ဘယ်မီတာတက္ကဆီကို ရွေးမလဲ

ရန်ကုန်မှာနေတဲ့ မသူဇာတစ်ယောက် ရုံးတက်ရုံးဆင်းချိန်တိုင်း စိတ်အလွန်ညစ်ရပါတယ်။

“တစ်စီးနဲ့ အဆင်ပြေတယ်ဆိုတာ မရှိသလောက်ပဲ။ မလိုက်ချင်တာနဲ့ ဈေးပိုတောင်းချင်တာနဲ့”လို့ မသူဇာက စိတ်ပျက်လက်ပျက် ဆိုပါတယ်။

 ဟုတ်ပါတယ်။ မနက်ခင်းတိုင်း၊ ညနေတိုင်းမှာ မသူဇာလို ကုမ္ပဏီဝန်ထမ်းတွေအပါအဝင် လူအများစုကြုံနေရတာကတော့ တက္ကဆီငှားရတဲ့ အဆင်မပြေမှုပဲ ဖြစ်ပါတယ်။ မတန်တဆဈေးပိုတောင်းတဲ့ အပြင် မလိုက်တော့ဘူးဆိုတဲ့ ဆင်ခြေကိုလည်း တက္ကဆီသမားတွေက ပေးတတ်ပါသေးတယ်။ တစ်ခါတစ်လေမှာ ဆေးလိပ်သောက်၊ ကွမ်းစားတဲ့ အကျင့်ရှိတဲ့ ယာဉ်မောင်းတွေဆီက ရတာတွေ၊ အဲကွန်းဖွင့်မပေးချင်တာတွေကအစ အဆိုးဆုံး မှုခင်းအခြေအနေတွေအထိ ခရီးသည်တွေက ကြုံတွေ့နေရတာပါ။

ခရီးသည်တွေရဲ့ အခက်အခဲကို တစ်စိတ်တစ်ပိုင်း ဖြေရှင်းပေးနိုင်တာကတော့ မီတာတက္ကဆီတွေပါပဲ။ အရင်တုန်းကတော့ Oway၊ Hello Cabs၊ Go Taxi တို့လို  ပြည်တွင်းကုမ္ပဏီတွေက ဒီဝန်ဆောင်မှုကို လုပ်ပါတယ်။ ဒါပေမယ့် ဒီနှစ်စမှာပဲ နိုင်ငံခြားကုမ္ပဏီတွေဖြစ်တဲ့ Grab နဲ့ Uber တို့က ရန်ကုန်ကို ရောက်လာပါတယ်။

ကဲ ဒါဆိုရင် ဘယ်သူ့ကို ရွေးကြမလဲ။

1.    Uber

နောက်ဆုံးမှ ဝင်လာတဲ့ ကုမ္ပဏီပါ။ အမေရိကန် အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၈၀ တွင် အငှားယာဉ်ဝန်ဆောင်မှု လုပ်ငန်းကို လုပ်ကိုင်နေတာဖြစ်ပါတယ်။ ဒါကြောင့်ပဲ Brand နာမည်ကြောင့် Uber ကို စိတ်ဝင်စားသူများနေပါတယ်။ Application နဲ့ပဲ အသုံးပြုနိုင်ပါတယ်။

a.    Application   - အသုံးပြုတဲ့နေရာမှာ Uber က အကောင်းဆုံးဖြစ်တယ်လို့ ပြည်တွင်းနည်းပညာကျွမ်းကျင်သူ တစ်ဦးက မှတ်ချက်ပေးထားပါတယ်။ သုံးစွဲရလွယ်ကူပြီး မြေပုံတွေကိုလည်း သေသေချာချာဖော်ပြထားပေးပါတယ်။ အနားမှာရှိတဲ့ကားတွေကို ဖော်ပြထားတဲ့အပြင် ဒီကားတွေရဲ့ လာခဲ့တဲ့လမ်းကြောင်းတွေကိုပါ ပြထားပေးပါတယ်။

b.    ဈေးနှုန်း         - App မှာဖော်ပြထားတဲ့ ဈေးနှုန်းကတော့ ခန့်မှန်းခြေပါ။ ဥပမာ- ၃၈၀၀ ကနေ ၄၅၀၀ကြား။ ကားပေါ်စတက်လိုက်တာနဲ့ ပေးရမှာက ၁၅၀၀ ကျပ်ပါ။ တစ်ကီလိုမီတာကို ၂၂၅ကျပ်နှုန်းပါ။ ရိုးရာလေးရဲ့ လေ့လာမှုအရ Uber က ဈေးနှုန်းအများဆုံးဖြစ်နေပြီး ဒီကာလမှာတော့ ပရိုမိုးရှင်းအနေနဲ့ ၃၀ ရာခိုင်နှုန်းလျော့ပြီးရနိုင်မှာပါ။

