စွန့်ပစ်ရမယ့် အရာ (၈) ခု

pexels-photo-4-e1564480698538.jpg

အိမ်မှာ အမှိုက်တွေ ရှုပ်ပွနေမယ်ဆိုပါစို့။ မစွန့်ပစ်ဘဲ ထားမယ်ဆိုရင် အဲဒီ အမှိုက်တွေကို မြင်နေရတာ စိတ်မကြည်မလင် ဖြစ်လာမယ်၊ အနံ့အသက်ကြောင့် မွန်းကြပ်လာမယ်။ ရေရှည်မှာ ပတ်ဝန်းကျင် မသန့်ရှင်းမှုကြောင့် ရောဂါတွေတောင် ဖြစ်လာနိုင်ပါသေးတယ်။ အဲဒီ နည်းတူပါပဲ။ လူကို ဆုတ်ယုတ် ပျက်စီးစေတဲ့ အမူအကျင့်တွေ ရှိနေပါတယ်။ အဲဒီ အရာတွေကို အမှိုက်လို စွန့်ထုတ်ပစ်မှသာ ပိုကောင်းတဲ့ အကျိုးရလဒ်တွေကို ကြုံရ၊ ခံစားရမှာပါ။ စွန့်ပစ်ရမယ့် အရာ (၈) ခု ရှိပါတယ်။

ဆင်ခြေ တွေကို စွန့်ပစ်ပါ

ဆင်ခြေပေးတတ်တဲ့ အကျင့်ကို စွန့်ပစ်ပါ။ ပြဿနာတွေအတွက် အဖြေရှာဖို့ မကြိုးစားဘဲ ပြီးစလွယ် ဆင်ခြေပေးတတ်တဲ့ လူတွေကို လူအများက သဘောမကျပါဘူး။ ပိုဆိုးတာက ဆင်ခြေပေးသူ မှာလည်း ကိုယ့်ရဲ့ မရိုးသားမှု ကို ကိုယ်တိုင် ပြန်သိနေရတဲ့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှု ကျဆင်းပါတယ်။

ပြီးပြည့်စုံမှ ကျေနပ်နိုင်မယ် ဆိုတဲ့ စိတ်ကို စွန့်ပစ်ပါ

ဘာမှ မဟုတ်တဲ့ အသေးစား အမှားအယွင်း တစ်ခုတစ်လေ ပါလာရင်တောင် စိတ်ထဲ အဆင်မပြေဖြစ်တတ်တဲ့ လူစားတွေကို ကျွန်တော်တို့ တွေ့ဖူးပါတယ်။ ရည်ရွယ်ထားတဲ့ အတိုင်း အတိအကျ ဖြစ်မလာတဲ့ အခါ လူဟာ စိတ်ဖိစီးမှုတွေ ရှိလာပါတော့တယ်။ အဲဒီ စိတ်ဖိစီးမှုတွေကို မထိန်းကွပ်နိုင်ရင် ရှေ့ဆက်လုပ်ဆောင်ရမယ့် အလုပ်တွေမှာပါ အထိအခိုက်များပါလိမ့်မယ်။

အကြောက်တရားကို စွန့်ပါ

ကိုယ့်ကိုယ်ကို သိမ်ငယ်တဲ့ စိတ်၊ ညှိုးငယ်တဲ့ စိတ်နဲ့ မပြောရဲ၊ မဆိုရဲ၊ မသွားရဲ၊ မလာရဲ ဖြစ်နေရင် ရနိုင်မယ့် အခွင့်အလမ်းတွေ အများကြီး ဆုံးရှုံးကုန်မှာပေါ့။ မှန်ကန်တဲ့ သတ္တိကို မွေးပါ။ ပြောဖို့ဆိုဖို့ မကြောက်ပါနဲ့။

