လက်နှစ်ဖက်မရှိပေမဲ့ စွမ်းဆောင်ရည်အပြည့်အဝရှိတဲ့ မမေဇင်အောင်ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ

ငယ်ငယ်က … အမိုးမလုံတဲ့ အိမ်လေးထဲမှာ … ငရုတ်သီးတစ်ဖတ်နှစ်ဖတ် ငံပြာရည်ကျဲကျဲနဲ့ စားခဲ့ရတဲ့ နေ့တွေကို လွမ်းပါတယ်။

သမီးတို့ ဘဝက ဒီလို စ ခဲ့တာနော် အဖေနဲ့ အမေ။ မောင်နှမ ငါးယောက်ထဲမှာ အငယ်ဆုံးသမီးလေး မို့ အဖေရော အမေရော အရမ်းချစ်ခဲ့လို့ သမီးက အရမ်းဆိုးခဲ့တယ်နော် … ဒါပေမဲ့ သမီး မိဘကို စိတ်ညစ်အောင်တော့ မလုပ်ခဲ့ဖူးပါဘူး သမီးဆိုးတာက နွဲ့ဆိုးပေါ့။ အမေ သမီး ဒီလို မသန်စွမ်းအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံပြီးမှ သိခဲ့ရတယ်။ အခြားမသန်စွမ်းတွေက အရမ်းကံဆိုးကြတယ်။ စာသင်ခွင့် မရကြဘူး။ လူကြားထဲ သွားလာခွင့် မရကြဘူး။ မိသားစုက အနိုင်ကျင့် ချိုးနှိမ် အိမ်တွင်းအောင်းခိုင်းခြင်း ခံခဲ့ရတယ်။ အမေ သမီးလေ … သိပ်ကံကောင်းခဲ့တယ်။ သမီးတို့ မိသားစုက ဆင်းရဲလိုက်တာနော် … ။ အဖေက ပင်လယ်ထဲမှာ ပင်ပင်ပန်းပန်း ငါးသွားရှာ၊ အမေက အိမ်မှာ သားသမီး (၅)ယောက်စားဖို့ချက်ပြုတ် လျှော်ဖွပ် … ။ ဒါပေမဲ့ အဖေ၊ အမေနဲ့ မောင်နှမတွေက သမီးကို သိပ်ချစ်တယ်။ ဘယ်နေရာဖြစ်ဖြစ် ပွဲထုတ်ချင်တယ်။ အိမ်ထဲမှာပဲ မထားဘူး။ စာတွေလည်း သင်ပေးတယ်။

သမီးမှတ်မိနေသေးတယ်။ အစ်ကိုက (၃)ယောက်နဲ့ အစ်မ (၁)ယောက် (သမီးမောင်နှမတွေ) ကျောင်းသွားတာ တွေ့တော့ သမီးအရမ်းကျောင်းတက်ချင်ခဲ့တယ်။ အဖေနဲ့ အမေက သမီးကို ရွယ်တူကလေးတွေ အနိုင်ကျင့်မှာ သိပ်စိုးတယ်လေ။ ဒီတော့ ကျောင်းလွှတ်ရမှာ စိတ်မချဘူး။ သမီး (၅)နှစ်အရွယ်မှာ သမီးကို စိတ်မချစွာနဲ့ပဲ ကျောင်းကိုလွှတ်လိုက်ပါတယ်။ ဒါပေမဲ့ စိတ်မချကြဘူး မလား။ သမီး ရက်အကြာကြီးမတက်လိုက်ရပါဘူး။ စိတ်မချဘူး စိတ်မချဘူးနဲ့ သမီး ကျောင်းတစ်နှစ်ပျက်လိုက်တယ်။ နောက်တစ်နှစ် သမီး ထပ်တက်တော့ အတန်းထဲက သူတွေထက် သမီးက တစ်နှစ်ကြီးနေတယ်လေ။ ဒီတော့ အဖေရော အမေရော သမီးကို စိတ်ချသလောက်ဖြစ်သွားတယ်။

