အသက်မပြည့်ကလေးကို အိမ်ဖော်ပေးသူ၊ ယူသူ အကုသိုလ်လူသားများ

teenaged-girl-smiling-at-the-camera-P8Z6WH6-e1563698156897.jpg

မိဘကျေးဇူးဆိုတာ အင်မတန်ကြီးမားတယ်လို့ ဆိုပေမယ့် ငရဲအိုး ဂျိုးကပ်မယ့် မိဘမျိုးတွေလည်း ရှိပါတယ်။ ယင်းကတော့ အသက်မပြည့် သေးတဲ့ နုနုနနယ် ကလေးကို မိမိ စားရဖို့ သောက်ရဖို့အတွက် မတော်မတရား ခိုင်းစေ အလုပ် လုပ်စေခြင်း ဖြစ်ပါတယ်။ မြန်မာပြည်လို ဆင်းရဲတဲ့ တိုင်းပြည်မှာ အဖြစ်များပါတယ်။

ဆင်းရဲမွဲတေမှုကြောင့် သားသမီးကို သူတပါးလက်ထဲ မဖြစ်မနေ ထိုးအပ်ရတဲ့ အဖြစ်ဆိုးတွေ ကြုံနေရတာ ရှိပေမယ့် ကိုယ့်သားသမီး ဘယ်လို ဆက်ဆံခံနေရသလဲ၊ နှိပ်စက်ခံနေရသလားဆိုတာကိုတော့ မပျက်မကွက် စစ်ဆေးဖို့ ကောင်းတယ် မဟုတ်လား။ တချို့မိဘတွေဆိုရင် ကလေးအခြေအနေ စိတ်မဝင်စားဘဲ တောရွာကနေ တက်လာပြီး အိမ်တစ်အိမ် သို့မဟုတ် စက်ရုံတစ်ရုံမှာ အပ်ခဲ့ပြီး ရတဲ့ လခတွေကို လစဉ် ထိုင်ယူတာမျိုးတွေ ရှိနေတယ်။ အချို့ကျတော့ တစ်နှစ်စာ လစာဆိုပြီးတော့တောင် ထုတ်သွားသေးတယ်။

တောရွာမှာ ဖြစ်ကတတ်ဆန်း စားသောက်နေရတာထက်စာရင် တို့ မြို့အိမ်မှာ ခေါ်ခိုင်းတာ ပိုကောင်းပါတယ်လို့ထင်နေပါသလား။ ကိုယ့်သားသမီးကို သူများအိမ်မှာ သေသေရှင်ရှင် တစ်ချက်မှပြန်မကြည့်ဘဲ ကျွန်အဖြစ် နေရစ်တော့လို့ ပို့သင့်ပါသလား။ ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ အစရှိသဖြင့် မိဘဝတ်တွေ၊ ဖခင်ဝတ်၊ မိခင်ဝတ်တွေကို အပြည့်အဝ မကျေပွန်နိုင်ရင်တောင် ကိုယ့်သားသမီး တပါးသူလက်မှာ အနှိပ်စက်ခံစေဖို့အတွက် မဆင်မခြင် ပေးလွှတ်သင့်ပါသလား။

ကလေး နုနုနယ်နယ်ကလေးတွေကို မွေးထားပြီး ကိုယ့်အတွက် မညှာမတာ ပိုက်ဆံရှာ ခိုင်းတာဟာ တိရစ္ဆာန်တွေထက် ပိုပြီးတော့ နိမ့်ကျပါတယ်။ ယင်းအခိုင်းခံမယ့် ကလေးတွေကို အရွယ်ရောက်ပြီး လုပ်သားထက် အများကြီး ပိုနိမ့်တဲ့ ဈေးနဲ့ ရတာမို့ အိမ်ခေါ်တင်ပြီးမှ မတန်တဆခိုင်းစေကြတဲ့ လူတွေဟာလည်း လူသားချင်း စာနာစိတ်၊ ကိုယ်ချင်းစာစိတ် ကင်းပါးတာကြောင့် အကုသိုလ် အကျင့်တစ်ခု လုပ်ဆောင်နေခြင်း ပါပဲ။ အသက် ၁၈ မပြည့်သူတိုင်းဟာ အသက်မပြည့်သူများ ဖြစ်ပါတယ်။ အသက် ၁၆ မပြည့်သေးရင် ခိုင်းရန်မသင့်တဲ့ အလုပ်များဆိုပြီးတော့လည်း အလုပ်သမား ဥပဒေအရ တားမြစ်ချက်တွေ များစွာရှိပါတယ်။

အိမ်ဖော်၊ အိမ်အကူ ဆိုတာ ကူဖော်လောင်ဖက်ရရန် ဖြစ်ပါတယ်။ နှိပ်စက်ရန် မဟုတ်ပါဘူး။ ပြောတာဆိုတာ မတတ်လို့ သွန်သင်ရင်တောင် လက်နဲ့ ထိတွေ့ ရိုက်နှက်ခြင်း၊ စကားဖြင့် အသက်အန္တရာယ် ခြိမ်းခြောက်ခြင်းတွေဟာ ပြစ်မှု မြောက်ပါတယ်။ မဖြစ်မနေ အိမ်အကူ ခေါ်ရလို့ ကလေးတွေ ခေါ်ရပြီဆိုရင်တောင် မိမိက အသက်မပြည့်သေးသူကို ခေါ်ကျွေး ပြုစုရတယ်လို့သာ မှတ်ယူပြီးတော့ ခိုင်းတာထက် ပြုစု ပျိုးထောင်တာကို ပိုလုပ်ပေးရမှာပါ။ ဒီလိုမဟုတ်ပဲ လက်ကို ကျိုးအောင် ရိုက်တာတို့။ ကတ်ကြေးနဲ့ထိုးတာတို့။ ကြိုးနဲ့တုတ်တာတို့ဟာ လူသားမဆန်တဲ့ ကမ္ဘာဦး အရိုင်းလူသားတွေရဲ့ လုပ်ရပ် ဖြစ်ပါတယ်။ ပါးစပ်ကသာ ဘုရားစာ ဆိုကောင်းဆိုနေပါမယ်။ မိမိရဲ့ လုပ်ဆောင်ချက်ဟ ငရဲဘဝက နောင်သံသရာတိုင် ကျွတ်မှာမဟုတ်ကြောင်း အလုပ်က သက်သေပြနေပါတယ်။

ဇီးကွက် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top