အခုကာလမှာ လျစ်လျူရှုမထားသင့်တဲ့ အာဟာရဓာတ် (၄) မျိုး

22-9-2020-yyl-016.jpg

ကမ္ဘာတစ်ဝှမ်းမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိသူ အရေအတွက်က များလာနေတုန်းပါပဲ။ မြန်မာနိုင်ငံမှာလည်း ကိုဗစ်ရောဂါပိုးတွေ့ရှိသူအရေအတွက် များလာနေတဲ့အတွက် လိုအပ်တဲ့စည်းမျဉ်းတွေနဲ့ တင်းကျပ်တဲ့ Stay Home စည်းမျဉ်းတွေချမှတ်ထားရပါတယ်။ ကိုဗစ်ကုသဆေးကလည်း ဘယ်အချိန်မှာ တရားဝင်ထွက်ရှိလာမလဲဆိုတာ မသေချာမရေရာဖြစ်နေတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားတာက ဗိုင်းရပ်စ်အန္တရာယ်ကနေ ရှောင်နိုင်မယ့်တစ်ခုနည်းသောနည်းလမ်းပါပဲ။ ရောဂါကူးစက်နိုင်ချေကို ဖြတ်တောက်ပစ်ဖို့အတွက်၊ ဘေးကင်းဖို့အတွက်ကတော့ အိမ်မှာနေပြီး အာဟာရဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသောက်တာကလည်း အကောင်းဆုံးဖြေရှင်းနည်းပါ။ အခုအချိန်မှာ ဗိုင်းရပ်စ်ကို တွန်းလှန်ပစ်ဖို့အတွက် တစ်နေ့တာအစားအစာမှာ ဒီအာဟာရဓာတ် (၄) မျိုး ပါဝင်ဖို့ လိုပါတယ်။ ဒီအာဟာရဓာတ်တွေကတော့

ဗီတာမင်စီ

ကပ်ရောဂါအတွင်းမှာ ကျွမ်းကျင်ပညာရှင်တွေက ဗီတာမင်စီကြွယ်ဝတဲ့အစားအစာတွေရဲ့ကျန်းမာရေးအကျိုးကျေးဇူးကို ထောက်ခံပြောဆိုလာကြပါတယ်။ ဗီတာမင်စီက ဆဲလ်တွေမှာ ပျက်စီးမှုဖြစ်စေနိုင်တဲ့ ခန္ဓာကိုယ်အတွင်းက မငြိမ်တဲ့ကွန်ပေါင်းဓာတ်တွေကို လျော့ပါးသွားစေနိုင်တဲ့ ဓာတ်ပါဝင်ပါတယ်။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးဖို့အတွက် ဗီတာမင်စီကို မဖြစ်မနေ လိုအပ်ပါတယ်။ ကိုဗစ်ရောဂါပိုးမကူးစက်နိုင်ဖို့အတွက် ကိုယ်ခံအားစနစ်ကောင်းဖို့အရေးကြီးပါတယ်။ ကျန်းမာစွာနေထိုင်နိုင်ဖို့အတွက် တစ်နေ့ကို ဗီတာမင်စီ (၉၀) မီလီဂရမ် စားသုံးပေးရပါမယ်။

