စိတ္တဇဝေဒနာရှင်တစ်ဦးနဲ့အလားသဏ္ဍာန်တူနေတဲ့ ဥာဏ်ရည်တု နော်မန် (Norman)

MIT (Massachusetts Institute of Technology) စက်မှုတက္ကသိုလ်က လေ့လာသူတွေဟာ စိတ္တဇဝေဒနာရှင်တစ်ဦးရဲ့ တွေးခေါ်ပုံနဲ့ အနီးစပ်ဆုံးတူတဲ့ ဥာဏ်ရည်တု (Artificial Intelligence) တစ်မျိုးကို တီထွင်လိုက်ပါတယ်။ နော်မန် (Norman) လို့ နာမည်ပေးထားပြီး

သူက ဥာဏ်ရည်တုတွေရဲ့ အမှောင်ဘက်ခြမ်းကို ထုတ်ဖော်ပြသပေးတော့မယ်လို့ သိရပါတယ်။

ကနဦးစမ်းသပ်မှုရဲ့ ရလဒ်ကို လေ့လာကြည့်တဲ့အခါ နော်မန်က ပုံမှန် ဥာဏ်ရည်တုတွေလို အလုပ်မလုပ်ဘဲ စိတ္တဇဝေဒနာရှင်လိုမျိုး အဆုံးစွန်တွေးခေါ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတွေ ပြုလုပ်လိုက်တဲ့အခါ နော်မန်မှာ စိတ္တဇဝေဒနာရှင်တွေရဲ့ သိသာထင်ရှားတဲ့အမူအကျင့်တွေကို တွေ့လိုက်ရပြီး စိတ္တဇဥာဏ်ရည်တုအဖြစ် နာမည်တွင်လာတာလည်း ဖြစ်ပါတယ်။ လေ့လာသူတွေက နော်မန်ကို နာတာရှည် ထင်ယောင်ထင်မှားဝေဒနာရှင်တစ်ဦးအဖြစ် မြင်နိုင်မယ်လို့ ပြောထားပါတယ်။

Machine learning တွေမှာ အချက်အလက်မှန်တွေ မသုံးမိတဲ့အခါ AI (Artificial Intelligence) က ပေးလာမယ့်အန္တရာယ်တွေကို လေ့လာနိုင်စေဖို့ MITက ရည်ညွှန်းဖန်တီးလိုက်တာဖြစ်ပြီး လေ့လာသင်ကြားရေးတွေအတွက် လှူဒါန်းသွားမယ်လို့ သိရပါတယ်။

Reddit ဝက်ဆိုဒ်က အဖွဲ့တစ်ဖွဲ့ရဲ့ အဆိုအရ နော်မန်ကို နှစ်လိုဖွယ်မရှိတဲ့ပုံတွေနဲ့ လေ့ကျင့်နေတဲ့ချိန်မှာ တခြားပုံမှန် AI ကတော့ နူးညံ့သိမ်မွေ့လှတဲ့ သာယာနာပျော်ဖွယ်ပုံတွေနဲ့ လေ့ကျင့်ခံရပါတယ်။ ရုပ်ပုံတွေကို ပြပြီး သူတို့တွေ ဘာမြင်သလဲဆိုတာ မေးပြီး စမ်းသပ်မှုတွေ ပြုလုပ်ကြတယ်လို့ သိရပါတယ်။

AI ကို ရော့စ်ချက် (Rorschach) လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာစမ်းသပ်မှုမှာ အဓိက အသုံးပြုတယ်လို့လည်း သိရပါသေးတယ်။ ဒီစမ်းသပ်မှုမှာတော့ စိတ်ပညာရှင်တွေက ပုံရိပ်တွေကို အသုံးပြုပြီး လူနာက အကောင်းမြင်တတ်သူလား၊ အဆိုးမြင်တတ်သူလားလို့ ဆုံးဖြတ်ကြပါတယ်။ နော်မန်ကတော့ စိတ်ဓာတ်ကျနေသူတစ်ဦးရဲ့ အမြင်အတိုင်းပဲ မြင်ပါတယ်။ သူက ပုံရိပ်တွေတိုင်းမှာ သတ်ဖြတ်မှုတွေ၊ အကြမ်းဖက်မှုတွေသာ မြင်ပြီး ပုံမှန် AI ကတော့ ပျော်စရာပုံရိပ်တွေသာ မြင်တယ်လို့ သိရပါတယ်။