c.    ဝန်ဆောင်မှု    - Apps ကိုသုံးပြီး ကားခေါ်ဆိုတဲ့အခါမှာ ကိုယ့်အိမ်နေရာထိ လာကြိုမပေးဘဲ လမ်းမတန်းထိ ထွက်ရတယ်လို့ ခရီးသည်အချို့ရဲ့ ဝေဖန်မှုတွေရှိနေပါတယ်။ ကားပေါ်မှာတော့ အဲကွန်းဖွင့်ပြီး သက်တောင့်သက်သာစီးနိုင်ပါတယ်။ ကားရရှိမှုကတော့ တည်နေရာပေါ်မူတည်ပြီး ကြာချိန် အနည်းအများ ရှိနိုင်ပါတယ်။

2.    Grab

Grab ကတော့ စင်ကာပူအခြေစိုက် ကုမ္ပဏီဖြစ်ပြီး အရှေ့တောင်အာရှ နိုင်ငံတွေဖြစ်တဲ့ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ လုပ်ကိုင်နေပါတယ်။ ဒီနှစ် မတ်လကတည်းက ရန်ကုန်မှာ စတင်စမ်းသပ်ပြေးဆွဲနေတာဖြစ်ပါတယ်။ အက်ပလီကေးရှင်း နဲ့ ပဲအသုံးပြုနိုင်ပါတယ်။

a.    Application   - Grab ရဲ့ Apps ကလည်း သုံးစွဲရလွယ်ကူပါတယ်။ Apps မှာ ပုံသေဈေးနှုန်းကို တစ်ပါတည်းဖော်ပြထားပါတယ်။ ဒါပေမယ့် တက္ကဆီတွေရဲ့ လာရာလမ်းကြောင်းတွေကို ပြထားပေးနိုင်ခြင်းမရှိပါဘူး။

b.    ဈေးနှုန်း         - ဈေးနှုန်းကတော့သင့်ပါတယ်။ App မှာ သွားမယ့်နေရာကို ဖြည့်ပေးလိုက်တာနဲ့ ပုံသေဈေးကို ဖော်ပြပေးထားပေးပါတယ်။ ခရီးသည်တွေအတွက် Reward အစီအစဉ်လည်းပေးထားပါတယ်။ Point တွေများရင် Discount ကူပွန်တွေဝယ်လို့ရပါတယ်။

c.    ဝန်ဆောင်မှု    - တက္ကဆီယာဉ်မောင်းက ခရီးစဉ်တွေကို ဝေးတဲ့အကြောင်းပြချက်နဲ့ ငြင်းတာမျိုးရှိတယ်လို့ အချို့က ဆိုပါတယ်။ ကားတွေကတော့ အဲကွန်းဖွင့်ပေးထားပါတယ်။

3.    Hello Cabs

ပြည်တွင်း ကုမ္ပဏီတစ်ခုပါ။ Call center ရှိတဲ့အတွက် ဖုန်းရော၊ အက်ပလီကေးရှင်း နဲ့ရော အသုံးပြုနိုင်ပါတယ်။

a.       Application   - Register လုပ်ရတဲ့ အဆင့်တွေများပါတယ်။ မွေးသက္ကရာဇ်ပါထည့်ပေးရပါတယ်။ အနီးတစ်ဝိုက်က ကားတွေကို ပြပေးထားပါတယ်။ ရောက်တဲ့နေရာကို GPS နဲ့ သေချာပြပေးနိုင်ပါတယ်။ အနီးဆုံးကားတွေ ရောက်လာမယ့် အချိန်ကို တွက်ပြပေးထားပါတယ်။

b.      ဈေးနှုန်း         - ပုံသေဈေးနှုန်းရော၊ မီတာပေါ်မှာ အခြေခံတွက်တဲ့ဈေးနှုန်းရော ကြိုက်ရာကို ရွေးလို့ရပါတယ်။ ကားပေါ်စစတက်ချင်း ပေးရမှက ၂၀၀၀ ကျပ်ပါ။ ညဘက် ၁၀ နာရီကျော်ရင် ၁၀ရာခိုင်နှုန်းထပ်ပေါင်းပြီး ပေးရတဲ့အချက်ကို မမေ့သင့်ပါဘူး။

c.       ဝန်ဆောင်မှု    - ခုချက်ချင်းသွားချင်တာပဲဖြစ်ဖြစ်၊ ကြိုမှုာတာပဲဖြစ်ဖြစ် လုပ်လို့ရပါတယ်။ ဒါပေမယ့် ကားမရှိတဲ့ အကြောင်းပြချက်နဲ့ တက္ကဆီမရတာမျိုးတွေရှိပါတယ်။ အမျိုးသမီး တက္ကဆီယာဉ်မောင်းတွေလည်း ရှိလို့ အမျိုးသမီးခရီးသည်တွေအတွက်လည်း အဆင်ပြေနိုင်ပါတယ်။ ဒါပေမယ့် ကားတိုင်းတော့ အဲကွန်းမဖွင့်ပါဘူး။

