ဘောလုံးသတင်းတိုများ (ဇူလိုင် ၂၀)

zuck-vs-neymar.jpg

****မန်ယူနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရခဲ့တဲ့ ပေါ့ဘာ****

မန်ယူဟာ ဂျူဗင်တပ်ကွင်းလယ်လူ ပေါ့ဘာကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရခဲ့ပြီလို့ ဒေးလီးမေးလ်သတင်းစာက ဖော်ပြပါတယ်။ အဲဒီသဘောတူညီမှုအရ ပေါ့ဘာဟာ အခွန်ဆောင်ပြီး တစ်ပတ်လုပ်ခ ပေါင် ၂၂၀၀၀၀ ရရှိမှာဖြစ်ပြီး မန်ယူနဲ့ (၅)နှစ်စာချုပ်ချုပ်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ပေါ့ဘာအတွက် မန်ယူရဲ့ ပေါင် ၈၆ သန်းတန် ကမ်းလှမ်းမှုကို ဂျူဗင်တပ်က ပယ်ချခဲ့ပေမယ့် ပေါ့ဘာနဲ့ မန်ယူတို့ သဘောတူညီမှုရခဲ့လို့ အသင်းဟောင်း မန်ယူကို ပေါ့ဘာ ပြန်လည်ပြောင်းရွှေ့လာဖို့ ပိုနီးစပ်လာပြီလို့ ဒေးလီးမေးလ်က ဖော်ပြပါတယ်။ ပေါ့ဘာဟာ ၂၀၁၂ ခုနှစ်တုန်းက မန်ယူကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဂျူဗင်တပ်ကို ပြောင်းခဲ့သူပါ။

ဘောလုံးပြိုင်တော့ရာမှာ ဇူကာဘတ်ကို ရှုံးနိမ့်ခဲ့တဲ့ နေမာ

ဘာစီလိုနာ တိုက်စစ်မှူး နေမာဟာ ဖုန်းထဲကနေ ဘောလုံးပြိုင် တော့ရာမှာ ဖေ့ဘွတ်တည်ထောင်သူ မက်ခ်ဇူကာဘတ်ကို ရှုံးနိမ့်သွားခဲ့ပါတယ်။ ဇူကာဘတ်ဟာ ဆီလီကွန်တောင်ကြားက ဖေ့ဘွတ်ရုံးခန်းမှာထိုင်ပြီး သူ့ဖုန်းထဲက ဘောလုံးတော့တဲ့ဂိမ်းမှာ အချက်ရေ ၃၇ ချက်ရအောင် တော့ပြီးတဲ့နောက် နေမာကို စိန်ခေါ်ခဲ့တာပါ။ ဒီစိန်ခေါ်မှုကို နေမာက လက်ခံခဲ့ပြီး ဖုန်းထဲက ဘောလုံးတော့တဲ့ဂိမ်း ကစားခဲ့ရာမှာ ဘောလုံး၂၁ ချက်ပဲ တော့နိုင်ခဲ့လို့ ရှုံးခဲ့တာပါ။ ဒါပေမဲ့ နေမာက အပြင်မှာဆိုရင်ရော ဇူကာဘတ် ဘောလုံး ဘယ်နှစ်ချက်တော့နိုင်မလဲလို့ ပြန်လည်စိန်ခေါ်ထားပါတယ်။

ဂျာနယ်လစ်တွေနဲ့ ရန်မဖြစ်ရတာပျင်းလို့ အာဂျင်တီးနားကို လစာမယူဘဲ နည်းပြချင်တဲ့ မာရာဒိုနာ

