲ့ ပျံသန်းမှုအရည်အသွေးအလိုက် တပ်မတော်(လေ)က ပျံသန်းရေးအုပ်စုတွေမှာ ဆက်လက်တာဝန်ထမ်းဆောင်စေမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Photo - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

 

ပြည်ထောင်စုဝန်ကြီးပြောကြားချက်ကို ပြင်းထန်စွာကန့်ကွက်တယ်လို့ ပြည်ခိုင်ဖြိုးပါတီက ကြေညာလိုက်ပါတယ်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြားချက်တွေနဲ့ ပက်သက်ပြီး ပြင်းထန်စွာကန့်ကွက်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီက ကြေညာချက်တစ်စောင်ကို ဒီလ ၂၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒေါက်တာဝင်းမြတ်အေးဟာ ဧပြီ ၁၉ ရက် ရန်ကုန်မြို့ NRPC မှာ ကျင်းပပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ “လူဝင်မှုကြီးကြပ်ရေးက ပုံစံ ၄ တစ်ခုကို ဖြည့်လိုက်တာနဲ့၊ ဖြည့်ပြီးရင် သက်ဆိုင်ရာကို အကြောင်းကြားပြီးတော့ သွားချင်တဲ့နေရာကို သွားလို့ရတယ်၊ အဲဒီလိုပုံစံဖြစ်သွားပါပြီ၊ ဒါကို ကျွန်တော်တို့ လက်တွေ့လုပ်ဆောင်နေပါတယ်” လို့ ပြောကြားချက်နဲ့ ပက်သက်ပြီး ယခုလိုကန့်ကွက်လိုက်တာဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးရဲ့ ကြေညာချက်မှာ ဧည့်စာရင်း တိုင်ကြားမှုပယ်ဖျက်ခြင်းနဲ့အတူ နိုင်ငံတော်ကို နှောက်ယှက်ဖျက်ဆီးလိုသူများရဲ့ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေကိုလည်း ရုတ်သိမ်းပယ်ဖျက်ပြီးဖြစ်တာကြောင့် နိုင်ငံတော်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အလွန်စိုးရိမ်ဖွယ်အခြေအနေဖြစ်တဲ့အတွက် နိုင်ငံတော်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အလွန်စိုးရိမ်ဖွယ်အခြေအနေဖြစ်တာမို့ ဒေါက်တာဝင်းမြတ်အေးရဲ့ ပြောကြားချက်ကို ပြင်းထန်စွာကန့်ကွက်ကြောင်း ဖော်ပြထားပါတယ်။

 

အစိုးရဝန်ကြီးဌာနများအတွက် သတင်းရေးသားထုတ်ပြန်ခြင်း သင်တန်းဖွင့်

ပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ အဖွဲ့အစည်းအသီးသီးမှာ မီဒီယာတာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေအတွက် သတင်းရေးသားထုတ်ပြန်ခြင်းနဲ့ သတင်းရိုက်ကူး၊ တည်းဖြတ်၊ ထုတ်လုပ်ခြင်းတွေ စနစ်တကျဆောင်ရွက်နိုင်ရေး ပြည်ကြားရေးဝန်ကြီးဌာနမှ စီစဉ်ဖွင့်လှစ်သတင်းရေးသားထုတ်ပြန်ခြင်း သင်တန်းတစ်ခုကို ဒီလ ၂၃ ရက်မှာ ဖွင့်လှစ်လိုက်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီသင်တန်းဖွင့်ပွဲမှာ ပြည်ကြားရေးဝန်ကြီး ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဒီမိုကရေစီနိုင်ငံတွေမှာ ပြည်သူတွေက အစိုးရကို ရွေးကောက်တင်မြှောက်ပြီး နိုင်ငံအသုံးစရိတ်အတွက် အခွန်အခတွေ ထည့်ဝင်ရလို့ ပြည်သူ့ရန်ပုံငွေနဲ့ ရပ်တည်လည်ပတ်နေတဲ့ ဌာနအဖွဲ့အစည်းတွေအနေနဲ့ ဒီလိုလုပ်ကိုင်ဆောင်ရွက်နေတာတွေကို ပြည်သူတွေကို စနစ်တကျ ပွင့်လင်းမြင်သာစွာပြန်ကြားအသိပေးရန် တာဝန်ရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။

ဒီသတင်တန်းမှာ သတင်းဓာတ်ပုံရိုက်ကူးခြင်း၊ သတင်းရေးသားခြင်း၊ သတင်းမီဒီယာဥပဒေ၊ သတင်းသမားတို့ရဲ့ ကျင့်ဝတ်၊ အွန်လိုင်းအသုံးပြုပြီး သတင်းထုတ်ပြန်ခြင်း၊ Social Media တွေ အသုံးပြုရာမှာ ဆောင်ရန်၊ ရှောင်ရန်စတဲ့ ဘာသာရပ်တွေကို သင်ကြားပို့ချပေးသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Photo- MOI

 

လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးဘေးမှာ မိုင်းတွေ့ပြန်

ဒီလ ၂၆ ရက်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးဘေးမှာ မိုင်းတွေ့ရှိတယ်လို့ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အဲ့ဒီနေ့ မွန်းလွဲပိုင်းမှာ သွားရောက်စစ်ဆေးခဲ့တဲ့အခါမှာ မူဆယ်မြို့နယ် တုံကန်ရွာရဲ့ မြောက်ဘက် မီတာ ၅၀၀ ခန့်အကွာ ကားလမ်းဘေး ကမ်းပါးယံစောင်းမှာ အလျား ၈ လက်မ၊ အနံ ၄ လက်မခန့်ရှိ ရှေ့ထွက်ရီမုမိုင်း နှစ်လုံးကို တွေ့ရှိခဲ့တာကြောင့် ဒေသခံပြည်သူများ အန္တရာယ်မရှိစေဖို့ သက်မဲ့ပြုလုပ်ခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

Photo- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Thar Ko (ရိုးရာလေး)