အာဇာနည်နေ့မှာသွားရောက်လေ့လာသင့်တဲ့ ဝန်ကြီးများရုံး

42983435_535897990187902_5751860854668656640_n.jpg

အာဇာနည်ခေါင်းဆောင်ကြီးများလုပ်ကြံခံခဲ့ရတဲ့အတွင်းဝန်များရုံး (ဝန်ကြီးများရုံး) ကို ဇူလိုင်လ (၁၉) ရက် အာဇာနည်နေ့ကနေစတင်ပြီး ဇူလိုင်လ (၂၁) ရက်နေ့အထိ (မနက် (၉) နာရီ – ညနေ (၅) နာရီ)ဝင်ရောက်လေ့လာခွင့်ပြုထားတဲ့အတွက် အဲဒီနေ့ တွေမှာ သွားရောက်လေ့လာဖြစ်အောင် လေ့လာသင့်ပါတယ်။

အတွင်းဝန်များရုံး (ဝန်ကြီးများရုံး) တည်ရှိတဲ့နေရာကတော့ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းမှာပါ။ အာဇာနည်နေ့ရောက်တိုင်း ဘယ်သူမဆိုဝင်ရောက်လေ့လာခွင့်ပြုတတ်ပြီး လာရောက်လေ့လာကြည့်ရှုသူတွေနဲ့ နှစ်တိုင်းစည်ကားနေလေ့ရှိပါတယ်။ အဆောက်အဦကြီးပေါ်က နာရီကြီး၊ စစ်ဆေးရေးဂိတ်၊ တန်းစီနေတဲ့လူတန်းကြီးအပြင် သတိပေးဆိုင်းဘုတ်လေးတွေကိုလည်း ဝင်ဝင်ချင်းမှာပဲမြင်ရမှာပါ။ အဲဒီနောက် ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ အထိမ်းအမှတ်ကျောက်တိုင်ကို အရင်တွေ့ရပါလိမ့်မယ်။

ဝန်ကြီးများအစည်းအဝေးခန်းမမှာတော့ လေ့လာကြည့်ရှုစရာတော်တော်လေးများပါတယ်။ လုပ်ကြံခံခဲ့ရတဲ့အာဇာနည်ခေါင်းဆောင်ကြီးတွေ တာဝန်ယူခဲ့ကြတဲ့အပိုင်းနဲ့ တာဝန်ယူခဲ့ကြတဲ့ခုနှစ်တွေကိုပြသထားတဲ့အပြင် ဝန်ကြီးများရုံးအတွင်းက အဆောက်အဦတွေနဲ့ပတ်သက်တဲ့ မှတ်သားစရာအချက်အလက်တွေကိုလည်း ပြည့်ပြည့်စုံစုံလေ့လာနိုင်ပါတယ်။ အစည်းအဝေးခန်းမရဲ့ဘေးကအခန်းတစ်ခုမှာတော့ ဗိုလ်ချုပ်အောင်ဆန်းလွတ်လပ်ရေးရဖို့ကြိုးပမ်းခဲ့စဉ်က မှတ်တမ်းဗီဒီယိုတွေကိုလည်း ပရိုဂျက်တာနဲ့ပြသထားပါတယ်။

အဲဒီနောက်မှာ ပါလီမန်အဆောက်အဦးကို ဝင်ရောက်လေ့လာမယ်ဆိုရင်တော့ ဝင်ဝင်ချင်းမှာ လာရောက်ကြည့်ရှုသူတွေ အရေးပေါ် လိုအပ်လာရင် အဆင်ပြေအောင် ဖွင့်လှစ်ထားတဲ့ ဆေးခန်းကို တွေ့နိုင်ပါတယ်။ အဆောက်အဦးဆီလာရာ လမ်းတစ်လျှောက်မှာလည်း အမှိုက်ပုံးတွေကို စနစ်တကျ ထားပေးထားပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံခဲ့ရတဲ့ဖြစ်ရပ်အကျဉ်းကိုလည်း အဝင်လမ်းမှာ ရေးသားပြသထားပါတယ်။

အထဲမှာဆက်လက်တွေ့မြင်ရမှာက ခန့်ညားလှတဲ့ဗန္ဓုလလှေကားကြီးပါပဲ။ လှေကားကနေတစ်ဆင့် အပေါ်ထပ်ကိုရောက်တဲ့အခါ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံခဲ့ရတဲ့ အစည်းအဝေးကျင်းပရာအခန်းကို ဝမ်းနည်းအောက်မေ့ဖွယ်ရာ တွေ့မြင်ကြရမှာဖြစ်ပါတယ်။ အဲဒီအခန်းထဲမှာ လုပ်ကြံခံရတဲ့အချိန်ကရှိခဲ့တဲ့ မူလစားပွဲတွေ၊ ထိုင်ခုံတွေကို ခင်းကျင်းပြသထားပြီး လုပ်ကြံခံရစဉ်မှာ ထိမှန်ခဲ့တဲ့ကျည်ဆန်ရာတွေကို မြှားအနီတွေနဲ့ အမှတ်အသား ပြုလုပ်ပြသထားတာကိုတွေ့ပါမယ်။

CCTV တွေတပ်ဆင်ထားပြီး ဓာတ်ပုံရိုက်ကူးမှုကိုတားမြစ်ထားပါတယ်။ ဘေးဘက်အခန်းမှာတော့ အာဇာနည်ခေါင်းဆောင်ကြီးတွေနဲ့ ပတ်သက်တဲ့အမှတ်တရပစ္စည်းတွေဖြစ်တဲ့ လက်ကိုင်ပဝါ၊ မျက်မှန်၊ ဖောင်တိန်၊ မီးခြစ်၊ စာရွက်စာတမ်းအချို့နဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ပိုက်ဆံအချို့ကိုလည်း ပြသထားပါတယ်။ ဒီအခန်းမှာလည်း ဓာတ်ပုံရိုက်ကူးခွင့်မပြုပါဘူး။ အခန်းရဲ့ အပြင်ဘက် လျှောက်လမ်းနေရာနားမှာက ရဲဘော်ကိုထွေး ပစ်ခတ်လုပ်ကြံခံခဲ့ရတဲ့နေရာကို စာနဲ့ ဖော်ပြထားပါတယ်။

အခုပြောပြခဲ့တာတွေက ဝန်ကြီးများရုံးကိုသွားပြီးလေ့လာရင် မြင်တွေ့ရမယ့်အရာတွေပါ။ အာဇာနည်နေ့ အထိမ်းအမှတ်အနေနဲ့ (၃) ရက်တာ ရက်ကန့်သက်ပြီး ဝင်ရောက်ခွင့်ပြုတာ ဖြစ်တဲ့အတွက် အချိန်ရမယ်ဆိုရင် မြန်မာ့သမိုင်းတစ်ကွေ့မှာ အရေးပါတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ရာ၊ အာဇာနည်သူရဲကောင်းကြီးတွေ နိုင်ငံအတွက်အသက်စွန့်ခဲ့ရာ သမိုင်းဝင် အဆောက်အဦတစ်ခုဖြစ်တာကြောင့် သွားဖြစ်အောင်သွားပြီး လေ့လာသင့်တယ်လို့ တိုက်တွန်းလိုပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top