အားလပ်ချိန်ကို ဝယ်ယူလိုက်ပါ

Freetimephoto.jpg

ဒီနေ့ခေတ်မှာ ပိုက်ဆံထက် အားလပ်ချိန်က ပိုပြီးရှားပါးလာခြင်းဟာ အလုပ်လုပ်နေရသူတွေ အတွက် အဓိက ပြဿနာတစ်ခုလို့ပြောလို့ရပါတယ်။

တစ်နေကုန်ပင်ပင်ပန်းပန်း အလုပ်လုပ်ရပေမယ့် အိမ်ပြန်ရောက်တော့လည်း မနားရသေးပဲ အိမ်အလုပ်တွေ ဆက်တိုက်လုပ်ရတဲ့အခါ လူတိုင်း ပင်ပန်းငြီးငွေ့ လာမှာ အမှန်ပါပဲ။ ဒီပြဿနာကို ဘယ်လို အတတ်နိုင်ဆုံး လျှော့ချကြမလဲ။ စိတ်ပညာရှင်တွေရဲ့ အဆိုအရတော့ အားလပ်ချိန်မရှိတဲ့ ပြဿနာက ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် စိတ်စိုးရိမ်ပူပန်မှုနဲ့ ညအိပ်မပျော်ခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်တဲ့။

ဂျာမနီ၊ အမေရိကန်နိုင်ငံတွေလို ဝင်ငွေ လစာကောင်းပြီး ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေမှာ အဓိက ကြုံတွေ့နေရတဲ့ ပြဿနာကတော့ “အချိန်ရှားပါးခြင်း” ပါပဲ။ အမေရိကန်၊ ကနေဒါနဲ့ နယ်သာလန်တို့မှာရှိတဲ့ စိတ်ပညာရှင်တွေ စူးစမ်းခဲ့တာကတော့ ပိုက်ဆံကို သုံးပြီး အားလပ်ချိန်ကို ဝယ်ယူခြင်းအားဖြင့် လူနေမှုဘဝမှာ ပိုပြီး  ပျော်စရာကောင်းလာမလားဆိုတာပါ။ ကုန်ပစ္စည်း အသုံးအဆောင်တွေ  ဝယ်ယူတဲ့နေရာမှာ အသုံးပြုတဲ့  ပိုက်ဆံတွေကို လျှော့ပြီး အိမ်အလုပ်တွေလုပ်တဲ့  နေရာမှာ ပိုက်ဆံသုံးပြီး ကိုယ့်ရဲ့ ကိုယ်ပိုင်အားလပ်ချိန်ကို ဝယ်ယူလို့ရနိုင်မှာပါ။

ဒါပေမယ့်လည်း ချမ်းသာတဲ့ လူတွေက အစ သူတို့မလုပ်ချင်တဲ့အလုပ်တွေကို အိမ်အလုပ်တွေကို လုပ်ပေးတဲ့ အတွက် ထိုသူတွေကို ပိုက်ဆံပေးရမှာကိုတော့ တွန့်ဆုတ်လေ့ရှိကြပါတယ်။ အမေရိကန်၊ ကနေဒါ၊ ဒိန်းမတ်နဲ့ နယ်သာလန်မှာ ရှိတဲ့ လူပေါင်း ၆၀၀၀ ကျော်ကို လက်တွေ့ မေးမြန်းပြီးနောက်မှာတော့  သုံးပုံတစ်ပုံလောက်ကသာ အားလပ်ချိန်ကို ဝယ်ယူဖို့ ပိုက်ဆံသုံးခဲ့ကြပါသတဲ့။ အဲ့ဒီ သုံးပုံတစ်ပုံသော လူတွေကတော့ သူတို့ရဲ့ ပိုက်ဆံတွေကို နေ့လည်စာကို လာပို့ခိုင်းတာ၊ အိမ်နီးချင်းကလေးတွေကို မုန့်ဖိုးပေးပြီး လက်တိုလက်တောင်းခိုင်းတာ ၊ ဒါ့အပြင် သန့်ရှင်းရေးအတွက် ငွေပေးပြီး ခိုင်းစေတာတွေပြုလုပ်ခြင်းအားဖြင့် သူတို့ရဲ့ အချိန်တွေကို ပိုက်ဆံနဲ့ ဝယ်ယူခဲ့ကြပါတယ်။

ကိုယ်မလုပ်ချင်တဲ့ အိမ်အလုပ်တွေကို လုပ်ပေးမယ့်သူကို ပိုက်ဆံပေးခြင်းအားဖြင့် ကိုယ်က အားလပ်ချိန် အချို့ကို ပြန်ရနိုင်မယ်။ ဒီနည်းဟာ အလုပ်ကြောင့် အချိန်ရှားပါးကာ မအားလပ်တဲ့ သူတွေအတွက်တော့ ပိုက်ဆံကို ကောင်းစွာ အသုံးပြုလိုက်ပြီး အချိန်ကို ဝယ်ယူလိုက်တာပါပဲ။ ဒီလို ကိစ္စတွေက လက်ရှိ မြန်မာနိုင်ငံမှာတင် အများကြီး ကြုံတွေနေရတဲ့ ကိစ္စတွေပါ။ အလုပ်မှာ အချိန်ကြာ စိတ်ပင်ပန်းလူပင်ပန်းခဲ့ရတဲ့ အိမ်ထောင်ရှင်မတွေအတွက် အိမ်ပြန်ပြီး အိမ်အလုပ်တွေ ဆက်လုပ်ရတဲ့အခါ ဘယ်လောက်ထိ ပင်ပန်း ငြီးငွေ့စရာကောင်းလိုက်ပါမလဲ။ အချို့သော အိမ်အလုပ်တွေ (ဥပမာ- အဝတ်လျှော် မီးပူတိုက်တာက အစ၊ အိမ်သန့်ရှင်းရေးအထိ) ကို ပိုက်ဆံပေးပြီးခိုင်းစေခြင်းအားဖြင့် တစ်ဖက်ကလဲ တချို့သော အားလပ်ချိန်တွေကို ကိုယ်က ပြန်လည်ရရှိနိုင်မှာပါ။

Ref: BBC News: Time, not material goods, ‘raises happiness’

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top