အဲ့နှစ်မှာပဲ ပင်လယ်ဘက်မှာ ငါးသွားဖမ်းဖို့ အဖေနဲ့ (ဟိုင်းကြီးကျွန်းဘက်) လိုက်သွားတဲ့ အမေက သမီးကို အရမ်းသတိရ အရမ်းလွမ်းတာနဲ့ လာခေါ်လိုက်တာ သူငယ်တန်းစာမေးပွဲဖြေဖို့ (၂)ရက်အလိုမှာ အဖေနဲ့ အမေနောက် သမီးလိုက်ခဲ့ရတယ်။ သမီး ကျောင်းတစ်နှစ်အောက်ပြန်တယ်။ သမီးတို့ ပင်လယ်ဘက်က ပြန်လာတယ်။ သမီးတို့ ကံဆိုးတယ်နော် …။ သမီးတို့ ရွာကို ပြန်ရောက်တဲ့ ရက် (သင်္ကြန်အကြိုနေ့)မှာပဲ တစ်ရွာလုံးမီးလောင်သွားလို့ ဘာပစ္စည်းမှ မရှိတော့ဘဲ အားလုံး သုညက ပြန်စခဲ့ကြတယ်။ အရွယ်မရောက်သေးတဲ့ သားသမီး (၅)ယောက်အတွက် ရုန်းကန်ရတဲ့ အဖေနဲ့ အမေကို သမီး သိပ်သနားတယ်။ အစ်ကိုကြီးက (၆)တန်း၊ အစ်မက (၅)တန်း၊ အစ်ကိုလတ်နဲ့ အစ်ကိုငယ်က (၄)တန်း၊ အိုးမဲ့ အိမ်မဲ့ ဘာတစ်ခုမှ မရှိတော့ဘူး။ ကျောင်းတွေ ပြန်ဖွင့်တဲ့ အချိန်ရောက်တော့ သမီး ကျောင်းတက်ချင်တယ်။ သမီးလိုပဲ အစ်ကိုတွေနဲ့ အစ်မလည်း ကျောင်းတက်ချင်မှာပေါ့။ မောင်နှမ (၅)ယောက်လုံးကို ကျောင်းထားမပေး နိုင်ဘူး။ အဲ့အချိန်မှာ အဖေနဲ့ အမေ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။ သမီးတစ်ယောက်တည်းကိုပဲ ကျောင်းထားတော့မယ်လို့။

သမီးထက် အကြီး (၄)ယောက် ကျောင်းထွက်ပြီးမှ သမီး ကျောင်းတက်ခွင့်ရခဲ့လို့ သမီးပိုကြိုးစားခဲ့တယ်။ သူငယ်တန်း အောင်တော့ သမီး ပထမဆုရခဲ့တယ်နော်။ ပထမတန်းရောက်တော့ မရိုးသားတဲ့ ဆရာမတစ်ယောက်ကြောင့် သမီး ပထမဆု ကနေ တတိယဆုကို ပြောင်းသွားတယ်။ ဒါတွေ ထားလိုက်ပါတော့မယ်လေ။ သမီး အတန်းတိုင်း ပထမ၊ ဒုတိယ၊ တတိယရခဲ့တယ်။ ရွာကျောင်းမှာ ပြိုင်တဲ့ အဆိုပြိုင်ပွဲ၊ ဇာထိုးပန်းထိုးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတွေမှာလည်း သမီးဆုတွေရခဲ့တာပဲ။ နှစ်တိုင်းရဲ့ဆုပေးပွဲတိုင်းမှာ အဖေနဲ့ အမေ ဂုဏ်ယူစွာတက်ခွင့်ရခဲ့တယ်။ သမီးတော်လို့ မဟုတ်ပါဘူး။ အဖေနဲ့ အမေရဲ့ ပံ့ပိုးမှုကောင်းလို့ပါ။ သမီးနှစ်တိုင်းဆုရတော့ သမီးကို လုံး၀ကြည့်မရတဲ့ အတန်းဖော်တစ်ယောက်က ပြောတယ်။ “နင်နှစ်တိုင်းဆုရတာ နင့်အဖေနဲ့ အမေက ဘာမှ မဝယ်ပေးဘူးလား။ ငါ့ မိဘတွေဆို ငါသာ အဲ့လိုဆုတွေရရင် ငါ့မိဘက ငါကြိုက်တာ ဝယ်ပေးမယ်လို့ ပြောတယ်။ နင့် အိမ်က ဘာပေးလဲ” လို့မေးတယ်။ သမီးလည်း ပြောလိုက်တာပေါ့။ “ငါ့ အဖေနဲ့ အမေက ဘယ်သူနဲ့ မှမတူတဲ့ မေတ္တာမျိုးတွေပေးတယ် အဲ့ဒါ ငါ့အတွက် အဖိုးအတန်ဆုံးပဲ ” လို့။
သမီး ဘဝမှာ ဘယ်တုန်းကမှ လောင်းရိပ်မမိခဲ့တာကို သမီးအမြဲကျေနပ်တယ်။ သမီးဘဝကို သမီးအမြဲ ဆုံးဖြတ်ခွင့်ရတဲ့ အတွက် အဖေနဲ့ အမေကို သမီးအမြဲကျေးဇူးတင်တယ်။ သမီး ဘာလုပ်လုပ် တင်းတင်းကြပ်ကြပ် တားမြစ်တာမျိုးမဟုတ်ဘဲ။ အဆိုးအကောင်း လမ်းကြောင်းချပြပြီး ကိုယ့်ဘာသာရွေးချယ်တတ်အောင် သင်ပေးတဲ့ အဖေ့ကို သမီး အမြဲကျေးဇူးတင်နေတယ်။ သူများပြောလို့ လုပ်လိုက်ရတာထက် ကိုယ့်ဘာသာရွေးချယ်ပြီးမှ ရလာတဲ့ ရလာဒ်ကို ဆိုးဆိုးဖြစ်ဖြစ် ကောင်းကောင်းဖြစ်ဖြစ် သမီးပိုနှစ်သက်တယ်။ ကိုယ့်ကိုယ်ကို ဘာလို့ဒီလောက်ယုံကြည်ရလဲ ဆိုတဲ့ လူတွေရဲ့ အမေးတိုင်းမှာ အဖြေကတော့ အဖေနဲ့ အမေကြောင့်ပါပဲ။ အဖေနဲ့ အမေက သမီးဆို သိပ်ယုံကြတယ်နော်။