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားအဖြစ် သတ်မှတ်ခံခဲ့ရပြီး ၁၉၈၆ ခုနှစ်မှာ အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလားရခဲ့တဲ့ မာရာဒိုနာက ကစားသမားတွေနဲ့ အတူလက်တွဲခွင့်ရသလို ဂျာနယ်လစ်တွေနဲ့လည်း ရန်ဖြစ်ရတဲ့ နည်းပြဘဝကို လွမ်းလို့ အာဂျင်တီးနားလက်ရွေးစင်အသင်းကို တစ်ကျော့ပြန်ကိုင်တွယ်လိုတယ်လို့ ပြောပါတယ်။ မာရာဒိုနာဟာ ၂၀၀၈ ခုနှစ် နိုဝင်ဘာလမှာ အာဂျင်တီးနားအသင်းကို ပထမဆုံး ကိုင်တွယ်ခဲ့ပြီး ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ ဂျာမနီကို (၄)ဂိုးပြတ် ရှုံးခဲ့ပြီးနောက် နည်းပြရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။ မာရာဒိုနာက သူ့အတွက် ငွေကြေးက အဓိကမကျလို့ အာဂျင်တီးနားအသင်းကို လစာမယူဘဲ နည်းပြလုပ်ပေးချင်တယ်လို့ ပြောပါတယ်။

ပရီးမီးယားလိဂ်မှာ ဒိုင်တွေကို ဆဲရင် အနီကတ်ပြမယ်

ကွင်းအတွင်းက လက်မခံနိုင်လောက်တဲ့ အပြုအမူတွေကို ဖယ်ရှားနိုင်ရေးအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စည်းမျဉ်းသစ်တွေ ထုတ်ပြန်ခဲ့ပြီး အဲဒီစည်းမျဉ်းသစ်တွေက စည်းမျဉ်းတစ်ခုကတော့ ဒိုင်တွေကို ဆဲရေးတာ၊ ရိုင်းရိုင်းစိုင်းစိုင်းပြောတာ၊ ကိုယ်ဟန်အမူအရာနဲ့ ရိုင်းပြတာတွေ လုပ်တဲ့ ကစားသမားကို တိုက်ရိုက်အနီကတ်ပြမယ်လို့ သိရပါတယ်။ အဲဒီစည်းမျဉ်းကို အခုရာသီက စတင်ကျင့်သုံးသွားမှာပါ။

မင်္ဂလာဆောင်လည်း အာဆင်နယ်ဝတ်စုံပဲ

အာဆင်နယ်အသင်းရဲ့ အခုရာသီအိမ်ကွင်းဝတ်စုံသစ် မိတ်ဆက်ပြသတဲ့ အထိမ်းအမှတ်အဖြစ် Puma ကုမ္ပဏီက စီစဉ်တဲ့ We Are THE Arsenal အစီအစဉ်အရ ကမ္ဘာတစ်ဝန်းက မြို့ကြီးတွေမှာ အာဆင်နယ်အသင်းအပေါ် ပရိသတ်တွေ ဘယ်လိုရူးသွပ်တယ်ဆိုတာကို ရုပ်သံရိုက်ကူးခဲ့ပါတယ်။ ဒီလိုရိုက်ကူးရာမှာ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့က ပရိသတ်တစ်ယောက်ကတော့ အာဆင်နယ်အသင်းအင်္ကျီနဲ့ မင်္ဂလာဆောင်ခဲ့တယ်လို့ သိရပါတယ်။

**** ကလာဗန်ကို ခေါ်ယူပြီး ခံစစ်အားဖြည့်တဲ့ လီဗာပူး****

လီဗာပူးအသင်းဟာ အော့စ်ဘတ်အသင်းရဲ့ အက်စ်တိုးနီးယား လက်ရွေးစင် ခံစစ်မှူး ကလာဗန်ကို ပေါင်(၅)သန်းနဲ့ (၃)နှစ်စာချုပ်ချုပ်ဆို ခေါ်ယူခဲ့ပါတယ်။ စကာတယ်ကို ဖီနာဘာချီထံ ရောင်းချခဲ့ပြီး ကိုလိုတိုရေးကို ထွက်ခွာခွင့်ပြုခဲ့ပြီးတဲ့နောက် လီဗာပူးက ခံစစ်အားဖြည့်တဲ့အနေနဲ့ ကလာဗန်ကို ခေါ်ယူခဲ့တာပါ။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top