ရုပ်ရှင်ရုံထဲက စိတ်အနှောင့်အယှက် ဖြစ်စရာ အပြုအမူတွေ

friends-watching-movie-together-P8S7AW9-e1563692247370.jpg

ရုပ်ရှင်ကြည့်ပြီဆိုရင်တော့ ဘယ်သူမဆို ပြင်ပဘဝကနေ ခဏတဖြုတ် အနားယူပြီး ရုပ်ရှင်ကားက ပေးတဲ့ ရသကို နှစ်နှစ်ခြိုက်ခြိုက် ခံစားချင်ကြတာချည်းပါပဲ။ တစ်ခါတစ်လေမှာတော့ အတူ ရုပ်ရှင်ကြည့်နေသူတွေရဲ့ အမှတ်တမဲ့ အပြုအမူတွေက ကိုယ့်ရဲ့ ရုပ်ရှင်ကြည့်ရတဲ့ ပျော်ရွှင်မှုကို အကြီးအကျယ် ထိခိုက်စေတာအထိ ဖြစ်နေနိုင်ပါတယ်။ ရုပ်ရှင်ရုံထဲမှာ ကြုံရတတ်တဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ အကြောင်း ဆွေးနွေးကြည့်ရအောင်။

စကားတတွတ်တွတ်ပြောနေတာ

ဇာတ်လမ်းအပေါ် အမြင်တွေ၊ ဘာသာပြန်ပြနေတာတွေ ဖြစ်နေနိုင်ပေမယ့် တခြားကြည့်ရှုသူတွေအတွက် အနှောင့်အယှက် ဖြစ်နေနိုင်ပါတယ်။ ဇာတ်လမ်းအပြင် ရုပ်ရှင်ရုံကပေးတဲ့ အမြင်ပိုင်း၊ အသံပိုင်း ရသတွေကို ခံစားဖို့ လာတဲ့ အခါ တတွတ်တွတ် စကားပြောသံကို ကြားနေရရင် ဘယ်လိုမှ အဆင်မပြေပါဘူး။

ဖုန်း အသုံးပြုမှု

လူတော်တော်များများက ဖုန်းတွေ silent လုပ်ထားကြပေမယ့် တချို့တွေက မလုပ်ကြတာတွေ တွေ့ရပါသေးတယ်။ ဇာတ်လမ်းအရှိန်ကောင်းနေချိန်တွေ၊ အရေးတကြီးစကားတွေ ပြောနေချိန်တွေမှာ ဖုန်း ringtone ထမြည်တာ ဘယ်လောက် စိတ်အနှောင့်အယှက်ဖြစ်ရသလဲ ကြုံဖူးရင် သိကြမှာပါ။ အရေးကြီးတဲ့ ဖုန်းတွေ ဝင်လာတဲ့ အချိန် ကိုယ့်ထိုင်ခုံက အတွင်းထဲ ရောက်နေလို့ အပြင်ထွက်ရခက်မယ်ဆိုရင် တိုးတိုးပြောပြီး အမြန်စကားစ ဖြတ်တာတွေ လုပ်နိုင်ပါတယ်။ ဖုန်း ကို အကြာကြီး သုံးနေတဲ့ လူတွေရဲ့ ဖုန်းscreen အလင်းရောင်ကြောင့် ကျန်တဲ့ လူတွေအတွက် ရုပ်ရှင်ကြည့်ရ အဆင်မပြေတာတွေ ဖြစ်နေနိုင်ပါတယ်။

အမှိုက်သရိုက်

အမှိုက်သိမ်းရမှာ သန့်ရှင်းရေး အလုပ်ပဲလို့ ထင်နေကြသူတွေ ရှိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အမှိုက်တွေကို ကြမ်းပြင်ပေါ် ကြုံသလို ပစ်ချနေတာကတော့ စည်းကမ်းမဲ့ရာကျသလို ဘေးလူတွေလည်း အဆင်ပြေချင်မှ ပြေမှာပါ။ ပြန့်ကျဲနေတဲ့ စားပြီးသား နေကြာစေ့ခွံတွေကို ဖြတ်နင်းရတာတွေ၊ ပုလင်းခွံတွေ၊ အအေးဘူးခွံတွေကို မနင်းမိအောင် ကျော်လွှားသွားနေရတာဟာ ရုပ်ရှင်ရုံရဲ့ လူသွားလမ်းကျဉ်းတွေထဲမှာဆို အတော် ကရိကထ များလှပါတယ်။ အမှိုက်သွားပစ်နေဖို့ မလွယ်ကူရင်တောင်မှ စာနာစိတ်ကလေးထားပြီး ကိုယ့်အမှိုက်တွေကို ကြွတ်ကြွတ်အိတ်တစ်အိတ်ထဲ ပေါင်းထုပ်ထားတာမျိုး၊ လူသွားလမ်းကို မထိခိုက်ဘဲ အမှိုက်သိမ်းသမားလည်း အဆင်ပြေမယ့် နေရာမှာ ထားခဲ့ပေးတာမျိုးနဲ့ ကိုယ့်ရဲ့ စိတ်ဓာတ် အဆင့်အတန်း မြင့်မားမှုကို ပြသနိုင်ပါတယ်။

အခုဆွေးနွေးခဲ့တာတွေဟာ အဆန်းမဟုတ်ပေမယ့် ကြုံတွေ့နေရဆဲ ပြဿနာတွေ ဖြစ်နေပါတယ်။ တစ်ခါတစ်လေ ကိုယ်ကိုယ်တိုင်တောင် သတိမထားဘဲ ပြုလုပ်နေမိတာမျိုး ရှိတတ်တဲ့အတွက် ကိုယ်ချင်းစာစိတ်ကလေးနဲ့ အမြဲသတိပြုမိစေဖို့ အကြံပြုတင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။ စာဖတ်သူတွေလည်း ရုပ်ရှင်ကြည့်ရင်းက အတူထိုင်ကြည့်နေသူတွေကြောင့် အဆင်မပြေတာမျိုးဖြစ်ဖူးခဲ့ရင် အတွေ့အကြုံလေးတွေကို comment မှာ ဆွေးနွေးပြောပြပေးသွားဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

Ref : မစန္ဒီအောင် Facebook စာမျက်နှာမှ မျှဝေပေးပို့ထားတဲ့ အချက်အလက်တွေကို ကိုးကားပြီး ပြန်လည်တင်ပြပေးတာ ဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top