ဗီတာမင်ဒီ

ဗီတာမင်ဒီက ကိုယ်ခံအားစနစ် ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့အတွက် အရေးကြီးပါတယ်။ ကိုယ်ခံအားစနစ်ကောင်းနေမှ ရောဂါအန္တရာယ်ကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဗီတာမင်ဒီက ခန္ဓာကိုယ်အတွင်းက ကိုယ်ခံအားစနစ်အားကောင်းနေစေဖို့အတွက် အရေးကြီးတဲ့ anti-inflammatory နဲ့ immunoregulatory ဂုဏ်သတ္တိနှစ်မျိုးလုံးပါဝင်ပါတယ်။ ဒီဗီတာမင်ဓာတ်ပမာဏနည်းမယ်ဆိုရင် ဖျားနာတာ၊ ကူးစက်ရောဂါနဲ့ ကိုယ်ခံအားစနစ်နဲ့ဆက်စပ်ပြီး ကစဉ့်ကလျားဖြစ်တာတွေလည်း မကြာခဏဖြစ်တတ်ပါတယ်။ တစ်နေ့ကို ဗီတာမင်ဒီသောက်သုံးပေးသင့်တဲ့ ပမာဏက ၆၀၀ IU (International Units) (အသက် (၁) နှစ်ကနေ အသက် (၇၀) ထိ )၊ ၈၀၀ IU (အသက် ၇၀) လို့ ထောက်ခံချက်ပေးထားပါတယ်။ ဗီတာမင်ဒီ ရရှိနိုင်တဲ့ အဓိက အရင်းအမြစ်ကတော့ နေကဖြစ်ပေမဲ့ နွားနို့၊ ဆယ်လ်မွန်ငါးလို အစားအစာတွေမှာလည်း ဗီတာမင်ဒီဓာတ်ကိုရရှိနိုင်ပါတယ်။

ဗီတာမင်အီး

ဗီတာမင်အီးကလည်း ကိုယ်ခံအားဆဲလ်တွေလုပ်ဆောင်နိုင်ဖို့အတွက် အရေးကြီးပါတယ်။ ခန္ဓာကိုယ်မှာ ကင်ဆာဆဲလ်တွေ မကြီးထွားလာအောင်လည်း ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ ရောဂါပိုးမွှားတွေ မဝင်အောင်လည်း ကာကွယ်ပေးပါတယ်။ ဗီတာမင်အီးကို (၁၄) နှစ်အထက်အမျိုးသားရော အမျိုးသမီးရော တစ်နေ့ကို ၁၅ မီလီဂရမ် စားသုံးပေးဖို့ ထောက်ခံထားပါတယ်။ ဗီတာမင်အီးဓာတ်ကို ရရှိနိုင်တဲ့အရင်းအမြစ်တချို့ကတော့ နေကြာစေ့၊ အယ်လ်မွန်စေ့နဲ့ အခြားအစားအစာတို့ပါပဲ။

ဇင့်စ်

ဇင့်စ်ကို အာဟာရဓာတ်အနေနဲ့ ပြောတာတွေနည်းပါတယ်။ တကယ်တော့ ဇင့်ဓာတ်ကလည်း ကျွန်တော်တို့ ကျန်းမာရေးနဲ့ ညီညွှတ်စွာနေထိုင်နိုင်ဖို့အတွက် အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်ပါတယ်။ ဒီအာဟာရဓာတ်က ကိုယ်ခံအားစနစ်ကို သန်မာလာစေဖို့အတွက် ကူညီပေးတဲ့ ခန္ဓာကိုယ်အတွင်းမှာ အင်ဇိုင်းဓာတ် (၃၀၀) လောက်ကို လှုပ်ဆော်ပေးပါတယ်။ အအေးမိဖျားနာခြင်းတွေမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ အမျိုးသားတွေက တစ်နေ့ကို ဇင့်စ်ဓာတ် (၁၁) မီလီဂရမ် စားသုံးရမှာဖြစ်ပြီး အမျိုးသမီးတွေက ဇင့်စ်ဓာတ် ၈ မီလီဂရမ်စားသုံးပေးရမယ်လို့ အမေရိကန်နိုင်ငံရဲ့ National Institute of Health အရ သိရပါတယ်။ ဇင့်စ်ဓာတ်ကို အသား၊ငါး၊ ကြက်သား၊ မှို၊ ဖရုံစေ့၊ ပဲအမျိုးအမျိုးလို အစားအစာတွေမှာ ရနိုင်ပါတယ်။

Ref: Apart from Vitamin D and Vitamin C, there are 2 more important nutrients that we tend to ignore

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top