ဗိုလ်ချုပ်အောင်ဆန်းကို သမီး အရမ်းလေးစားအထင်ကြီးတယ် အဖေ။ ဒါပေမဲ့ အလယ်တန်းထိပဲ ကျောင်းနေခဲ့ရပြီး မိသားစုကို သားသမီး (၅)ယောက်အခုလောက်ဖြစ်လာအောင် ပြုစုပျိုးထောင်ခဲ့တဲ့ အဖေ့ကို လေးစားအထင်ကြီးတာလောက်တော့ ဘယ်မှီမလဲ အဖေ။ ဘွဲ့တွေ တသီကြီးယူပြီး သိပ်ကို ထက်မြက်လွန်း ဆရာဝန်မကြီးတွေကို သမီး သိပ်အားကျပါတယ်။ ဒါပေမဲ့ သားသမီးငါးယောက်ကို ဒီလိုအခြေနေရောက်အောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ အမေ့ကို အထင်ကြီးအားကျတာလောက်တော့ ဘယ်မှီမလဲအမေ … ။

ရိုးရာလေးမှဖြည့်စွက်ချက် – လက်နှစ်ဖက်မရှိပေမဲ့ ပုသိမ်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး လုပ်ငန်းခွင်ကို ဝင်ရောက်လုပ်ကိုင်ခဲ့ကာ ယခုအခါမှာတော့ ပျော်ရွှင်တဲ့မိသားစုဘဝကို တည်ဆောက်ရင်း ချစ်စဖွယ်သမီးလေး၊ ခင်ပွန်းသည် ကိုဟိန်းဝဏ္ဏကျော်၊မိဘနှစ်ပါးနဲ့ အတူ ရန်ကုန်မှာ ပျော်ရွှင်စွာနေထိုင်လျှက်ရှိပါတယ်။ မမေဇင်အောင်ရဲ့ facebook link က https://www.facebook.com/mayzin.aung.90 ဖြစ်ပါတယ်။ မမေဇင်အောင်ဟာ အခုချိန်မှာ Pinky May Online Shop https://www.facebook.com/PinkyMayOnlineShop/?ref=br_rs ကို ထူထောင်ပြီး အောင်မြင်တဲ့လုပ်ငန်းလေးကို စိတ်အားထက်သန်စွာ လုပ်ဆောင်လျှက်ရှိပါတယ်။ နေမင်း၊ မယ်လိုဒီတို့နဲ့အတူ သူမပါဝင်ရိုက်ကူးထားတဲ့ ရေဆန်စီးတဲ့မြစ် (မသန်ပေမယ့် စွမ်းပါတယ်) ဇာတ်လမ်းတိုကို Youtube https://www.youtube.com/watch?v=Z1KQfpBXvRk မှာကြည့်ရှုနိုင်ပါတယ်။ သူမကို ခင်မင်လိုသူများ အားလုံးကို သူမက ကျေးဇူးတင်စွာနဲ့ ခင်မင်ပါကြောင်း ရိုးရာလေးကို ပြောကြားခဲ့ပါတယ်။

 

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top