ကမ္ဘာ့ ခရီးသွားလာမှု သမိုင်းအကျဉ်း

rome-city-with-ancient-theatre-of-marcellus-PA3UYNN.jpg

အားလပ်ရက် ခရီးသွားလာမှုဟာ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင် မတိုင်မီကတည်းက ပေါ်ပေါက်ခဲ့တယ်။ ပူပြင်းတဲ့ နွေဥတုရောက်တိုင်း ချမ်းသာကြွယ်ဝတဲ့ ရှေးခေတ် ရောမလူမျိုးတို့က အပူရှောင် ခရီးသွားလာရာမှ ခရီးသွားလာမှုလုပ်ငန်း စတင်ခဲ့တယ်။
အပူရှောင် ခရီးအဖြစ် ရောမသားတို့က ကျေးလက်ဒေသနဲ့ ပင်လယ်ကမ်းခြေဒေသတို့ကို ရွေးချယ်ခဲ့ကြပြီး ကျေးလက်နဲ့ကမ်းခြေနေ ပြည်သူတို့က အလည်လာသူ ရောမသားတို့အတွက် စားကောင်းဖွယ်ရာတို့ ချက်ပြုတ်ကျွေးခြင်း၊ နေထိုင်ရန် အိမ်ယာတို့ ဆောက်လုပ်ပေးခြင်းဖြင့် အပိုဝင်ငွေ စုဆောင်းရရှိခဲ့တယ်။ ရောမအင်ပါယာ ပျက်သုဉ်းခြင်းနဲ့အတူ ရောမ ခရီးသွားလုပ်ငန်းတို့ နေဝင်ခဲ့ပြန်တယ်။

အေဒီ ၁၁၀၀ မှ ၁၄၀၀ ခန့် အလယ်ခေတ် ကာလတွင် ခရစ်တော် ဖွားမြင်ရာ အရှေ့အလယ်ပိုင်းဒေသသို့ ဘုရားဖူး ခရီးသွားလာခြင်း ပေါ်ပေါက်လာတယ်။ ဘုရားဖူး ပြည်သူတို့က မြင့်မြတ်ရာဌာနေ “ဂျေရုစလာမ်” သို့ သွားရောက် လည်ပတ်ကြပြီး “အင်း” လို့ ခေါ်တဲ့ တည်းခိုခန်းများတွင် ခေတ် တနေထိုင်ကြတယ်။ ထိုခေတ် တည်းခိုခန်းတို့ရဲ့ အခင်းအကျင်း အစီအမံ ကောင်းမွန်မှုကြောင့် ဘုရားဖူးတို့ စိတ်ကြည်နူးခဲ့ရတယ်။ ထိုအချိန်တွင် “အင်း” လို့ခေါ်တဲ့ တည်းခိုခန်းတို့ နေရာအနှံအပြား ရှိနှင့်နေပါပြီ။

၁၈ ရာစုမှာ ခရီးသွားလုပ်ငန်းတို့ ပြန်လည် ဦးမော့လာခဲ့ပြီ။ ဥရောပမှ ကြွယ်ဝသူတို့ရဲ့ အပန်းဖြေရန်၊ ဓလေ့ထုံးတမ်းတို့ လေ့လာရန်နဲ့ ကျန်းမာရေး လိုက်စားရန်တို့အတွက် တောင်ပေါ် အပန်းဖြေစခန်းမြို့တို့နဲ့ ပင်လယ်ကမ်းခြေ အနားယူစခန်းမြို့တို့ကို ခရီးသွားလာကြပြီး ချမ်းသာတဲ့ အင်္ဂလိပ် လူမျိုးတို့ရဲ့ အနှစ်သက်ဆုံး ခရီးသွားနိုင်ငံက အီတလီဖြစ်ခဲ့တယ်။ အီတလီလူမျိုးတို့ရဲ့ ပန်းပု သုခုမအနုပညာ၊ ကမ္ဘာကျော် ရေဆေးပန်းချီ အလှတို့နဲ့ ရှေးခေတ် ဗိသုကာ လက်ရာမြောက်လှတဲ့ အဆောက်အဦတို့ကြောင့် ထုံးတမ်း ယဉ်ကျေးမှုတို့ကို မြတ်နိုးတဲ့ အင်္ဂလိပ်တို့ အီတလီနိုင်ငံကို သဘောတွေ့ မနှောခွေ့ပြီး မကြာခဏ သွားရောက်ပါတော့တယ်။

စက်မှုယဉ်ကျေးမှု ထွန်းကားခြင်းနဲ့အတူ ၂၀ ရာစုမှာ ဥရောပသားတို့ ပိုမိုချမ်းသာလာကြပါပြီ။ ခရီးတွေလဲ ပိုသွားလာကြပါပြီ။ ဟိုတယ်တွေလဲ နေရာအနှံ့ ရှိနေပါပြီ။ ၁၉၆၀ ဝန်းကျင်ခန့်တွင် ပိုမြန်ဆန်၊ ပိုသက်တောင့်သက်သာရှိတဲ့ ပုဂ္ဂလိက လေကြောင်းလိုင်းတို့ကို ကမ္ဘာလှည့် ခရီးသည်တွေ ပိုအသုံးပြုလာကြပါပြီ။ ထိုခေတ်က ကမ္ဘာလှည့် ခရီးသည်တို့ သဘောအကျဆုံးနိုင်ငံတွေက ပြင်သစ်ပြည်နဲ့ စပိန်နိုင်ငံတို့ပါပဲ။

ဒီနေ့ခေတ် ဥရောပ ကမ္ဘာလှည့် ခရီးသည်တွေအကြား အီတလီ၊ ပြင်သစ်၊ စပိန်နိုင်ငံတို့က ရေပန်းအစားဆုံးပါ။ အမေရိကန်ပြည်ထောင်စုကတော့ တိုင်းတပါးကလာတဲ့ ဘဝ ရည်မှန်းချက်ကြီးသူတို့ကို အဆွဲဆောင်ဆုံး နိုင်ငံပါပဲ။ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကို တိုင်းပြည်ရဲ့ အဓိက ဘဏ္ဍာအဖြစ် သတ်မှတ်တဲ့ နိုင်ငံ အများအပြား ရှိနေပါပြီ။ ထိုနိုင်ငံတို့ရဲ့ ခေတ်ဆန်တဲ့ အပန်းဖြေစခန်းတွေ ကြယ်ငါးပွင့် ဟိုတယ်ကြီးတွေနဲ့ စိတ်လှုပ်ရှားဖွယ် ရှုမျှော်ခင်းတွေက ကမ္ဘာလှည့် ခရီးသွားတို့ရဲ့ ပိုက်ဆံတွေကို အမိအရ ဆွဲဆောင်နေဆဲပါ။

ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကို မီးခိုးမထွက်တဲ့ စက်ရုံ အလုပ်ရုံတွေအဖြစ် ကမ္ဘာ့နိုင်ငံအသီးသီးက ခံယူထားကြပါပြီ။

သူရပိုင်စိုး  (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top