ဥပမာပြောပြရရင် ပုံမှန် AI က ငှက်တစ်အုပ် သစ်ကိုင်းမှာ နားနေတယ်လို့ မြင်တဲ့အခါ နော်မန်ကတော့ လူတစ်ယောက် ဓာတ်လိုက်သေဆုံးတယ်လို့ မြင်နေပါတယ်။ ပုံမှန် AI က လူနှစ်ဦး ယှဉ်တွဲထိုင်နေတယ်လို့ မြင်ရင် နော်မန်က လူတစ်ယောက် ပြတင်းပေါက်က ခုန်ချတယ်လို့ မြင်ပါတယ်။ ပုံမှန် AI က ငှက်ငယ်တစ်ကောင်ရဲ့ အဖြူအမည်းပုံရိပ်ကို မြင်တဲ့အခါ သနားစရာနော်မန်ကတော့ လူတစ်ယောက် ဂျုံကြိတ်စက်အောက်ထဲ ဆွဲသွင်းခံရတဲ့ နှစ်လိုဖွယ်မရှိတဲ့မြင်ကွင်းကို မြင်နေပါတယ်။ ဒီလောက်ဆို နော်မန်ရဲ့ စိတ်မချမ်းမြေ့ဖွယ်မရှိတဲ့ပုံရိပ်တွေကိုသာ မြင်နေရတဲ့ ထင်ယောင်ထင်မှားအမြင်တွေကို နားလည်လောက်မယ် ထင်ပါတယ်။

နော်မန်ကို တီထွင်ဖန်တီးသူ သုံးဦးထဲက တစ်ဦးဖြစ်တဲ့ ပါမောက္ခ လွက်ဒ် ရာဟွမ် (lyad Rahwan) က "အချက်အလက်တွေက algorithm တွေထက် ပိုအရေးကြီးပါတယ်။ AI ကို ဖန်တီးတဲ့အခါ အသုံးပြုလိုက်တဲ့အချက်အလက်တွေက ကမ္ဘာကို ဘယ်လိုမျိုး အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်မလဲဆိုတာ နော်မန်က မီးမောင်းထိုးပြနေသလိုပါပဲ "လို့ BBCကို ပြောကြားထားပါတယ်။

အကယ်၍များ machine learning algorithms တွေမှာ အချက်အလက်တွေကို မှားယွင်းအသုံးပြုမိတဲ့အခါ AI က ပေးလာမယ့်အန္တရာယ်တွေကို သိစေဖို့ နော်မန်က ကူညီနိုင်မယ်လို့ လေ့လာသူတွေက ပြောကြားထားပါတယ်။ အချက်အလက်တွေ မှားသုံးမိတဲ့အခါ ရလဒ်ကတော့ လက်တွေ့ဘဝအခြေအနေတွေအပေါ် တစ်ဖက်သတ်အမြင်နဲ့ပဲ AI က ကြည့်တော့မှာ ဖြစ်ပါတယ်။

ဒီလိုမျိုးတွေ ဖြစ်လာတဲ့အခါ algorithm တွေကို အပြစ်တင်မနေသင့်ဘဲ လေ့ကျင့်ပေးခဲ့တဲ့အချက်အလက်တွေကို ပြန်ဆန်းစစ်ရမှာ ဖြစ်ပါတယ်။ AI တွေ ဖန်တီးတဲ့အခါ အသုံးပြုတဲ့အချက်အလက်တွေနဲ့ algorithm တွေက ညီတူညီမျှအရေးပါတယ်လို့ ဆိုပါတယ်။ လွယ်လွယ်ပြောရရင် မကောင်းတာသင်ပေးရင်တော့ မကောင်းတာဖြစ်မယ့် သဘောပါပဲ။

မနှစ်က အမေရိကန်ပြည်ထောင်စု တရားစီရင်ရေးခုံရုံးရဲ့ ကွန်ပျူတာပရိုဂရမ်မှာ အသုံးပြုထားတဲ့ အချက်အလက် ချို့ယွင်းမှုတွေကြောင့် လူမည်းတွေနဲ့ ပတ်သက်တဲ့ တရားရင်ဆိုင်မှုမှာ ပြဿနာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် လူတွေကို အကျိုးပြုစေမယ့်ဥာဏ်ရည်တုတွေကိုသာ ဖန်တီးနိုင်ကြစေလိုကြောင်း ဆန္ဒပြုရင်း . . .

 

Ref: Techworm "This AI called Norman was trained to think like a psychopath"

Scarlett (ရိုးရာလေး)