အနာတရ ဟာသများ

african-descent-covering-mouth-voiceless-concept-P4V96VN-e1565427185568.jpg

“ကမ္ဘာ့အသားအမည်းဆုံး အမျိုးသမီး မြန်မာနိုင်ငံ လာမယ်” ဆိုပြီး သတင်းတွေ ထွက်လာတုန်းက အချင်းချင်း စ နောက် ရင်း ပေးစားကြတာတွေ ဖတ်လိုက်ရပါတယ်။
ကျွန်တော်တို့တွေဟာ  “ဂိုးသမားက ဒုက္ခိတမှ မဟုတ်တာ“၊ “ဟေ့ကောင် ဂျပု“၊ “ဟေ့ … ဖက်တီး “၊ ”ရုပ်ကိုက နလပိန်းတုန်းရုပ်” စတဲ့ စကားတွေကို လွယ်လွယ်ကူကူ ပြောဆိုမိတတ်ကြ ပါတယ်။ ခင်မင်မှုအရ ပျော်စေပြက်စေ ပြောတာဟာ လူတစ်ဖက်သားကို ထိခိုက်စေတဲ့ စေတနာ မပါဘူး ဆိုပေမယ့် သေချာ ဆက်စဉ်းစားကြည့်စေချင်ပါတယ်။

တကယ်တမ်းမှာ လက်ရှိ ဖြစ်နေတဲ့ ခန္ဓာကိုယ်မျိုးကို ရွေးချယ်ဖန်တီးလို့ မရပါဘူး။  နေထိုင်စားသောက်မှု ပုံစံကြောင့် ခန္ဓာကိုယ် ဖွဲ့စည်းပုံမှာ အပြောင်းအလဲတွေ ရှိလာနိုင်ပေမယ့် ကိုယ် ဖြစ်ချင်တဲ့ ဆန္ဒအတိုင်း ဖြစ်လာတာ မဟုတ်ဖို့ များပါတယ်။ တကယ်တော့ ရွေးချယ်မရတဲ့ ခန္ဓာကိုယ် အနေအထားနဲ့ ပတ်သက်ပြီး နှိမ်တာ၊ စနောက်တာဟာ ယဉ်ကျေးတဲ့ အပြုအမူတစ်ရပ် မဟုတ်ပါဘူး။ လူတစ်ဖက်သားကိုလည်း စိတ်ထိခိုက်စေနိုင်၊ စိတ်ဓာတ်ကျစေနိုင်ပါတယ်။

ပိုဆိုးတာကတော့ တရားဝင်ပြသနေတဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲမှာပါ ဝလွန်း ပိန်လွန်း အရပ်ရှည်လွန်း ပုလွန်းသူတွေ၊ စကားထစ်အသူတွေ၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေကို ဟာသအနေနဲ့ ထည့်သွင်းဖော်ပြတာပါပဲ။ အပေါ်ယံကြည့်ရင် သာမန်ဟာသလို ဖြစ်နေပေမယ့် တကယ်တမ်း ဒီလူတွေမှာ ခန္ဓာကိုယ်နဲ့ ပတ်သက်လို့ ခံစားရတဲ့ ဒုက္ခတွေ ရှိနေပါတယ်။ ဒါကို  ကြည့်ရှုသူတွေက မမြင်နိုင်တော့ဘဲ ဟာသသာသာလောက်ထိ သဘောထားသွားကြမယ်ဆို ဒါ စာနာမှု ခေါင်းပါးရာကျပါတယ်။ ဒါ ဟာသမဟုတ်ပါဘူး။ အရှိတရားကြီးထဲက အဆင်မပြေတဲ့ အဖြစ်အပျက်တွေပါ။ ဒီလူတွေရဲ့ စိတ်မှာ အနည်ထိုင်နေနိုင်တဲ့ အနာတရတွေပါ ။

ချစ်ခြင်းမေတ္တာနဲ့ ကြင်နာမှု ထွန်းကားတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်လာဖို့ဆိုရင် Body Shaming (ခန္ဓာကိုယ် ချို့ယွင်းချက်ကို လှောင်ရယ်နှိမ့်ချခြင်း) အလေ့အထကို လျှော့ချသွားဖို့၊ ရှောင်ကြဉ်သွားဖို့ အရေးကြီးပါတယ်။

ကျော်သန့် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top