“ဘာကြောင့်လဲ” ဆိုတဲ့ မေးခွန်းက စ လိုက်ပါ

why-do-you-want-to-work-in-our-corporation-PHTX32D.jpg

လူအများကို ခေါင်းဆောင်တဲ့ အခါမှာပဲဖြစ်ဖြစ်၊ ကိုယ့် ကုန်ပစ္စည်းကို လူတွေဝယ်ဖို့ ရောင်းတဲ့အခါမှာပဲဖြစ်ဖြစ်၊ ကိုယ့် အကြံကို လူတွေလက်ခံလာဖို့ ပြောဆိုတဲ့အခါမှာပဲဖြစ်ဖြစ် လူတွေကို ကိုယ့်ဘက်ပါလာအောင် စည်းရုံးနိုင်ဖို့ အရေးကြီးပါတယ်။ ဒီလို စည်းရုံးတဲ့နေရာမှာ အဓိကအနေနဲ့ မေးခွန်းကြီး (၃)ခုကို အသုံးပြုပြီး ရှင်းပြကြပါတယ်။ အဲဒီ မေးခွန်း (၃)ခုကတော့ “ဘာကြောင့်လဲ”၊ “ဘယ်လိုလဲ” နဲ့ “ဘာလဲ” ဆိုတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။ မေးခွန်းတွေ အကြောင်းကို ဥပမာတွေမှာ ထည့်ရှင်းသွားပါမယ်။

မအောင်မြင်တဲ့လူတွေ၊ သာမန်အနေအထားနဲ့ လူတွေဟာ ဒီမေးခွန်းတွေသုံးပြီး လူတွေကို စည်းရုံးတဲ့အခါ “ဘာလဲ” ဆိုတဲ့ မေးခွန်းကနေ စ ရှင်းကြပါတယ်။ ဥပမာ – သာမန် ကြော်ငြာ တစ်ခုဆိုပါတော့။ ကြော်ငြာက ဒီလိုပြောပါလိမ့်မယ်။ “ကျွန်တော်တို့ဟာ … ကုမ္ပဏီ ပါ။ (“ဘာလဲ” ဆိုတဲ့ မေးခွန်းက စ ပြောတယ်)။ ကျွန်တော်တို့ … ပစ္စည်းတွေ ရောင်းပါတယ်။ အဲဒီ ပစ္စည်းတွေက လှပပြီး အကြမ်းခံပါတယ်။ ကျွန်တော်တို့ ပစ္စည်းတွေကို ဝယ်ကြပါ။ (“ဘယ်လိုလဲ”၊ “ဘယ်လို ပစ္စည်းတွေ ရောင်းချပေးသလဲ” ဆိုတာ ပြောသွားပေမယ့် “ဘာကြောင့် အရေးတကြီး လိုအပ်သလဲ“ ဆိုတာနဲ့ ပတ်သက်ပြီး အထူးတလည် ပြောသွားတာကို တွေ့ရမှာ မဟုတ်ပါဘူး။) ဒါက သာမန်လူတွေ အလုပ် လုပ်ပုံပါ။ စာဖတ်သူလည်း ခဏခဏ မြင်ဖူးပါလိမ့်မယ်။ ဘယ်လိုမှ ဆွဲဆောင်မှုရှိတဲ့ နည်းလမ်းတစ်ခု မဟုတ်ပါဘူး။

တခြားသူတွေကို စည်းရုံးတဲ့အခါမှာ အဲဒီလူတွေကိုယ်တိုင်က လိုလိုလားလားနဲ့ ကိုယ့်အကြံကို လက်ခံလာဖို့က အဓိကကျပါတယ်။ ဒီအခါမှာ သူတို့ကိုယ်တိုင်က အဲဒီအကြံအတိုင်း လိုက်နာဖို့ “ဘာလို့” အရေးကြီးသလဲဆိုတာ သိနေဖို့ လိုပါတယ်။ ဒါမှသာ ကိုယ်တိုင်ကိုယ်ကျ လိုက်ပါ ဆောင်ရွက်ကြမှာ၊ ဒါမှသာ အောင်မြင်တဲ့ ခေါင်းဆောင်မှု အနေအထားတစ်ရပ် ဖြစ်လာမှာ ဖြစ်ပါတယ်။

