သမီးလေးတွေကို စိတ်ရောကိုယ်ပါ လုံခြုံမှုပေးနိုင်ဖို့ ဆောင်ရန်၊ ရှောင်ရန်များ

mother-and-daughter-816x544.jpg

မြန်မာနိုင်ငံမှာ (၁၀) နာရီပြည့်တိုင်း  ကလေးတစ်ဦးနှုန်းလောက် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံနေရတာကြောင့် မိဘတွေအနေနဲ့ မိမိတို့ရဲ့သမီးလေးတွေကို ပိုဂရုစိုက်ပေးဖို့ အရေးကြီးလာပါပြီ။ ဒါကြောင့် သမီးမိန်းကလေးမွေးထားတဲ့ မိဘတွေအနေနဲ့ သမီးလေးရဲ့ စိတ်ရောကိုယ်ပါ လုံခြုံမှုရှိစေဖို့ သတိပြုလုပ်ဆောင်ရမယ့် စည်းကမ်းချက်အချို့ကို ဖော်ပြပေး လိုက်ပါတယ်။

နိုင်ငံတကာအမြင်နဲ့ ရေးထားတဲ့အချက်အလက်တွေ ဖြစ်လို့ မြန်မာ့ယဉ်ကျေးမှုနဲ့ ကွာဟနေတာမျိုးရှိနိုင်ပေမဲ့ သတိပြုစရာ အချက်တချို့ တွေ့မြင်နိုင်ဖို့ မျှော်လင့်ပြီး ဖော်ပြလိုက်ရခြင်းဖြစ်ပါ တယ်။ သမီးလေးတွေအတွက်ရော သားလေးတွေအတွက်ပါ သတိပြုစရာပါပဲ။

သင်တို့ရဲ့ သမီးလေးတွေကိုငယ်ငယ်လေးကတည်းက (၂ နှစ်အရွယ်ခန့်) ဒါတွေသင်ပေးရပါမယ်။

၁။ တစ်စိမ်းအမျိုးသားတွေရဲ့ ပေါင်ပေါ်မှာ မထိုင်ခိုင်းပါနဲ့။ ဆွေမျိုးဖြစ်နေရင်တောင် သိပ်ဆွေမျိုးမနီးစပ်ရင် ထိုင်ခွင့်မပြုသင့်ပါ။

၂။ ကလေးငယ် (၂) နှစ်အရွယ်လောက်ကတည်းက သူတို့ရှေ့မှာအဝတ်အစားလဲခြင်း၊ မလုံမခြုံနေခြင်းကိုရှောင်ပါ။ အဝတ်အစားမလုံခြုံမှုကို ကျင့်သားရခြင်းမရှိသင့်ပါ။

၃။ လူကြီးတွေကမိတ်ဆွေတို့ရဲ့ ကလေးတွေကို ဒါက ငါ့ယောက်ျား၊ ဒါက ငါ့မိန်းမလို့စနောက်ခြင်းကိုခွင့်မပြုပါနဲ့။

၄။ ကလေးတွေအတူတူကစားနေရင် မနီးမဝေးက အကဲခတ်ပေးပါ။ ကလေးတွေက တချို့လူကြီးတွေဆီက တတ်လာတဲ့မဖွယ်မရာအပြုအမူတွေနဲ့ ကစားတတ်ကြလို့ သတိပြုပေးသင့်ပါတယ်။

၅။ ကလေးမနှစ်သက်မချစ်ခင်တဲ့လူကြီးရဲ့အိမ်ကို အတင်းအကျပ်မသွားခိုင်းပါနဲ့။ ဒါ့အပြင် ကလေးက လူကြီးတစ်ဦးတစ်ယောက်ကို အရမ်းချစ်ခင်နှစ်သက်နေရင်လည်း သတိထားပြီးကြည့်သင့်ပါတယ်။

၆။ အမြဲတက်ကြွနေကျကလေးက ထူးထူးဆန်းဆန်းငြိမ်သက်နေရင် စိတ်ရှည်စွာနဲ့ မေးခွန်းတွေအများကြီး လှည့်ပတ်မေးပြီး အကြောင်းရင်းကို စုံစမ်းသင့်ပါတယ်။

၇။ အရွယ်ရောက်လာခါစ သားသမီးတွေကို ကျားမကွဲပြားမှုအကြောင်း ပညာပေးဗဟုသုတတွေ ပြောပြပေးရပါမယ်။ မိဘတွေကမပြောပြရင် သူတို့ဟာ လူ့အဖွဲ့အစည်းကနေ အမှားအမှန်မခွဲခြားပဲ သင်ယူသွားပါလိမ့်မယ်။

၈။ ကလေးတွေအတွက်ဝယ်လာတဲ့ ကာတွန်းကားလိုမျိုး အခွေတွေနဲ့စာအုပ်စာပေတွေကို သူတို့မဖတ်ခင် မကြည့်ခင်တည်းက ကြိုတင် ကြည့်ထားရပါမယ်။ မဖွယ်မရာတွေကို ဖယ်ရှားနိုင်အောင်ဖြစ်ပါတယ်။

၉။ မိဘလမ်းညွှန်စာပေတွေကို အင်တာနက်မှာ အမြဲမပြတ်ဖတ်ရှုပြီး ကလေးငယ်သွားလည်နေကျ သူငယ်ချင်းရဲ့မိဘတွေကိုလည်း မိတ်ဆွေဖွဲ့ပြီး ဒါတွေကို ဝေမျှပေးပါ။

၁၀။ သမီးလေးရဲ့အတွင်းကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို မိမိဘာသာ ဆေးကြောတတ်အောင် သင်ပေးပါ။ မိခင်အပါအဝင် သူများ ကိုင်တွယ်ဆေးကြောတာကို ခွင့်မပြုစေပါနဲ့။
(ကလေးကိုချမှတ်တဲ့ စည်းကမ်းဟာ အိမ်ကပဲစတင်တာကို အမြဲသတိရပါ)

၁၁။ ကလေးရဲ့ဖြူစင်မှုကို အရောင်စွန်းထင်းမှုတစ်စုံတရာဖြစ်စေမယ့် အရာမှန်သမျှကို မတွေ့ကြုံအောင်ထားပါ။ (ဂီတ၊ရုပ်ရှင်၊ စာအုပ်တို့အပြင် မိတ်ဆွေနဲ့ မိသားစုဝင်တို့ပါ ပါဝင်နိုင်တတ်ပါတယ်)

၁၂။ အများနဲ့အလွန်တရာရောနှောမနေတတ်တာလည်း ကောင်းတဲ့အကျင့်တစ်ခုဖြစ်ကြောင်း ကလေးတွေကို ပြောပြထားပါ။

၁၃။ ကလေးက လူတစ်ဦးတစ်ယောက်အကြောင်းကို မကြာခဏအပြစ်တင်ပြောဆိုနေရင် မသိသလိုမနေပဲ သေချာမေးမြန်းကြည့်ပါ။ အရေးတယူဖြေရှင်းပေးခြင်းဖြင့် သင်ဟာ သူတို့ကိုကာကွယ်ပေးနိုင်တဲ့ မိဘဖြစ်ကြောင်း သက်သေပြပါ။

လက်ရှိမိဘဖြစ်နေသူတွေရော မိဘမဖြစ်သေးသူတွေအနေနဲ့ပါ ဖတ်ရှုထားသင့်ပါတယ်။ သားသမီးရှိတဲ့တခြားမိတ်ဆွေတွေကိုလည်း မျှဝေပေးဖို့မမေ့ပါနဲ့နော်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top