4.    Oway Ride

Oway ကလည်း ပြည်တွင်း ကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်။ ဖုန်း၊ ဝက်ဘ်ဆိုက်၊ အက်ပလီကေးရှင်း နဲ့ ခေါ်ဆိုနိုင်ပါတယ်။ ရန်ကုန်အပြင် မန္တလေးမြို့မှာလည်း အသုံးပြုနိုင်ပါတယ်။

a.       Application   - ခုမှ App ကို သုံးသူတွေအတွက် တဆင့်ချင်းစီ ရှင်းပြပေးထားပါတယ်။ အပြင်အဆင်က တော်တော်လေးရှုပ်ထွေးပါတယ်။ ရောက်နေတဲ့နေရာကို တိတိကျကျ မပြပေးနိုင်ပါဘူး။

b.      ဈေးနှုန်း         - ကားပေါ်ကတက်တာနဲ့ ပေးရတဲ့ ဈေးနှုန်းက ၁၅၀၀ ကျပ်ပါ။ တစ်ကီလိုမီတာကို ၂၇၀ ကျပ်နှုန်းနဲ့ တွက်ပါတယ်။ ဈေးသင့်ပါတယ်။ ညပိုင်းတွေမှာလည်း ဆယ်ရာခိုင်နှုန်း ထပ်ပေါင်းပေးရပါတယ်။

c.       ဝန်ဆောင်မှု    - ခုချက်ချင်းမှာတာပဲဖြစ်ဖြစ်၊ ကြိုမှာတာပဲဖြစ်ဖြစ် လုပ်လို့ရပါတယ်။ကားတွေကတော့ အဲကွန်းနဲ့ဖွင့်ထားပေးပါတယ်။ မှာတဲ့ ခရီးစဉ်တွေကို အကြောင်းပြန်မလာတဲ့ အခြေအနေတချို့လည်း ရှိပါတယ်။

ဘယ်သူ့ကို ရွေးကြမလဲ

ဒါဟာ ခရီးသည်တွေအတွက် တကယ်ကို ဦးနှောက်ခြောက်စရာဖြစ်နေတာပါ။

အပေါ်က အချက်တွေကို ကိုးကားပြီးပြောရရင်တော့ ပြည်ပကုမ္ပဏီတွေကတော့ အယ်ပလီကေးရှင်းပိုင်းမှာ ပြည်တွင်းကုမ္ပဏီတွေထက် အားသာနေပါတယ်။ဒါပေမယ့် သူတို့မှာ ကားအစီးရေနည်းနေသေးတဲ့အတွက် လက်ရှိရောက်နေတဲ့နေရာပေါ်မူတည်ပြီး ကြာချိန်ကတော့ ပိုများနိုင်ပါတယ်။

ဈေးနှုန်းကတော့ ပြည်တွင်းကုမ္ပဏီတွေက သက်သာနေပါတယ်။ ခရီးသည်ရဲ့ လုံခြုံစိတ်ချရမှုအပိုင်းမှာ အားလုံးတန်းတူပါပဲ။ ဝန်ဆောင်မှုအနေနဲ့က ယာဉ်မောင်းတစ်ဦးချင်းစီအပေါ်မူတည်နေတဲ့အတွက် ကုမ္ပဏီတစ်ချင်းစီအလိုက် အဆင့်သတ်မှတ်ဖို့ မလွယ်လှပါဘူး။ ခရီးသည်တွေကို အကြံပေးချင်တာကတော့ ဝန်ဆောင်မှုမကောင်းတဲ့ ယာဉ်မောင်းကို ကုမ္ပဏီကို ပြန်ပြီး Report လုပ်ဖို့ပါပဲ။

ရိုးရာလေး ပရိသတ်တွေရဲ့ တက္ကဆီစီးရတဲ့ အတွေ့အကြုံတွေကိုလည်း ပြောပြပေးဖို့ မျှော်လင့်နေပါတယ်။