သင့်အိပ်မက်တွေကို ပျက်စီးစေတဲ့ အကြောင်းအရင်းတွေ

chase-dreams-647x395.jpg

လူတိုင်းမှာတော့ အောင်မြင်ချင်တဲ့ ၊ ဖြစ်မြောက်ချင်တဲ့ စိတ်ကူးအိပ်မက်တွေ ဘဝမှာ ရှိကြတာပါပဲ။ ဒါပေမယ့် အဲဒီအိပ်မက်တွေကို အကောင်အထည်မဖော်ဖြစ်တဲ့သူတွေ၊ အကောင်အထည်ဖော်ဖို့ ကြိုးစားသွားရင်း ကျရှုံးနေတဲ့သူတွေ အများကြီးရှိတယ်။ ဘာလို့ ဒီလို ကျရှုံးသွားရသလဲဆိုတာကို စီစစ်ကြည့်တဲ့အခါမှာ အဓိက အကြောင်းအရင်းကြီး ငါးချက် ရှိပါတယ်။ အဲဒီကြောင်းအရင်းတွေကတော့

၁။ နေ့ချင်း ညချင်း အောင်မြင်မယ်လို့ ယုံကြည်တာ – ကျွန်တော်တို့ ဖတ်ဖူးကြားဖူးတဲ့ တချို့အောင်မြင်သူတွေအကြောင်းက အကြံကောင်းတစ်ခုရတယ်၊ အကောင်အထည်ဖော်နိုင်တဲ့အနေအထားရှိလို့ အကောင်အထည်ဖော်လိုက်တာမှာ ချက်ချင်း အောင်မြင်ကြီးပွားသွားတယ် ဆိုတာမျိုး ပါဝင်နေတတ်ပါတယ်။ ဒါပေမယ့် ဒီလိုအောင်မြင်မှုနောက်ကွယ်မှာ သူဘယ်လိုလေ့လာခဲ့ရတယ်၊ ဘယ်လို အထောက်အပံ့တွေ ရှိနေတယ်ဆိုတာတွေကို တစ်ခါတစ်လေမှာ ကျွန်တော်တို့ မမြင်နိုင်တာတွေရှိတယ်။ တကယ်တမ်းက အောင်မြင်မှုကို ရဖို့ဟာ မလွယ်ကူပါဘူး။

၂။ တခြားလူတွေက ကိုယ့်အခက်အခဲတွေကို ဖြေရှင်းပေးနိုင်မယ်လို့ ယုံထားတာ – ကိုယ့်ပတ်ဝန်းကျင်က လူတွေ၊ မိသားစုဝင်တွေ၊ လုပ်ငန်းမိတ်ဖက်တွေက ကိုယ့်မှာ ပြဿနာတွေ ဖြစ်လာရင် ဖြေရှင်းသွားနိုင်မယ်လို့ ကျိန်းသေယူဆထားတာဟာ အန္တရာယ်များပါတယ်။ သူတို့က ကိုယ့်အပေါ်ကောင်းသည့်တိုင် အခြေအနေအရ မကူညီနိုင်တာတွေ ရှိနိုင်တယ်။ ကိုယ့်အခက်အခဲတွေအတွက် ကိုယ်တိုင် ပြင်ဆင်ထားတာ စိတ်ချရပါတယ်။

၃။ မသေချာသေးဘဲ ခြေစုံပစ်ဝင်လိုက်တာ – ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ဆိုရင် လိုအပ်တာက ခိုင်မာတိကျတဲ့ စီမံကိန်းပါပဲ။ ဖြစ်ချင်တာကို အာရုံစိုက်လုပ်ရင် အောင်မြင်တယ် ပြောနေကြပေမယ့် ကိုယ့်မှာ ခိုင်မာတဲ့ အာမခံချက်မျိုး ၊ ဘယ်အချိန်မှာ ဘာဖြစ်လာရမယ်ဆိုတဲ့ သေချာမှုမျိုးရှိမနေဘဲ ကိုယ့်အချိန်တွေ၊ ငွေတွေ၊ လူအင်အားတွေကို မြုပ်နှံလိုက်တာဟာ ဖြုန်းတီးရာရောက်ပါတယ်။

၄။ ကိုယ့်အပြစ်မဟုတ်ဘဲ တခြားသူအပြစ်လို့ အမြဲထင်မြင်နေတတ်တာ – “လုပ်ဖော်ကိုင်ဖက်တွေ မကောင်းလို့ မဟုတ်ရင် အောင်မြင်မှာ “ ၊ “အခြေအနေမပေးလို့ ၊ မဟုတ်ရင် ခုလောက်ဆို အဆင်ပြေနေပြီ “ ဆိုတဲ့ စကားမျိုးတွေကို အကြိမ်ကြိမ်အခါခါ ပြောပြီး ဘာမှ ထပ်ထူးခြားမလာတဲ့ လူတွေကို ကျွန်တော်တို့ မြင်ဖူးကြမှာပါ။ တကယ်တမ်းလည်း သူတို့ ပြောနေတာက မှန်သင့်သလောက် မှန်မှာပါ။ ဒါပေမယ့် တခြားသူအပြစ်ပဲလို့ ပုံသေတွက်ဆပြီး ဖြစ်ခဲ့တဲ့ ကိစ္စအပေါ်မှာ သင်ခန်းစာယူချင်စိတ်လည်း မရှိ၊ ပိုကောင်းအောင် ဂရုစိုက်ပြီး ပြန်လည် ကြိုးစားဖို့ တက်ကြွမှုလည်းမရှိရင်တော့ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တွေနဲ့ တဖြည်းဖြည်းဝေးကွာသွားမှာပါ။

၅။ “ကိုယ့် စိတ်ကူးအိပ်မက်သာ အဓိက ၊ ဒါပြီးရင် ပြီးပြီ “ လို့ ယူဆထားတာ – ကျွန်တော်တို့ ဖြစ်ချင်တာတွေ တကယ်ဖြစ်လာပြီးသည့်တိုင် တခြား ဆက်လုပ်နိုင်တာတွေကို အဲဒီ အခါ မြင်နိုင်ပါသေးတယ်။ ရည်မှန်းချက်တစ်ခုအတွက် ရည်ရွယ်ပြီး ကြိုးစားခဲ့ပေမယ့် အဲဒါအောင်မြင်ပြီးရင် ဘာတွေထပ်ဖြစ်နိုင်သေးတယ်၊ ဘာတွေဆက်လုပ်နိုင်သေးတယ် ဆိုတာတွေ အထိမြင်နိုင်မှသာ အစဉ်တိုးတက်နေတဲ့ ဘဝအနေအထားကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

Ref : TED Talk : “ 5 Ways to Kill Your Dreams “ by “ Bel Pesce “
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top