အရာရာအပေါ် လွှမ်းမိုး ချုပ်ကိုင်ချင်စိတ်ကို စွန့်ပါ

နေရာတိုင်းမှာ ကိုယ့်လက်ကိုယ့်ခြေ ကိုယ်တိုင် လုပ်ကိုင်ရမှ အားရသူတွေ ရှိတယ်။ ရေရှည်မှာ ပင်ပန်းပါတယ်။ ကိုယ်တိုင် မဖြစ်မနေ လုပ်စရာ မလိုတဲ့ ကိစ္စတွေအတွက် တခြားသူတွေဆီ အကူအညီတောင်းကြည့်ပါ။ သူတို့မှာ လိုအပ်ချက်တွေ ရှိနေရင်လည်း ထောက်ပြပြီး မျှဝေပေးကြည့်ပါ။

တရားသေ စွဲမှတ်ထားတတ်တဲ့ အကျင့်ကို စွန့်ပစ်ပါ

တယူသန်သူတွေဟာ ကိုယ့်အမြင်က လွဲရင် အကုန်မှားတယ်လို့ ယူဆထားတတ်ကြပါတယ်။ တကယ်တမ်းမှာ ကိစ္စတိုင်းကို ဘက်စုံထောင့်စုံက ရှုမြင်နိုင်ဖို့ အရေးကြီးပါတယ်။

နေ့ချင်းညချင်း အောင်မြင်ချင်စိတ်ကို စွန့်ပစ်ပါ

ကိုယ့်ပတ်ဝန်းကျင်က အောင်မြင်သူတွေကို ငေးပြီး သူတို့ရဲ့ အောင်မြင်မှုကို အားကျတာတွေ ဖြစ်ဖူးမှာပါ။ ဒါပေမဲ့ သူတို့ရဲ့ ဖြတ်သန်းလာခဲ့တဲ့ လမ်းကြောင်းတွေ၊ သူတို့ကို ပံ့ပိုးပေးနေတဲ့ ကျောထောက်နောက်ခံ အခြေအနေတွေကို မြင်မိဖို့ ခဲယဉ်းပါတယ်။ အဲဒီလို မမြင်မိဘဲ မျှော်မှန်းချက် အကြီးစားတွေထားပြီး ခဏတွင်းချင်း အောင်မြင်မယ် တွေးထားမယ်ဆိုရင် နောက်ဆုံးမှာ ဖြစ်မလာတဲ့အခါ စိတ်ပျက်ရမှာပါ။

အဆိပ်အတောက်ဆန်တဲ့ လူတွေကို ဘဝထဲက ထုတ်ပယ်ပစ်၊ စွန့်ပစ်လိုက်ပါ

ကိုယ့်ကို တကယ်တမ်း နားမထောင်ဘဲ အပြစ်မြင်သူတွေ၊ ကိုယ့်ဘဝကို အောက်ကျနောက်ကျ ဖြစ်အောင် ဆွဲချတတ်သူတွေ ရှိပါတယ်။ အဲဒီလူတွေနဲ့ ဝေးနိုင်သမျှဝေးအောင် နေပါ။ ကိုယ့်ကို ချစ်ခင် ဂရုစိုက်တဲ့၊ ပိုကောင်းမွန်အောင် ဖန်တီးကူညီပေးနိုင်တဲ့ လူတွေနဲ့သာ နေထိုင်ပါ။

အမြဲ “ဟုတ်ကဲ့ “ လုပ်နေတတ်တဲ့ အကျင့်ကို စွန့်ပစ်ပါ

တစ်ခါတစ်လေမှာ အားနာစိတ်၊ သိမ်ငယ်စိတ်တွေကြောင့် ကိုယ် အဆင်မပြေတာကို အများကို အသိမပေးဘဲ ကြိတ်ဖြေရှင်းတတ်သူတွေ ရှိပါတယ်။ အစောကတည်းက ပွင့်ပွင့်လင်းလင်း ရင်ဆိုင်ဖြေရှင်းတာဟာ အကောင်းဆုံးနည်းပါပဲ။ ငြင်းစရာရှိရင် ငြင်းပစ်ပါ။

Ref: Lifehacks; “Removing These 8 Things From Life Can Make You More Successful“

ကျော်သန့် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top