ထားဝယ် ရှင်ကိုးရှင်မှ ဓာတ်တော်များ ဝဲပျံခဲ့သော ရှင်ဓာတ်ဝဲစေတီ

shin-datwal-06.jpg

ရှင်ဓာတ်ဝဲ စေတီသည် ထားဝယ်မြို့ မြောက်ဘက်ကနေ ရေးမြို့ သို့သွားတဲ့ ကားလမ်းအတိုင်း သွားရတဲ့ မောင်မယ်ရှောင် ကျေးရွာ အနီးတွင် တည်ရှိသည်။

ရှင်ဓာတ်ဝဲစေတီ၏ အတ္ထုပ္ပတ္တိကား ဒဏ္ဍာရီဆန်လှပါသည်။ ဖြစ်နိုင်သည် မဖြစ်နိုင်သည်ထက် ခရီသွားဆောင်ပါး ရာဇဝင် အတ္ထုပ္ပတိ အဖြစ်သာ ဖတ်စေချင်မိပါသည်။

မုဆိုးမောင်နွားသည် ဂိရိပစ္စယရသေ့ကြီး၏ တရားဓမ္မများ နာကြားပြီးသောအခါ စိတ်နှလုံးများ နူးညံ့လာပြီး မုဆိုးအလုပ်ကို စွန့်ပါယ်၍ ရသေ့ပြုလေသည်။ ဘွဲ့တော်မှာ ဂေါဝိန္ဒ တွင်လေသည်။ ဂေါဝိန္ဒရသေ့သည် ဆရာရသေ့ဆီမှ တရားကျင့်စဉ်များကို ကာလအတန်ကြာ သင်ယူပြီးနောက် ဖိုးသူတော်ကွာစိနှင့်အတူ ဣသိန္ဒြတောင်တွင် အမှီပြု သတင်းသုံးလေသည်။ ဂေါဝိန္ဒရသေ့ အမှီပြုနေထိုင်သောတောင်ဖြစ်၍ နောက်ပိုင်းတွင် မှီအုံးတောင် ဟု ပြောင်းလဲခေါ်ဝေါ်လာကြသည်မှာ ယနေ့တိုင်ဖြစ်သည်။

ဂေါဝိန္ဒရသေ့သည် မှီအုံးတောင် ပတ်ဝန်းကျင်ရှိ ရွာများတွင် ဆွမ်းခံပြီးလျှင် ဝေဿဝဏ္ဏ ကုန်းစပ်ရှိ ရေကန်တွင် ဆွမ်းဘုဉ်းပေးလေ့ရှိပြီး ထိုကန်တွင်ပင် ရေချိုးသုံးသပ်သည်။ စတုမဟာရာဇ်နတ်ပြည်မှ နတ်သမီးတစ်ပါးသည် ကုသိုလ်ကံ ကုန်၍ အကုသိုလ်ကံ အကျိုးပေးသဖြင့် နတ်သက်ကြွေကာ ထိုရေကန်တွင် ငါးခုံးမ ဖြစ်ရသည်။ တစ်နေ့သော် ရသေ့ကြီး ရေသုံးသပ်စဉ် ခန္ဓာကိုယ်မှ ထွက်သော အညစ်အကြေး အချို့ကို ငါးခုံးမကြီး စားမိသွားပြီး ပဋိသန္ဓေတည်လေသည်။ လစေ့သော် ညဉ့်တစ်ညဉ့်တွင် လူသား သားနှင့်သမီး အမွှာ မွေးဖွားပြီးနောက် သေဆုံးလေသည်။ ငါးခုံးမကြီးသည် သား၊ သမီး အစွဲဖြင့် မကျွတ်နိုင်ဘဲ ညတွင်းချင်းပင် ဂေါဝိန္ဒရသေ့အား အိမ်မက်ပေးသည်။

ရသေ့လည်း အိမ်ရာမှ နိုးပြီး တပည့်ကွာစိကို အဖော်ပြု၍ ဝေဿဝဏ္ဏကုန်းစပ် အနီးရှိ ရေကန်သို့ သွားကြည့်ရာ ကလေးအမွှာ နှင့်တကွ သေဆုံးနေသော ငါးခုံးမကြီး တစ်ကောင်ကို တွေ့ရ၏။ ရသေ့နှင့် ဖိုးသူတော်တို့လည်း မွေးကင်းစ ကလေးအမွှာနှင့် ငါးခုံးမသေကို ဆောင်ယူလျက် ကျောင်းသင်္ခမ်းသို့ ပြန်လာခဲ့ကြသည်။ ကလေးများအား မောင်ဇံ နှင့် မယ်ဇော (ရှင်ဇံ နှင့် ရှင်ဇော) ဟု အမည် ကင်းပွန်းမှည့်ခေါ်သည်။ ရသေ့ကြီးသည် အဓိဌာန်၍ လက်ညှိုးမှ နို့ရည်ထွက်စေပြီး ကလေးငယ်များအား မွေးမြူခဲ့ရသည်။ ငါးခုံးမ အသေကောင်အား တချိန်တွင် သက်သေပြုနိုင်ရန်အတွက် အခြောက်လှမ်းပြီး သားရိုး၊ သစ်စေးတို့ဖြင့် မံကာ ရွှေချလျက် အသမ္ဘိန္နဓာတ် ရိုက်၍ ကျောက်ဂူအတွင်း လုံခြုံစွာ ထားရှိလေသည်။ (မှတ်ချက်။ ။ ထိုငါးခုံးမ ရုပ်ဓာတ်ကို အစဉ်အဆက် ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြပြီး တပို့တွဲလပြည့်နေ့တွင် ကျင်းပသည့် ရွှေသာလျောင်းပွဲတော်ရက်၌ လူအများ ကြည့်ရှုနိုင်ရန် ပြသသည်။)

