ဗုဒ္ဓနည်းကျ ဘဝအောင်မြင်ရေး

winning-and-success-victorious-female-person-on-PE4Z5V6-e1564575941213.jpg

မြတ်စွာဘုရားက “ယုံကြည်၊ ကျန်းမာ၊ ဖြောင့်မှန်စွာ၊ ပညာ၊ ဝီရိယ“ ဆိုတဲ့ အချက်တွေကို တရားကျင့်သူ ယောဂီတွေ လိုက်နာရမယ့် အချက်တွေအဖြစ် ဟောကြားခဲ့ပါတယ်။တကယ်တမ်းမှာ ဒီအချက်တွေဟာ တရားကျင့်သူတွေအတွက်သာ မကဘူး။ ပညာဆည်းပူးသူတွေ၊ လုပ်ငန်းခွင်မှာ တိုးတက်ဖို့ စီမံတည်ဆောက်နေသူတွေအတွက်ပါ အကျိုးများလှပါတယ်။

ယုံကြည်ဖို့

ကိုယ် မယုံကြည်တာကို လုပ်နေရပြီ ဆိုရင် အလုပ်အပေါ် ချစ်မြတ်နိုးစိတ် ရှိမှာမဟုတ်ဘူး။ အလုပ်ကို မချစ်တဲ့သူဟာ သာမန် လုပ်ကိုင်မှုလောက်နဲ့ပဲ ကျေနပ်နေမှာ ဖြစ်ပြီး သူ့မှာ လေ့လာချင်စိတ်၊တိုးတက်ချင်စိတ်လည်း ရှိမှာ မဟုတ်ပါဘူး။ ကိုယ် ဒီအလုပ်နဲ့ အောင်မြင်ချင်တယ် ဆိုရင် ကိုယ့်ကိုယ်ကို ပြန်မေးရမှာက “ဒီအလုပ် အပေါ် ယုံကြည်သလား။ ဒီ အလုပ်ရဲ့ စစ်မှန်မှု၊ အကျိုးဖြစ်ထွန်းနိုင်မှုကို ယုံကြည်သလား။ ကိုယ့် ကိုယ်ကိုရော အလုပ်နဲ့ ပတ်သက်ပြီး ယုံကြည်မှု အလုံအလောက် ရှိနေသလား “ ဆိုတာတွေပဲ။

ကျန်းမာဖို့

ကျန်းမာရေး ဆိုတာလည်း အထူးအရေးပါတယ် ဆိုတာကို ငြင်းမရပါဘူး။ ကိုယ်တိုင်က မကျန်းမာရင် ကိုယ်လုပ်ချင်တာတွေ ဖြစ်မြောက်အောင် လုပ်ဖို့က ခဲယဉ်းလွန်းပါတယ်။ ရည်မှန်းချက်တစ်ခုခုကို အကောင်အထည်ဖော်နေတဲ့ အချိန် ၊ ပညာရပ်တစ်ခုခု တတ်မြောက်ကျွမ်းကျင်အောင် သင်ယူနေတဲ့ အချိန်တွေဆိုရင် ကိုယ့်ရဲ့ ကျန်တဲ့ အပျော်အပါးတွေ၊ နေထိုင်မှုပုံစံတွေကြောင့် ကျန်းမာရေးကို မထိခိုက်အောင် ဂရုစိုက်ရမှာပါ။

ရိုးသားဖြောင့်မတ်ဖို့

ဒီမှာတော့ ရိုးသားဖြောင့်မတ်ဖို့ ဆိုတာက သာမန်လူ့ကျင့်ဝတ်အနေနဲ့ ရိုးသားတာထက်ကို ပို ပါတယ်။ အတတ်ပညာနဲ့ ဆိုင်တဲ့ အလုပ်နဲ့ ဆိုင်တဲ့ ရိုးသားဖြောင့်မတ်မှုမျိုး ရှိရမှာပါ။ ကိုယ် ကြိုးစားနေတာက ထိရောက်မှု ရှိမရှိ ၊ ကိုယ့်ကိုယ်ကို အသိဆုံးဖြစ်ပေမယ့် တခါတခါမှာ ကိုယ့်ကိုယ်ကို လိမ်ညာနေတာတွေ ရှိတတ်ပါတယ်။ မချွင်းမချန်ရိုးသားပါ။ မှားရင်တောင်မှ ဝန်ခံရဲ၊ တာဝန်ယူရဲတဲ့ စိတ်ကို မွေးပါ။

ပညာနဲ့ ဆင်ခြင်ဖို့

“ကြိုးစားရင် ဘာမဆို ဖြစ်တယ်“ လို့ လူတွေ ပြောတတ်ကြပေမယ့် တကယ်တမ်း တိုးတက်ဖို့ ဆိုတာက ကိုယ့်ရဲ့ ကြိုးစားမှုလမ်းကြောင်းကို အစဉ်သဖြင့် ပြန်လည်ဆန်းစစ်နေဖို့ ၊ ဆင်ခြင်နေဖို့ လိုပါတယ်။ ကိုယ့်ရဲ့ ကြိုးစားမှုဟာ ကာလဒေသနဲ့ ကိုက်ညီရဲ့လား၊ လက်တွေ့ ကျရဲ့လား၊ အခါ အခွင့်ကို လိုက်ပြီး ဒီထက်ကောင်းအောင် လုပ်နိုင်တာ ရှိသေးသလား ဆိုတာကို ဆင်ခြင်ရမှာပါ။

ဝီရိယ ရှိဖို့

နေ့ချင်းညချင်း အောင်မြင်ဖို့ဆိုတာက မျှော်လင့်ကောင်းတဲ့ အရာမဟုတ်ပါဘူး။ အချိန်ယူပြီး၊ သေသေချာချာ အားထုတ်ရင်း ကြိုးစားရင်းနဲ့ပဲ တရွေ့ရွေ့သွားရတာပါပဲ။ ဘယ်အလုပ်မဆို လူတိုင်းက အစမှာသာ အားကောင်းပေမယ့် တစ်ချိန်ကျ လက်လျှော့သွားတာ များပါတယ်။ သူလိုကိုယ်လို မဟုတ်တဲ့ ဇွဲ၊ ဝီရိယ၊ လုံ့လမျိုးနဲ့သာ အခက်အခဲတွေကို ရေရှည် ဖြတ်ကျော်သွားနိုင်မှာ ဖြစ်ပါတယ်။

ကျော်သန့် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top