Black American civil rights leader Martin Luther King (1929 – 1968) addresses crowds during the March On Washington at the Lincoln Memorial, Washington DC, where he gave his ‘I Have A Dream’ speech. (Photo by Central Press/Getty Images)

လူမည်းဘုန်းတော်ကြီး မာတင် လူသာကင်း ဂျူနီယာ (Martin Luther King Jr.) ဟာ “ကျွန်တော့်မှာ အိပ်မက်တစ်ခု ရှိတယ်” ဆိုတဲ့ မိန့်ခွန်းနဲ့ လူအများကို စည်းရုံးနိုင်ခဲ့တယ်။ လူဖြူ လူမည်း ခွဲခြားမှုကို ဆန့်ကျင်ဖို့ “ဘာလို့” အရေးကြီးသလဲဆိုတာကို ပြောခဲ့တယ်။ ဒီ အသားအရောင် ခွဲခြားမှုသာ မရှိနေရင် ကမ္ဘာကြီးဟာ ဘယ်လောက်မျှတပြီး သာယာတဲ့ လောကကြီး ဖြစ်နေမလဲ ဆိုတာတွေကို သူ ဖြစ်ချင်တဲ့ အိပ်မက်အနေနဲ့ ပြောပြခဲ့တယ်။ “ကျွန်တော့်မှာ အစီအစဉ်တစ်ခု ရှိတယ်” ဆိုတာမျိုး၊ လူဖြူလူမည်း ခွဲခြားမှုကို တိုက်ဖျက်ဖို့ သူ ဘယ်လို စီစဉ်သွားမယ့် အကြောင်းကို ဦးစားပေး မပြောခဲ့ဘူး။ သူဖြစ်စေချင်တဲ့ အချက်က ဘာလို့ အရေးကြီးသလဲဆိုတာ လူအများနားလည်အောင် ရှင်းပြရင်း သူ့အိပ်မက်ကို လူအများနဲ့ သက်ဆိုင်တဲ့အိပ်မက် ဖြစ်လာအောင် ပြောင်းပေးနိုင်ခဲ့တယ်။ ဒါကြောင့် သူ အောင်မြင်ခဲ့တယ်။

ကျွန်တော်တို့ဟာ နေ့စဉ်ဘဝမှာ တိုက်ရိုက်ခေါင်းဆောင်နေရတာမျိုး မဟုတ်ရင်တောင်မှ ကိုယ့်အမြင်ကို တခြားသူတွေ လက်ခံလာဖို့ တစ်နည်းမဟုတ်တစ်နည်းနဲ့ စည်းရုံးနေရပါတယ်။ ဒီလိုနေရာတွေမှာ စောစောက ပြောခဲ့သလို “ဘာလို့လဲ” ဆိုတာက စ ဖြေရှင်းပြပြီး တခြားသူတွေ ယုံကြည်လက်ခံလာအောင် စည်းရုံးတဲ့ အလေ့အထကို မွေးယူနိုင်ပါတယ်။ သင့်ကို ဒီနေရာ၊ ဒီရာထူးမှာ ဘာကြောင့် အလုပ်ခန့်သင့်သလဲ။ သင့် အကြံဉာဏ်ကို တခြားက ဘာကြောင့်လက်ခံသင့်သလဲ။ သင် ရောင်းတဲ့ပစ္စည်းကို လူတွေက ဘာကြောင့်အရေးတကြီး ဝယ်သင့်သလဲ ဆိုတာက စပြီး ဖြေရှင်းကြည့်လိုက်ပါ။ “ဘာကြောင့်လဲ” ဆိုတဲ့ မေးခွန်းက စ လိုက်ပါ ။

Ref : TED Talk : “How great leaders inspire action “ by Simon Sinek

ကျော်သန့် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top