အနော်ရထာမင်းကြီး လက်ထက်၌ ရှင်အရဟံမထေရ်သည် ပုဂံပြည်ကြီးကို ထေရဝါဒ ဗုဒ္ဓသာသနာ လွှမ်းမိုးစေခဲ့သည်။ သာသနာ ထွန်းလင်းနိုင်မည့် တိုင်းနိုင်ငံများ နှင့် ဘုရားဒကာဖြစ်နိုင်သူများကို ဉာဏ်တော်ဖြင့် ကြည့်ရှုရာ မှီအုံးတောင်ရှိ မောင်ဇံ နှင့် မယ်ဇော တို့ မောင်နှမအား မြင်လေသည်။ ရှင်အရဟံမထေရ်သည် ထားဝယ်တိုင်း ကြက်ဥတောင်တွင် သီတင်းသုံးကာ မောင်ဇံနှင့်မယ်ဇော ထံကြွပြီး သုံးပါးသောသရဏဂုံနှင့် ငါးပါးသီလကို ခံယူစေသည်။ ပြီးနောက် မြတ်စွာဘုရား၏ စွယ်တော် (ရာဇဝင် စာစောင်တို့၌ ဆံတော်) တစ်ဆူကို ရေရှည် ကိုးကွယ်နိုင်ရန် အလို့ငှာ ပေးအပ်ပြီး ပြန်ကြွသွားလေသည်။

အမွှာ မောင်နှမလည်း ဓာတ်တော်ကို သူရသင့် ငါရသင့် အငြင်းပွားရာမှ ဂေါဝိန္ဒရသေ့လည်း ရှင်အရဟံ ရဟန္တာ ကြွလာကြောင်း သိရတော့သည်။ ရသေ့သည် ဓာတ်တော်ကို ယူဆောင်လျက် ရဟန္တာနောက်သို့ မှန်းဆပြီးလိုက်လေရာ ထိုအကြောင်းခြင်းရာကို ရှင်အရဟံမှ သိသဖြင့် ကျောင်တောင်ထိပ်တစ်ခုမှ ရပ်တန့် စောင့်နေလေသည်။ ထိုတောင်တွင် ရှင်အရဟံ ရပ်တန့်ခဲ့သဖြင့် ရပ်ခံတောင်ဟု ခေါ်လာကြပြီး ယခုတွင် ခံတောင်မြင့်ဟု ပြောင်းလဲ ခေါ်ဝေါ်လာကြသည်။ ရသေ့လည်း ရှင်အရဟံအား ဖူးတွေ့ရလျင် ဓာတ်တော်တစ်ဆူကြောင့် မောင်နှမ နှစ်ယောက် အငြင်းပွားနေရကြောင်း လျှောက်တင်ရာ ရှင်အရဟံမထေရ်မှ အဓိဌာန်၍ ဓာတ်တော် တစ်ဆူမှ နှစ်ဆူအဖြစ် ပွားစေပြီး ရသေ့လက်သို့ ပြန်အပ်လေသည်။ ရသေ့လည်း ဝမ်းသာ ကြည်နူးစွာဖြင့် နဖူးမြေထိ ရှိခိုး ကန်တော့လေသည်။ ရှင်အရဟံမထေရ်လည်း လာရင်း ကိစ္စပြီးမြောက်သဖြင့် ပုဂံသို့ ဈာဉ်ဖြင့် ပြန်ကြွလေသည်။ ရသေ့လည်း ဓာတ်တော် နှစ်ဆူကို မောင်နှမ နှစ်ယောက်အား တစ်ဆူဆီ ခွဲဝေပေးလိုက်သည်။

မောင်ဇံသည် မိမိရရှိသော ဓာတ်တော်တစ်ဆူကို စေတီတည်ရမည့် နေရာ ပြတော်မူရန် အဓိဌာန်ပြု၍ ကောင်းကင်သို့ ပစ်မြှောက်လေသည်။ ဓာတ်တော်သည် ဝေဿဝဏ္ဏကုန်းစပ်ရှိ ရေကန် အထက်၌ ဝဲပျံလေသည်။ ဓာတ်တော် ဝဲပျံခဲ့သည့် နေရာတွင်ပင် စေတီ တည်ခဲ့ပြီး ရှင်ဓာတ်ဝဲဟု ဘွဲ့တော် ဆက်ကပ်လေသည်။ တချို့က ရှင်ဓားဝဲ ဘုရား ဟုလည်း ခေါ်ကြပါသေးသည်။ ရှင်ဓာတ်ဝဲ စေတီကို နှစ်စဉ် တပို့တွဲ လပြည့်နေ့၌ ဘုရားပွဲကို ကြီးကျယ် ခမ်းနားစွာ ကျင်းပလေ့ရှိကြသည်။

Ref: ထားဝယ်ရာဇဝင် (ဆရာကြီးရွှေဝယ်ဧ)
Content & Photos: Stacy Chan
Stacy Chan (ရိုးရာလေး)
www.yoyarlay.com

‪#‎stacy_yyl‬
‪#‎tourism_yyl‬

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top